။မင်္ဂလာပါခင်ဗျာ။ ဩဂုတ်(၈)ရက်အတွက် မန္တလေးတိုင်းထဲက သတင်းအချို့ကို ကောက်နုတ်ဖော်ပြပေးပါမယ်။
၁။ အကြမ်းဖက် စစ်အုပ်စုရဲ့လက်နက်နှင့် ရိက္ခာတင် သင်္ဘောတွေ ဒီမနက် မန္တလေး ဂေါဝိန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်သွားပြီမို့ မြစ်ကမ်းတလျှောက်က ပြည်သူတွေ သတိထားကြဖို့ ဒေသခံတွေက အချင်းချင်း သတိပေးနေကြပါတယ်။ စစ်အုပ်စုဟာ သူတို့ရဲ့ ရိက္ခာပို့စနစ်ကို ကုန်းကြောင်းက မသွားနိုင်တဲ့အတွက် ရေကြောင်းက ပြောင်းလဲပို့ဆောင်နေတာဖြစ်ပြီး မြစ်ကြောင်းတလျှောက် ဆန်တက်ရာမှာ မတ္တရာနယ်က စတင်ပြီး ကချင်ပြည်နယ်အထိ မြစ်ကမ်းဘေးရွာတွေကို ဝင်မွှေလုယက် ဓားပြတိုက် သောင်းကျန်းလေ့ ရှိတာကြောင့် မြစ်ကမ်းဘေးနေသူတွေကို သတိပေးတာ ဖြစ်ပါတယ်။
၂။ မန္တလေးက ပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Mandalay Black King Scorpion(MBKS) တပ်ဖွဲ့ဝင်တွေ နေထိုင်တဲ့အိမ် မနေ့ညပိုင်းက စစ်အုပ်စုရဲ့ စီးနင်းတာခံရပြီး ရဲဘော်တစ်ဦးနှင့် လက်နက်ခဲယမ်းတချို့ ဖမ်းဆီးခံရတာကြောင့် ဆက်စပ်သူတွေ အမြန်ဆုံးရှောင်ကြဖို့ အသိပေးထားပါတယ်။ MBKS ဟာ မန္တလေး တော်လှန်ရေးမြို့ပြ တပ်ပေါင်းစုရဲ့ အဖွဲ့ဝင်တပ်ဖွဲ့ တစ်ခုဖြစ်ပါတယ်။
၃။ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်က နေအိမ်တစ်လုံးမှာ အိပ်ခန်းထဲ ဆေးခြောက်ပင်တွေကို မီးအလင်းရောင်အသုံးပြုပြီး စိုက်ပျိုးထားတဲ့ မူးယစ်ဆေးရောင်းနေသူကို ဒီနေ့ ဖမ်းမိတယ်လို့ စစ်အုပ်စုက သတင်း ထုတ်ပြန်ပါတယ်။
၄။ မန္တလေးတိုင်း မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်ကြား၊ ပုသိမ်ကြီးမြို့နယ် ဒဟတ်တောရွာအနီးက ဖယောင်းတောင်ကြောမှာ PDF တွေရှိတယ်ဆိုပြီး စစ်အုပ်စုက ဒီနေ့ အင်အားသုံး တောနင်း ရှာဖွေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်အုပ်စုဟာ အမျိုးသမီးငယ်တစ်ဦးကို ဓားစာခံလမ်းပြအဖြစ် ဖမ်းခေါ်လာပြီး တောနင်းနေတာလို့ ဆိုပါတယ်။
၅။ မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ် ပလိပ်စက္ကူစက်ရုံက CDM ဝန်ထမ်းတွေကို စစ်အုပ်စုက ဖမ်းဆီးခဲ့ရာမှာ သတင်းပေးခဲ့တာမျိုး မရှိဘူးလို့ စက်ရုံမှူးရဲ့ မိသားစုတွေက MFP ကို ပြောပါတယ်။ စက်ရုံ ဝန်ထမ်းအိမ်ယာထဲမှာ CDM ဝန်ထမ်း (၇၅)ဦး ရှိတဲ့အနက် ဇူလိုင်(၃၀)ရက်က CDM ဝန်ထမ်း အမျိုးသား (၁၃)ဦးနဲ့ အမျိုးသမီး (၁၁)ဦးတို့ကို စစ်အုပ်စုက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဒီလိုဖမ်းဆီးခံရတာဟာ စက်ရုံမှူးက သတင်းပေးလို့ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် လာဖမ်းတဲ့မနက် စက်ရုံဂိတ်မှာ ထိုင်နေတုန်း စစ်အုပ်စုဟာ ကားတွေနဲ့ ရောက်လာပြီး စက်ရုံမှူးကို မေးမြန်းခေါ်ယူကာ ပူးပေါင်းပါဝင်ခဲ့ရတာလို့ ရှင်းပြပါတယ်။
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MFPDailyNews #မန္တလေးသတင်းများ