MFP ရဲ့ အောက်တိုဘာ(၄)ရက် မန္တလေး သတင်းများ

MFP ရဲ့ အောက်တိုဘာ(၄)ရက် မန္တလေး သတင်းများ

မင်္ဂလာပါခင်ဗျာ။ မန္တလေးတိုင်းထဲက သတင်းအချို့ကို ကောက်နုတ်ဖော်ပြပေးပါမယ်။

၁။ မန္တလေးတိုင်း နွားထိုးကြီး၊ ညောင်ဦးနဲ့ တောင်သာနယ်က NLD ပါတီဝင် ဒေသခံပြည်သူ (၁၀) ဦးကို စစ်အုပ်စုက ဖမ်းဆီး သတ်-ဖြတ်ကာ အလောင်းတွေ လမ်းဘေး စွန့်ပစ်ခဲ့ပါတယ်။ အောက်တိုဘာ(၂)ရက် ညပိုင်းနှင့် အောက်တိုဘာ(၃)ရက်မှာ နွားထိုးကြီးမြို့နယ်က ဒေသခံ (၅) ဦး၊ ညောင်ဦးမြို့နယ်က ဒေသခံ (၄) ဦးနဲ့ တောင်သာမြို့နယ်က ဒေသခံ (၁)ဦးကို စစ်အုပ်စုက ဖမ်းဆီးသတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ လမ်းဘေးစွန့်ပစ်ထားတဲ့ အလောင်းတွေမှာ သွေးသောက်အဖွဲ့ဆိုတဲ့ လည်ဆွဲတွေ စွပ်ထားပါတယ်။

၂။ မန္တလေးမြို့အနီး၊ ကျောက်ဆည်နဲ့ စဉ့်ကိုင်ကြားမှာ လျှပ်စစ်မီတာခတွေ ဘဏ်သွားသွင်းမယ့် စကစ လေးယောက် လိုက်ပါလာတဲ့ ကားကို ကြားဖြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပုလိပ်စခန်းမှူး ဇော်ဝင်းနဲ့ ဗိုလ်မှူး ဇော်ဇော်နိုင် ဆိုသူတို့ သေပြီး ပုလိပ် လျှပ်စစ်ရုံး(EPC) မန်နေဂျာ ဇွဲညီညီဝင်းနဲ့ စကစ တစ်ယောက် ဒဏ်ရာရတယ်လို့ မြစ်ငယ် MN PDF မြို့ပြ ပြောက်ကျားအထူးတပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

MN PDF မြို့ပြပြောက်ကျားအထူးတပ်၊ Truth Keeping Foce – Amarapura နဲ့ ဇာမဏီ ပြောက်ကျားတပ်ဖွဲ့တို့ မဟာမိတ် သုံးဖွဲ့ ပူးပေါင်းကာ ပုလိပ်မြို့က စစ်ကောင်စီ သစ္စာခံ လျှပ်စစ် (EPC) ဝန်ထမ်းနဲ့ စကစတွေ လိုက်ပါလာတဲ့ ကားကို တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး မြို့ပြပြောက်ကျား ရဲဘော်တွေ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်ခံရပြီးချိန် စစ်အုပ်စုက ဒေသခံ ပြည်သူ (၂၀)ကျော်ကို ဖမ်းဆီးထားပြီး နောက်ဆက်တွဲ အခြေအနေတွေကိုတော့ မသိရသေးပါဘူး။

၃။ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ကြာညှပ်တိုက်နယ်နဲ့ တကောင်းမြို့ကြား တောတောင်ယာခင်းတွေမှာ နေထိုင်သူတွေကို နယ်မြေရှင်းလင်းရေး လုပ်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်အုပ်စုက နှင်ထုတ်နေပါတယ်။

၄။ မန္တလေးတိုင်း မတ္တရာမြို့နယ်၊ ဧရာဝတီမြစ်ဘေးက ကျေးရွာတွေထဲ မနေ့က နေ့လည်ပိုင်း စစ်အုပ်စုက ကားခြောက်စီးနဲ့ ရောက်လာပြီး လက်နက်ကြီးနဲ့ထုကာ စီးနင်းဝင်မွှေ ဓားပြတိုက် လုယက် သောင်းကျန်းနေလို့ ဟင်္သာရွာသစ်၊ ဟင်္သာကုန်း၊ ရှင်လှ စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေ ထွက်ပြေးနေရပါတယ်။

၅။ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်ထဲက ရပ်ကွက်နဲ့ ကျေးရွာ အများအပြား လျှပ်စစ်မီးတွေ ဖြတ်တောက် ခံထားရလို့ ပြည်သူတွေ ထမင်းဟင်း ချက်ပြုတ်ဖို့ကအစ အခက်အခဲ ဖြစ်နေပါတယ်။

လက်ရှိမှာ ပုသိမ်ကြီးမြို့နယ် မြောက်ပိုင်းက ကျေးရွာတွေ အပါအဝင် ပုသိမ်ကြီးနဲ့ မန္တလေးမြို့ကြားက ကွေ့ကြီးကုန်း၊ ကုန်းတန်း၊ သန့်စင်ကုန်း၊ သလဲကုန်း၊ ကုလားကြီးခြံ စတဲ့ ကျေးရွာတွေကို လွန်ခဲ့တဲ့ တစ်ပတ်ကျော်ကတည်းက လျှပ်စစ်မီး ဖြတ်တောက်ထားတာကြောင့် ချက်ပြုတ်ရေး၊ ရေသုံးစွဲရေးနဲ့ လျှပ်စစ်မီးကို အဓိက သုံးစွဲနေရတဲ့ လုပ်ငန်းတွေ အခက်အခဲ ဖြစ်နေသလို ကျန်းမာရေးအတွက် လျှပ်စစ်မီး သုံးစွဲနေရသူတွေ အတွက်လည်း အခက်အခဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MFPDailyNews #မန္တလေးသတင်းများ