စစ်အုပ်စုက လေးရက်ဆက် ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့တဲ့ ရင်ပေါင်တိုင်ရွာမှာ ပြည်သူ(၄၀)ခန့် ဖမ်းခံထားရဆဲ ဖြစ်ပြီး လမ်းမပေါ် ပြည်သူတွေရဲ့ အလောင်းတချို့ တွေ့ရဟု ထွက်ပြေးလာသူဆို၊
သြဂုတ်(၁၂)ရက်က စစ်အုပ်စုကို PDF တွေက ဝိုင်းပိတ် တိုက်ခိုက်ရာ စကစတွေလည်း အသေအပျောက် ရှိ၊
MFP ၊ သြဂုတ် - ၁၄
စစ်ကိုင်းတိုင်း ယင်းမာပင်နှင့် ပုလဲမြို့နယ်အစပ်၊ ရင်ပေါင်တိုင်ကျေးရွာကို စစ်အုပ်စုက သြဂုတ်(၁၁)ရက်မှာ ရဟတ်ယာဉ် ငါးစီးနဲ့ ပစ်ခတ်စီးနင်းခဲ့ရာ PDF ရဲဘော်နှင့် ဒေသခံ ပြည်သူတချို့ သေဆုံးခဲ့ပြီး PDF တွေရဲ့ လက်နက် ခဲယမ်းတွေလည်း စစ်အုပ်စုက သိမ်းဆည်း ရရှိသွားပါတယ်။
စစ်အုပ်စုဟာ ဒီနေ့ သြဂုတ်(၁၄)ရက် မနက်ပိုင်းအထိ ရင်ပေါင်တိုင်ရွာနဲ့ အနီးဝန်းကျင်ရွာတွေကို လေးရက်ဆက် ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်နေဆဲပါ။ ရင်ပေါင်တိုင်ရွာထဲမှာ လက်ရှိအချိန်ထိ လူငယ်တွေ အပါအဝင် ဒေသခံပြည်သူ (၄၀)ခန့် ဖမ်းဆီးထားရပြီး ထွက်ပြေး လွတ်မြောက်လာသူ တစ်ဦးရဲ့ ပြောဆိုချက်အရ ရွာထဲ လမ်းမတွေပေါ်မှာ သေဆုံးနေတဲ့ ပြည်သူတချို့ရဲ့ အလောင်းတွေ တွေ့ရတယ်လို့ ဆိုပါတယ်။
ရင်ပေါင်တိုင်ရွာထဲ စီးနင်းထားတဲ့ စစ်အုပ်စုကို သြဂုတ်(၁၂)ရက်က ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ ရွာထဲအထိ ဝင်ရောက် တိုက်ခိုက်ခဲ့ရာမှာ စကစတွေဘက်ကလည်း အသေအပျောက် ရှိတယ်လို့ ဆိုပါတယ်။
ချင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ရဲဘော်တချို့ ဩဂုတ်(၁၁)ရက်က ယင်းမာပင်နယ် ရင်ပေါင်တိုင်ရွာထဲ ရောက်ရှိနေချိန် ဒလန်သတင်းပေးကြောင့် စစ်အုပ်စုက ရဟတ်ယာဉ်ငါးစီးနဲ့ အဲဒီ ရဲဘော်တွေရှိနေတဲ့ အဆောက်အအုံ အတိအကျကို ပစ်ခတ်ခဲ့တာလို့ ကိုယ်တိုင် ရင်ဆိုင်ခဲ့ရတဲ့ ရိုးမဖိုက်တာ တပ်ဖွဲက ရဲဘော် ကိုဖီးနစ်က MFP ကို ပြောပါတယ်။
လက်ရှိမှာတော့ စစ်အုပ်စုက ရင်ပေါင်တိုင်ရွာထဲ ဆက်လက် စီးနင်းထားတဲ့အပြင် အနီးဝန်းကျင် ပုလဲနယ်ထဲက ကျေးရွာတွေကိုပါ ရဟတ်ယာဉ်နဲ့ ပစ်ခတ်ပြီး စီးနင်းကာ အင်အား ခွဲချထားတယ်လို့ ဆိုပါတယ်။
ရင်ပေါင်တိုင်ရွာကို စစ်အုပ်စုက ရဟတ်ယာဉ်နဲ့ စီးနင်းပစ်ခတ်မှု၊ ဒေသခံတွေ ဖမ်ဆီးခံရမှု၊ သတ်ဖြတ်ခံရမှုနဲ့ ပုလဲ -ယင်းမာပင်နယ်စပ် တိုက်ပွဲဖြစ်ပွားမှု စတဲ့ ဒီကနေ့အထိ နောက်ဆုံး အခြေအနေတွေကို MFP က ရဲ ဘော်ကိုဖီးနစ်ကို ဆက်သွယ် မေးမြန်းထားပါတယ်။
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ယင်းမာပင် #ပုလဲ #ပြည်သူ #ရင်ပေါင်တိုင် #ရွာ #PDF #ရိုးမဖိုက်တာ