အညာ စစ်ဘေးသင့် ပြည်သူတချို့ တောင်းရမ်း စားသောက်နေရ၊

အညာ စစ်ဘေးသင့် ပြည်သူတချို့ တောင်းရမ်း စားသောက်နေရ၊

MFP ၊ သြဂုတ် - ၅

စစ်အုပ်စုက အရင်လို တစ်ရွာတည်းကွက်ပြီး မီးရှို့တာမဟုတ်ဘဲ တနယ်လုံးကို လုယက် ဓားပြတိုက် မီးရှို့ ဖျက်ဆီးချိန်မှာတော့ မစာဥတို့လို ဒေသခံ ပြည်သူတချို့ အတွက် အရပ်တကာလှည့် တောင်းရမ်း စားသောက်ရုံက လွဲပြီး တခြားရွေးချယ်စရာ နည်းလမ်း မရှိတော့ပါဘူး။

ယခင်က ရွာတစ်ရွာ မီးရှို့ခံရလျှင် နီးစပ်ရာ ဘုန်းကြီးကျောင်းတွေ၊ တခြားရွာက ဆွေမျိုးမိတ်ဆွေ တွေဆီ သွားရောက်ခိုလှုံပြီး ယာယီအားဖြင့် စားသောက်နေထိုင်ရေး အဆင်ပြေခဲ့ပေမယ့် အခုချိန်မှာတော့ တနယ်လုံး မီးရှို့ခံရပြီး “တောင်မင်းကို မြောက်မင်း မကယ်နိုင်” အခြေအနေတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ကူညီထောက်ပံ့မှု မရှိ၊ အလုပ်လုပ်နိုင်ပေမယ့် အလုပ်ပေးမယ့်သူ မရှိတဲ့ အခြေအနေမှာ တောင်းမစားရင် ထမင်းငတ်မှာမို့ အရှက်သိက္ခာကို ရင်းပြီး အလှူခံ စားသောက် နေရတာလို့ မစာဥတို့က ဆိုပါတယ်။

စစ်အာဏာသိမ်းပြီး တစ်နှစ်ခွဲအတွင်း စစ်အုပ်စုရဲ့ ရွာစဉ်ပတ်မွှေ လုယက်ဓားပြတိုက် သောင်းကျန်းမှု၊ မီးရှို့ဖျက်ဆီးမှုတွေ အပါအဝင် လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နိုင်ငံတဝန်း စစ်ပြေးပြည်သူ (၁၂)သိန်းကျော် ရှိနေပါတယ်။ အဲ့ဒီအထဲက စစ်ပြေးပြည်သူ ရှစ်သိန်းကျော်ဟာ စစ်အာဏာသိမ်းပြီးနောက်မှ ထပ်တိုးလာတာလို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ် ညှိနိူင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်းမှာ လူဦးရေ နှစ်သိန်းခြောက်သောင်းကျော် စစ်ပြေးနေရပြီး အဲ့ဒီအထဲက မစာဥတို့ အပါအဝင် သောင်းချီတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံထားရပါတယ်။ မစာဥတို့လို စစ်ကိုင်းတိုင်းထဲက စစ်ပြေးပြည်သူတွေအတွက် ပြည်တွင်းပြည်ပ မည်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကမှ ထိရောက်တဲ့ ပံ့ပိုးကူညီမှု မရှိပါဘူး။

စစ်အုပ်စုက ရွာလုံးကျွတ်၊ နယ်လုံးကျွတ် နေအိမ်နှင့် ပိုင်ဆိုင်သမျှပစ္စည်းတွေ လုယက် မီးရှို့ ဖျက်ဆီးသွားချိန် စားဝတ်နေရေးအတွက် အလှူခံ တောင်းရမ်း စားသောက်နေရတဲ့ စစ်ဘေးသင့် ပြည်သူတချို့အကြောင်း MFP က တင်ဆက် ထားပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #စစ်ဘေးသင့် #ပြည်သူ #အိမ် #ရွာ #မီးရှို့