MFP ရဲ့ စက်တင်ဘာ(၂၂)ရက် မန္တလေး သတင်းများ

MFP ရဲ့ စက်တင်ဘာ(၂၂)ရက် မန္တလေး သတင်းများ

မင်္ဂလာပါခင်ဗျာ။ စက်တင်ဘာ(၂၂)ရက်အတွက် မန္တလေးတိုင်းထဲက သတင်းအချို့ကို ကောက်နုတ် ဖော်ပြပေးပါမယ်။

၁။ ထောင်လွတ်ရက် နီးလာပြီဖြစ်တဲ့ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို အာဏာသိမ်း စစ်အုပ်စုက အဂတိ လိုက်စားမှု ဥပဒေနဲ့ ထပ်တိုး တရားစွဲလိုက်တယ်လို့ နီးစပ်သူတွေက MFP ကို ပြောပါတယ်။ ၂၀၂၁ ဖေဖေါ်ဝါရီ ကတည်းက ဖမ်းဆီးခံထားရပြီး ထောင် နှစ်နှစ် ချမှတ်ခံရထားရတဲ့ အသက်(၇၁)နှစ်အရွယ် ဒေါက်တာ ရဲလွင်ကို ရက်ပြည့်လို့ ထောင်က လွတ်ခါနီးမှာ စစ်အုပ်စုက အခုလို အမှုအသစ်နဲ့ ထပ်မံ တရားစွဲတာ ဖြစ်ပါတယ်။

၂။ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာအိမ်ယာက တိုက်ခန်းတစ်ခန်းမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေပြီး ပုပ်ပွနေတဲ့ အသက်(၃၈)နှစ်အရွယ် မသူဇာအောင် ဟာ ခင်ပွန်းသည် အသက်(၂၄)နှစ်အရွယ် ကိုသန်းထိုက် ဆိုသူနှင့် အတူနေထိုင်တာ ဖြစ်ပြီး ခင်ပွန်းဖြစ်သူ အလုပ်သွားနေချိန် အသတ်ခံရတာ ဖြစ်နိုင်တယ်လို့ စစ်ကောင်စီ သစ္စာခံ ရဲတွေက သတင်းဖြန့်ပါတယ်။ အဲ့ဒီ ဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်အုပ်စုက အောင်ပင်လယ် ရဲစခန်းမှာ အမှုဖွင့်ထားပေမယ့် တရားခံကို မိအောင် မဖမ်းနိုင်သေးပါဘူး။

၃။ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် စက်မှုပန်းခြံထိပ်မှာ မနေ့က နေ့လယ်ပိုင်း စစ်အုပ်စု (၁၅)ယောက်ပါတဲ့ ကားကို ပဒေသာမိုင်း နှစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စကစ ခုနှစ်ယောက် ထိတယ်လို့ မန္တလေးမြို့ပြ ပြောက်ကျားတပ်ဖွဲ့ - Generation Z Power - GZP Mandalay က သတင်း ထုတ်ပြန်ပါတယ်။ မိုင်းဖောက်ခွဲ တိုက်ခိုက်ခံခဲ့ရပေမယ့် ထိခိုက်မှု မရှိဘူးလို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MFPDailyNews #မန္တလေးသတင်းများ