ဒီပဲယင်းမှာ ဖက်ဆစ်တပ်က တပတ်အတွင်း ရွာငါးရွာက ပြည်သူ(၁၀)ဦးကို သ-တ်ကာ အိမ်ခြေ(၇၀၀)ကျော် မီးရှို့၊ ထောင်ချီတဲ့ ပြည်သူတွေ အိုးမဲ့အိမ်မဲ့ဖြစ်၊

ဒီပဲယင်းမှာ ဖက်ဆစ်တပ်က တပတ်အတွင်း ရွာငါးရွာက ပြည်သူ(၁၀)ဦးကို သ-တ်ကာ အိမ်ခြေ(၇၀၀)ကျော် မီးရှို့၊ ထောင်ချီတဲ့ ပြည်သူတွေ အိုးမဲ့အိမ်မဲ့ဖြစ်၊

MFP ၊ သြဂုတ် - ၂၁

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲ ဖက်ဆစ်တပ်က စီးနင်းဝင်မွှေ လုယက်သောင်းကျန်းပြီး မီးရှို့ဖျက်ဆီးလို့ သြဂုတ်(၂)ရက်ကနေ (၁၀)ရက်အထိ တစ်ပတ်တာအတွင်း ကျေးရွာ ငါးရွာက နေအိမ် အလုံး (၇၀၀)ကျော် မီးလောင်ပြာကျခဲ့ကာ ဒေသခံပြည်သူ ထောင်နှင့်ချီပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ သတင်း ရရှိပါတယ်။

ဖက်ဆစ်တပ်ဟာ ဒီပဲယင်းနယ်ထဲ ရွာစဉ်ပတ်မွှေ လုယက်သောင်းကျန်းပြီး ဒေသခံပြည်သူ (၁၀)ဦးကိုလည်း သ-တ်-ဖြတ် သွားတယ်လို့ ဆိုပါတယ်။ ဖက်ဆစ်တပ်ဟာ သြဂုတ်(၂)ရက်က စတင်ကာ ဒီပဲယင်းနယ် အနောက်ခြမ်းနှင့် အရှေ့ခြမ်းက ရွာတွေထဲ ရဟတ်ယာဉ်တွေနဲ့ အကြိမ်ကြိမ် ပစ်ခတ်စီးနင်းကာ ထင်တိုင်းကျဲ လုယက် သောင်းကျန်းပြီးနောက် ပြည်သူတွေကို သ-တ်ဖြတ်သလို နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားတာလို့ ဒီပဲယင်း ဒေသခံတွေက ပြောပါတယ်။

ဒီပဲယင်းနယ် မူးကမ်းကြီးရွာထဲ သုံးရက်ကြာ ဝင်မွှေသောင်းကျန်း မီးရှို့တဲ့ ဖက်ဆစ်တပ်ဟာ အိမ်ခြေ (၅၀၀)ကျော်ကို ပြာကျအောင် မီးရှို့ခဲ့သလို ဇွန်လအတွင်းက ပထမအကြိမ် မီးရှို့ခံရလို့ တဲထိုးနေတဲ့ အိမ်အလုံး (၅၀)ကျော်ကိုလည်း ထပ်မံပြီး မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောပါတယ်။

“မီးရှို့ဖျက်ဆီးခံရမှုကြောင့် ယခင် မီးဘေးသင့် အိမ်ခြ(၅၀)ခန့်မှ ပြန်လည် တည်ဆောက်ထားသော ယာယီတဲများပါ မီးလောင်ဆုံးရှုံးခဲ့ရသဖြင့် အချို့ပြည်သူများ ကျေးရွာသို့ပင် ပြန်မကပ်နိုင်တော့ပဲ နီးစပ်ရာ ဘုန်းကြီးကျောင်း၊ ဆွေမျိုးများအိမ်တွင် သွားရောက် ခုံလှုံနေကြရသည်ကို စိတ်မကောင်းဖွယ်ရာ ကြားသိခဲ့ရ” လို့ ဒီပဲယင်း စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ဆိုပါတယ်။

ဖက်ဆစ်တပ်ရဲ့ လုယက်သောင်းကျန်း ဖျက်ဆီးတာခံရတဲ့ ဒေသခံပြည်သူတွေဟာ စားဝတ်နေရေး အခက်အခဲသာမက ဒုက္ခမျိုးစုံ ကြုံနေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

သြဂုတ်(၂)ရက်ကနေ (၁၀)ရက်အတွင်း ဒီပဲယင်းနယ်ထဲ ဖက်ဆစ်တပ်က ဝင်မွှေလုယက် မီးရှို့ဖျက်ဆီးသွားတဲ့ အိမ်တွေဟာ ကျည်/ဘုရားထွက်ရွာမှာ နေအိမ်တစ်လုံးနှင့် ဘော်ဒါဆောင် တစ်ဆောင်၊ လျှော်ဖြူကျေးရွာမှာ နေအိမ် နှစ်လုံး၊ ကိုင်းကန်ရွာမှာ နေအိမ် (၁၅၅)လုံး၊ တိုက်ရွာမှာ နေအိမ်နှစ်လုံး၊ မူးကမ်းကြီးကျေးရွာမှာ နေအိမ် (၅၄၂)လုံး ဖြစ်တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ပအဖက ဖော်ပြပါတယ်။ ဒါ့အပြင် ဖက်ဆစ်တပ်က နှိပ်စက် သ-တ်-ဖြတ်သွားတဲ့ ပြည်သူ(၁၀)ဦးဟာ ကိုင်းကန်ရွာက ခုနှစ်ဦး၊ လျှော်ဖြူ၊ လက်လှုပ်(တ)၊နှင့် ညောင်လှရွာက တစ်ဦးစီ ဖြစ်ကြောင်း ဒီပဲယင်း ပအဖ က ဆိုပါတယ်။

ဒီပဲယင်းမြို့နယ် မူးကမ်းကြီးရွာထဲ ဖက်ဆစ်တပ်က သုံးရက်ကြာ ဝင်မွှေလုယက် သောင်းကျန်းကာ နေအိမ်အလုံး (၅၀၀)ကျော် ပြာကျသည်အထိ မီးရှိုကဖျက်ဆီးသွားစဉ်/Video – CJ

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ရွှေဘို #ဒီပဲယင်း #မူးကမ်းကြီး #အိမ် #ရွာ #မီးရှို့