MFP ရဲ့ ဩဂုတ်(၂၃)ရက် မန္တလေး သတင်းများ

MFP ရဲ့ ဩဂုတ်(၂၃)ရက် မန္တလေး သတင်းများ

ဩဂုတ်(၂၃)ရက်အတွက် မန္တလေးတိုင်းထဲက သတင်းအချို့ကို ကောက်နုတ်ဖော်ပြပေးပါမယ်။

၁။ မန္တလေးမြို့မှာ စစ်အုပ်စု လက်အောက်ခံ ရဲတစ်ယောက်ကို ပစ်ခတ်ရှင်းလင်းဖို့ ကြိုးစားရာကနေ လူမှားပြီး ပစ်ခတ်မိလို့ အသက်(၄၀)ဝန်းကျင် ဇနီးမောင်နှံ သေဆုံးခဲ့ပါတယ်။ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ လမ်း(၃၀)နှင့် (၅၇)လမ်းအနီးမှာ ဒီနေ့ မနက်ပိုင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူတွေဟာ CID ရဲမှူး မဟုတ်ဘဲ အွန်လိုင်းကနေ အဝတ်အထည်တွေ ရောင်းတဲ့ ဦးစည်သူကိုကိုနှင့် ဟိုတယ်တစ်ခုမှာ အလုပ်လုပ်ကိုင်တဲ့ မနှင်းဝေေ၀လှိုင်တို့ ဖြစ်ကြပါတယ်။ မန္တလေးမှာ ပြည်သူတွေကို ဖမ်းဆီးသ-တ်-ဖြတ်နေတဲ့ စစ်အုပ်စုရဲ့ CID ရဲမှူး စိုးကိုကို ဆိုသူကို UG အဖွဲ့တစ်ဖွဲ့က ပစ်ခတ်ရှင်းလင်းဖို့ ကြိုးစားရာကနေ ဆိုင်ကယ်အမျိုးအစားတူ၊ အရောင်တူဖြစ်ပြီး မှားယွင်းပစ်ခတ်ခံရတာလို့ နီးစပ်သူတွေက ဆိုပါတယ်။ အဲ့ဒီ ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာကိုတော့ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

၂။ မန္တလေးမြို့က ပညာရေးသပိတ် ဦးဆောင်သူတစ်ဦး ဖြစ်တဲ့ အထက်တန်းပြဆရာမ ဒေါ်သက်ဆုလှိုင်ကို စစ်အုပ်စုက ဩဂုတ်(၁၇)ရက်မှာ မျက်ကွယ်ထောင်ဒဏ် ငါးနှစ် ချမှတ်လိုက်တယ်လို့ အခြေခံပညာရေး ဝန်ထမ်းများ အထွေထွေ သပိတ်ကောင်မတီ (BEGSC) က သတင်း ထုတ်ပြန်ပါတယ်။ BEGSC ရဲ့ ဗဟိုကော်မတီဝင်လည်းဖြစ်တဲ့ ဆရာမ ဒေါ်သက်ဆုလှိုင်ကို ပြီးခဲ့တဲ့ ၂၀၂၁ အောက်တိုဘာ(၃၀)ရက်၊ ညပိုင်းမှာ စစ်အုပ်စုက စီးနင်း ဖမ်းဆီးခဲ့တာပါ။ ဆရာမ ဒေါ်သက်ဆုလှိုင်ကို စစ်အုပ်စုက ချမ်းအေးသာစံမြို့နယ် တရားရုံးမှာ အကြမ်းဖက်ပုဒ်မ ၅၂(က)၊ အောင်မြေသာစံမြို့နယ် တရားရုံးမှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) တို့နဲ့ တရားစွဲထားပြီး (၁၀)လအကြာမှာ အကြမ်းဖက်ပုဒ်မအတွက် ထောင်ဒဏ် ငါးနှစ် မျက်ကွယ် ချမှတ်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာ ဆရာမကို အိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးထားပါတယ်။

၃။ မန္တလေးတိုင်း တောင်သာမြို့မှာ စစ်အုပ်စုက ခရီးသွားပြည်သူတွေကို လက်နက်ပြ ဖမ်းဆီးကာ ဆိုင်ကယ်တစ်စီး ကျပ်(၆၀၀၀၀)အထိ ငွေညှစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ၄။ မန္တလေးမြို့မှာ ဒီမနက် မိုးရွာနေတဲ့ကြားက ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး ချီတက် ဆနဒပြခဲ့ပါတယ်။ "သွေးကြွေးဆပ်မယ့် မျိုးဆက်၊ မင်းတို့ကြောက်တဲ့ G-Z" စာသားနဲ့အတူ မန္တလေး သပိတ်အင်အားစုနှင့် သံဃာ့သမဂ္ဂတို့ ပူးပေါင်းပြီး မန္တလေးမြို့ မိန်းလမ်းမပေါ်ထိတက်ကာ ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MFPDailyNews #မန္တလေးသတင်းများ