မန္တလေးမှာ ငါးရက်အတွင်း CDM ကျန်းမာရေး ဝန်ထမ်း (၃၀)ကျော် ဖမ်းဆီးခံရ၊ ဆေးကုပေးမှု၊ PDF ထောက်ပံ့မှု စွပ်စွဲချက်နဲ့ စစ်အုပ်စုက ပိုက်စိပ်တိုက် ဖမ်းနေ၊

မန္တလေးမှာ ငါးရက်အတွင်း CDM ကျန်းမာရေး ဝန်ထမ်း (၃၀)ကျော် ဖမ်းဆီးခံရ၊ ဆေးကုပေးမှု၊ PDF ထောက်ပံ့မှု စွပ်စွဲချက်နဲ့ စစ်အုပ်စုက ပိုက်စိပ်တိုက် ဖမ်းနေ၊

MFP ၊ နိုဝင်ဘာ - ၃

မန္တလေးမြို့မှာ အောက်တိုဘာ(၂၉)ရက်ကနေ နိုဝင်ဘာ(၂)ရက်အထိ ငါးရက်အတွင်း မန္တလေး ဆေးတက္ကသိုလ် ကထိက နှင့် အထူးကုဆရာဝန်ကြီးတွေ အပါအဝင် CDM ဆရာဝန်၊ သူနာပြုစတဲ့ ကျန်းမာရေး ဝန်ထမ်း စုစုပေါင်း (၃၀)ကျော် ဖမ်းဆီးခံရတယ်လို့ နီးစပ်သူ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

အောက်တိုဘာ(၂၇)ရက်က စစ်ကိုင်းနှင့် မကွေးတိုင်းအစပ်၊ ပုလဲ - ဂန့်ဂေါလမ်းမှာ စစ်အုပ်စုက ခြောက်ဘီးကားတစ်စီးကို ဖမ်းဆီးငွေညှစ်ရာကနေ ကားပေါ်မှာ မေ့ဆေးစက်နဲ့ ဆေးဝါးတွေ တွေ့ရှိပြီးနောက် PDF တွေကို ဆေးဝါးထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မန္တလေးက CDM ကျန်းမာရေးဝန်ထမ်းတွေကို ပိုက်စိပ်တိုက် လိုက်လံ ဖမ်းဆီးနေတာလို့ ဆိုပါတယ်။

အောက်တိုဘာ(၂၉)ရက်မှာ မန္တလေး ဆေးတက္ကသိုလ် ခွဲစိတ်ဌာန ကထိက၊ CDM ဆရာဝန် အပါအဝင် CDM ကျန်းမာရေးဝန်ထမ်း ငါးဦးကို စစ်အုပ်စုက ဖမ်းဆီးခဲ့ပြီးနောက် နောက်ဆက်တွဲအဖြစ် အောက်တိုဘာ(၃၀)နှင့် (၃၁)ရက်တွေမှာ မန္တလေးမြို့က အထူးကုဆရာဝန်ကြီး လေးဦးကို ထပ်မံ ဖမ်းဆီးခဲ့ကြောင်း၊ အဲ့ဒီကတဆင့် နောက်ထပ် ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်း (၂၀)ကျော် ထပ်ဖမ်းတယ်လို့ သတင်းကြားရကြောင်း နီးစပ်သူတွေက ပြောပါတယ်။

စစ်အာဏာ သိမ်းပြီးနောက်ပိုင်း စစ်အုပ်စုဟာ နိုင်ငံတဝန်းက ကျန်းမာရေး ဝန်ထမ်းတွေကို ဖမ်းဆီး ညှဉ်းပန်း သတ်ဖြတ်နေပြီး ၂၀၂၁ ဖေဖေါ်ဝါရီကနေ ၂၀၂၂ အောက်တိုဘာအထိ စစ်အုပ်စုရဲ့ နှိပ်စက်သတ်ဖြတ်မှုကြောင့် ကျန်းမာရေးလုပ်သား (၅၈)ဦး သေဆုံးခဲ့ကာ (၇၀၀) ကျော် ဖမ်းဆီးနှိပ်စက်ညှဉ်းပန်း ခံရကြောင်းနှင့် စစ်အုပ်စုက ဆေးရုံဆေးခန်း (၅၀)ကျော်နဲ့ လူနာတင်ယာဉ် (၄၀)ကျော်ကို တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ - NUG ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #CDM #ကျန်းမာရေးဝန်ထမ်း #ဆရာဝန် #သူနာပြု