MFP Daily News - စက်တင်ဘာ(၅)ရက် မန္တလေး သတင်းများ

MFP Daily News - စက်တင်ဘာ(၅)ရက် မန္တလေး သတင်းများ

မင်္ဂလာပါခင်ဗျာ။ စက်တင်ဘာ(၅)ရက်အတွက် မန္တလေးတိုင်းထဲက သတင်းအချို့ကို ကောက်နုတ် ဖော်ပြပေးပါမယ်။

၁။စစ်ကိုင်းမြို့ပေါ်နှင့် ခိုတောင်ရွာက လက်ဘက်ရည်ဆိုင်တွေကို စစ်အုပ်စုက အရပ်ဝတ်တွေ၊ အိမ်စီးကားတွေနဲ့ သေနတ်ပစ်ဖောက် ဝင်ရောက်စီးနင်းပြီးနောက် လူငယ် ရှစ်ဦးကို ဖမ်းဆီးခဲ့ကာ မန္တလေးက Mandalar Pintagon Combad (MPC) အဖွဲ့ဝင် လေးဦး ဖမ်းမိခဲ့တယ်လို့ သတင်းဖြန့်ပါတယ်။ စက်တင်ဘာ(၃)ရက်နှင့် (၄)ရက် မနက်ပိုင်းက စစ်ကိုင်းမြို့ နန်းဦးမြို့သစ်ရပ်ကွက်က လက်ဘက်ရည်ဆိုင် တစ်ဆိုင်နှင့် စစ်ကိုင်း - မင်းကွန်း ကားလမ်း၊ ခိုတောင်ရွာက လက်ဘက်ရည်ဆိုင်ကို စစ်အုပ်စုက စီးနင်း ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

၂။ မြစ်သားမြို့နယ် ကူမဲမြို့ တလိုင်းကုန်းရပ်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သန့်ဇင် ဆိုသူကို ဒီမနက်ပိုင်းမှာ နေအိမ်ထဲအထိ ဝင်ရောက်ပြီး ပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ Urban Guerrilla Force KuMe - UGF-KuMe က သတင်း ထုတ်ပြန်ပါတယ်။ အသက် (၄၀)အရွယ် အုပ်ချုပ်ရေးမှူး သန့်ဇင် ဟာ ပြီးခဲ့တဲ့ လပိုင်းက ပထမအကြိမ်အဖြစ် ကူမဲ စခန်းမှူးနှင့်အတူ လက်ဘက်ရည်ဆိုင်ထဲ ရှိနေချိန် ပစ်ခတ် ခံရပေမယ့် အသက် မသေဘဲ ယနေ့မှာ ဒုတိယအကြိမ် ပစ်ခတ်ခံရတာလို့ ဆိုပါတယ်။ အဲဒီပစ်ခတ်မှုကို Urben Gurrilla Force Kume နဲ့ မဟာမိတ် KyaukSe District Defense Force (KDDF) တို့ ပူးပေါင်းပြီး ပစ်ခတ် ရှင်းလင်းခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

၃။ အာဏာသိမ်း စစ်အုပ်စုက တစ်ကျပ်သား ရွှေဒင်္ဂါးပြားတွေကို ကျပ်(၂၉)သိန်းခွဲဈေးနဲ့ ရောင်းချနေပြီး အဲဒီ ဈေးဟာ အပြင်ဈေးကွက် ပေါက်ဈေးထက် ပိုများသလို ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA)က ထုတ်ပြန်ထားတဲ့ ရည်ညွှန်းဈေးထက်လည်း ရွှေတစ်ကျပ်သား ကျပ်(၁၀)သိန်းနီးပါး ဈေးပိုများတယ်လို့ ကုန်သည်တချို့က ပြောပါတယ်။ စစ်အုပ်စုက တစ်ကျပ်သားရွှေဒင်္ဂါးပြား တစ်ပြားကို ကျပ် (၂၉) သိန်း ခွဲ၊ ရွှေထည့်ဖို့ ပိတောက်သားဘူး တစ်ဘူးကို ကျပ် လေးသောင်းနှုန်းနဲ့ ရောင်းနေတာလို့ ရွှေဝယ်ယူခဲ့သူ တစ်ဦးက ပြောပါတယ်။ ရွှေဝယ်လိုအားများပြီး ဈေးနှုန်းမြင့်တက်နေတာကို ထိန်းချုပ်နိုင်ဖို့ စစ်အုပ်စုက တစ်ကျပ်သား၊ ငါးမူးသားနဲ့ တစ်မတ်သား အလေးချိန်ရှိတဲ့ ရွှေဒင်္ဂါးပြားတွေကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့က မြန်မာ့ကျောက်မျက်ရတနာ အရောင်းပြခန်းတွေမှာ လွတ်လွတ်လပ်လပ် ရောင်းချပေးမယ်လို့ စက်တင်ဘာ(၁) ရက်မှာ ကြေညာခဲ့ပြီး ဒီနေ့ နေပြည်တော်မှာ စတင် ရောင်းချတာ ဖြစ်ပါတယ်။

၄။ အမရပူရမြို့နယ် ဆင်စွယ်ပွတ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို စက်တင်ဘာ(၄)ရက် မွန်းလွဲပိုင်းက ဗုံးထု တိုက်ခိုက်ခဲ့တယ်လို့ Truth Keeping Force - Amarapura အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MFPDailyNews #မန္တလေးသတင်းများ