စစ်ကိုင်း - မုံရွာလမ်းမှာ စစ်အုပ်စုရဲ့ ကွန်တိန်နာကားတွေကို နှစ်ကြိမ်ဆက် မိုင်းဆွဲ၊

စစ်ကိုင်း - မုံရွာလမ်းမှာ စစ်အုပ်စုရဲ့ ကွန်တိန်နာကားတွေကို နှစ်ကြိမ်ဆက် မိုင်းဆွဲ၊

MFP ၊ သြဂုတ် - ၂၈

စစ်ကိုင်း - မုံရွာလမ်း၊ မြင်းမူနယ်ထဲမှာ ဒီနေ့ နေ့လည်ပိုင်းက စစ်အုပ်စုရဲ့ ထောက်ပို့ ကွန်တိန်နာကား ခုနှစ်စီးကို နှစ်ကြိမ်ဆက် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး အထိအခိုက် အသေအပျောက် ရှိနိုင်တယ်လို့ Moe Nyo Revolution Force M.N.R.F က သတင်း ထုတ်ပြန်ပါတယ်။

မုံရွာကနေ စစ်ကိုင်းဘက် မောင်းနှင်လာတဲ့ စစ်အုပ်စုရဲ့ ထောက်ပို့ ကွန်တိန်နာကား ခုနှစ်စီးကို ဒီနေ့ သြဂုတ်(၂၈)ရက် နေ့လည်ပိုင်းမှာ နှစ်ကြိမ်ဆက် မိုင်းဆွဲခဲ့တာလို့ ဆိုပါတယ်။

“စစ်ဆင်ရေး(၁) ယနေ့ နေ့လည်(၁၂)နာရီ (၅၀)မိနစ်အချိန် မြင်းမူမြို့နယ် ထီးဆောင်းနှင့် ကန်ဖျားဇရပ်ကြားတွင် အညာအုန်းသီး (၁၀)လုံးဖြင့် နှစ်စီးမြောက်နှင့် သုံးစီးမြောက်အား ဧည့်ခံခဲ့ပါသည်။ စစ်ဆင်ရေး(၂) ယနေ့ နေ့လည် (၁)နာရီအချိန် ကန်ဖျားဇရပ်နှင့် နပဲကြူးဇရပ်ကြားတွင် အညာအုန်းသီး ငါးလုံးဖြင့် လေးစီးမြောက်အား ဧည့်ခံ ကျွေးမွေးခဲ့ပါသည်။ အထက်ပါစစ်ဆင်ရေး နှစ်ခုတွင် ခွေးထောက်ပို့ကား မောင်းသူများ အများအပြား ဒဏ်ရာရရှိနိုင်ပြီး ဆက်လက်စုံစမ်းဆဲ ဖြစ်ပါသည်” လို့ MNRF က ဖော်ပြပါတယ်။

အဲ့ဒီ စစ်ဆင်ရေးကို Moe Nyo Revolution Force M.N.R.F၊ PENTAGRAM - ငါးထောင့်ကြယ်၊ People’s Guerillas Commando – Myinmu နှင့် PEOPLE REVOLUTION FORCE P.R.F တို့ ညီနောင်လေးဖွဲ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ အထိခိုက်မရှိဘဲ စစ်ဆင်ရေး အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #ကား #မိုင်း #MNRF #မြင်းမူ