မင်္ဂလာပါခင်ဗျာ သြဂုတ် (၄)ရက်နေ့အတွက် မန္တလေးတိုင်းထဲက သတင်းအချို့ကို ကောက်နုတ်ဖော်ပြပေးပါမယ်။
၁။ မန္တလေးမြို့ ရှမ်းကလေးကျွန်းအနီး စစ်အုပ်စုငွေညှစ်တဲ့နေရာမှာ ဒီမနက် (၉)နာရီခွဲလောက်က မိုင်းကွဲပြီး စကစလက်အောက်ခံ ဝန်ထမ်းနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ စစ်အုပ်စုရဲ့ ယာဉ်လုပ်ငန်းကြီးကြပ်ရေးကော်မတီအဖွဲ့က ကားတွေကို စစ်ဆေးငွေညှစ်နေချိန် ဖြစ်ပွါးခဲ့တာပါ။ ဒီဖောက်ခွဲမှုကို အကြီးစားဖောက်ခွဲမှုအဖြစ် လုပ်ဆောင်ခဲ့တာလို့ မန္တလေးအခြေစိုက် ပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ No More Dictatorship က ထုတ်ပြန်ထားပါတယ်။
၂။ စဉ့်ကူးမြို့နယ်ထဲမှာ ပြောက်ကျားတပ်ဖွဲ့ ထောင်ထားတဲ့ မိုင်းတွေအကြောင်း ရွာခံတွေက စစ်အုပ်စုကို သွားသတင်းပေးလို့ မနေ့ ဩဂုတ် (၃)ရက်က စကစတွေ လာရောက် တူးဖော်သိမ်းယူသွားတယ်လို့ ဆိုပါတယ်။ မိုင်းတွေ ဖြုတ်သိမ်းခံရလို့ ကျပ် (၈)သိန်းနီးပါး ဆုံးရှုံးခဲ့ရတယ်လို့ TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က အသိပေးပါတယ်။
၃။ မတ္တရာမြို့နယ် ပို၀ကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဒီမနက်(၈)နာရီလောက်က သေနတ်နဲ့သုံးချက်ပစ်ခံရပြီး သေဆုံးသွားပါတယ်။ ဘယ်အဖွဲ့အစည်းက ပစ်ခတ်သွားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ အလားတူပဲ မြင်းခြံနယ်က စကစခန့်အုပ်ကြီးနဲ့ ပျူစောထီးတစ်ယောက်တို့လည်း မနေ့က ညနေခင်းမှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြင်းခြံ MGPDF တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
၄။ မန္တလေးမြို့ စိန်ပန်းရပ်ကွက်ထဲက ဘီယာဆိုင် မနေ့က (၈)နာရီလောက်မှာ ကားနှစ်စီးနဲ့ လူရှစ်ဦးက ဓားပြတိုက်သွားတယ်လို့ သတင်းရရှိပါတယ်။ စစ်အုပ်စု ကင်းပတ်နေချိန် ဖြစ်ခဲ့တာဖြစ်ပြီးဓားပြတွေ ထွက်သွားပြီး မိနစ်ပိုင်းအတွင်း စကစတွေရောက်လာကာ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ ဓားပြတိုက်စဉ် ဘယ်လောက်ပါသွားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MFPရဲ့မန္တလေးသတင်းများ