မင်္ဂလာပါခင်ဗျာ
ဩဂုတ် (၁၇)ရက်အတွက် မန္တလေးတိုင်းထဲက သတင်းအချို့ကို ကောက်နုတ်ဖော်ပြပေးပါမယ်။
၁။ မန္တလေး ရတနာပုံတံတား စစ်ကိုင်းဘက်ခြမ်း စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စုနဲ့ ခရီးသည်တင်ကားပေါ် လိုက်ပါလာတဲ့ PDF တွေ ဒီမနက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး PDF ရဲဘော် နှစ်ဦး ကျဆုံးသလို စကစ နှစ်ယောက် သေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ ခရီးသည်တင်ယာဉ်ကို စစ်အုပ်စုက ဝိုင်းညှပ်ပိတ်ဆို့ ပစ်ခတ်တာကြောင့် PDF နှစ်ဦး ကားပေါ်မှာတင် ကျဆုံးခဲ့တာပါ။ ဒါ့အပြင် စစ်အုပ်စုရဲ့ ပစ်ခတ်မှုကြောင့် ကားပေါ်ပါ ခရီးသွားပြည်သူ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးကာ အသက်ကိုးနှစ်အရွယ် ကလေးငယ် အပါအဝင် ခရီးသည်ပြည်သူ ငါးဦးလည်း သေနတ်မှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ ပစ်ခတ်မှုဖြစ်စဉ်မှာ PDF အဖွဲ့ဝင်တွေ သယ်ဆောင်လာတဲ့ လက်နက်တွေ သိမ်းဆည်းရမိတယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။
၂။ မန္တလေးမြို့ပြ ပြောက်ကျားတပ်ဖွဲ့ FEA တပ်ပေါင်းစုအဖွဲ့က ရဲဘော် လေးဦး လက်နက်သွားဝယ်ရင်း မနေ့က စတင်ကာ အဆက်အသွယ်ပြတ် ပျောက်ဆုံးနေပြီး ဖမ်းဆီးခံထားရတယ်လို့ ယူဆရတာကြောင့် ဆက်စပ်သူတွေ ရှောင်တိမ်းကြဖို့ FEA က ထုတ်ပြန်ပါတယ်။ FEA ဆိုတာ နိုင်ငံရေးအကျဉ်းသားများ ကိုယ်စားပြု တိုက်ခိုက်ရေးအဖွဲ့ Freeland Attack Force (FLA) ၊ Anonymous Force Mandalay (AFM)၊ Emerald Grils Army (EGA) သုံးခုပေါင်းပြီး ဖွဲ့စည်းထားတာဖြစ်ပါတယ်။
၃။ ဆီမီအော်တို အူဇီ(Semi Auto UZI)သေနတ်တွေ ထုတ်လုပ်အောင်မြင်ပြီလို့ Amarapura Local PDF က ထုတ်ပြန်ပါတယ်။ တစ်လက်ကို ထုတ်လုပ်စရိတ် ကျပ်(၁၀)သိန်းကျော် ကုန်ကျပြီး ရံပုံငွေ ရရှိမှုအပေါ် မူတည်ကာ မြို့ပြပြောက်ကျား UG တွေကို ဦးစားပေး ဖြန့်ဝေသွားမယ်လို့ ဆိုပါတယ်။
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MFPDailyNews #မန္တလေးသတင်းများ