MFP ၊ ဩဂုတ် - ၂၆
စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်၊ ကန့်ဘလူမြို့နယ်နှင့် ကောလင်းမြို့နယ်ထဲက ရွာတွေကို ဖက်ဆစ်တပ်က ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေ အသုံးပြုပြီး ဗုံးကြဲ ပစ်ခတ် တိုက်ခိုက်တာကြောင့် ဒေသခံပြည်သူတချို့ သေဆုံးပြီး ကျေးရွာ (၂၀)လောက်က ပြည်သူတွေ စစ်ပြေးနေရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဖက်ဆစ်တပ်က ရဟတ်ယာဉ်နဲ့ ဗုံးကြဲတာကြောင့် ကျွန်းလှမြို့နယ် အနောက်ခြမ်းက တည်ပင်ဆိပ်ရွာမှာ ဒေသခံပြည်သူ နှစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက် ဒဏ်ရာ ရရှိတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
လက်ရှိမှာ ဖက်ဆစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲရုံသာမက မြေပြင်ကလည်း ထိုးစစ်ဆင် ရန်ပြုသောင်းကျန်းနေလို့ ကျွန်းလှမြို့နယ် အနောက်ခြမ်းက ကျေးရွာတွေ အားလုံးနီးပါး အပါအဝင် ကျွန်းလှ၊ ကောလင်းနဲ့ ကန့်ဘလူ စတဲ့ သုံးမြို့နယ်အစပ်က ကျေးရွာ(၂၀)ဝန်းက ပြည်သူတွေ ရွာမှာ မနေရဲတော့ဘဲ တောတောင်ထဲ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ကျွန်းလှနယ်ထဲ ရွာစဉ်ပတ်မွှေ မီးရှို့လုယက်နေတဲ့ ဖက်ဆစ်တပ်ကို ဒေသကာကွယ်ရေး တပ်တွေက တိုက်ခိုက်ခဲ့ရာမှာ ဖက်ဆစ်တပ်သား (၃၀)ကျော် သေပြီးနောက် အခုလို ဖက်ဆစ်တပ်က ရွာတွေကို ဗုံးကြဲပြီး ပြည်သူတွေကို ရန်ပြုသောင်းကျန်းနေတာလို့ ဆိုပါတယ်။
ကျွန်းလှနယ်ထဲ လတ်တလော အခြေအနေတွေနှင့် ပတ်သက်ပြီး ဒေသခံပြည်သူ တစ်ဦးကို MFP က ဆက်သွယ်မေးမြန်း ထားပါတယ်။
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကန့်ဘလူ #ကျွန်းလှ #ကောလင်း #ပြည်သူ #စစ်ပြေး #လေယာဉ် #ဗုံးကြဲ