MFP ရဲ့ စက်တင်ဘာ(၂၈)ရက် မန္တလေး သတင်းများ

MFP ရဲ့ စက်တင်ဘာ(၂၈)ရက် မန္တလေး သတင်းများ

မင်္ဂလာပါခင်ဗျာ။ မန္တလေးတိုင်းထဲက သတင်းအချို့ကို ကောက်နုတ်ဖော်ပြပေးပါမယ်။

၁။ မန္တလေးမြို့ကို မင်းအောင်လှိုင် လာမယ်ဆိုတဲ့ သတင်းကြောင့် ဒီမနက်ပိုင်း မန္တလေး ကျုံးပတ်လည်နဲ့ မြို့တွင်းက လမ်းမတွေမှာ စစ်ကောင်စီ သစ္စာခံ လက်နက်ကိုင်တွေ ပေါ်တင်ရော၊ ကင်းပုန်းတွေရော အစောင့် ချထားတာ တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ မင်းအောင်လှိုင် မလာသေးပေမယ့် မနက်ပိုင်းကတည်းက လမ်းဘေးရပ်စောင့်နေရတဲ့ စကစတွေကို ညနေ(၅)နာရီမှ ထမင်းစားခွင့်ပေးတာ တွေ့ရတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

၂။ မန္တလေးမြို့ ကမ်းနားလမ်း မရမ်းခြံဆိပ်ကမ်းမှာ ဒီမနက်ပိုင်း စစ်အုပ်စု သတင်းပေး မဲကြီး ခေါ် ငမျိုး ဆိုသူ ပစ်ခတ် ရှင်းလင်းခံရပါတယ်။ ပစ်ခတ်မှုဖြစ်ပွါးစဉ် မဲကြီးနဲ့ စကားပြောဆိုနေသူတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တာကြောင့် ပစ်ခတ်သူတွေက ဒဏ်ရာရသူကို ရှိခိုး တောင်းပန်သွားတယ်လို့ ဆိုပါတယ်။ အောင်မြေသာစံ မြို့နယ်အတွင်း စစ်အုပ်စုနှင့် ပေါင်းပြီး ပြည်သူကို ရန်ပြု သောင်းကျန်းနေတာကြောင့် မဲကြီးကို ရှင်းလင်းတာလို့ GZP Mandalay က ထုတ်ပြန်ထားပါတယ်။

၃။ စစ်အာဏာရှင် ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ချီတက်တဲ့ ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်နေသူ လိင်စိတ်ခံယူမှု ကွဲပြားသူများသမဂ္ဂ-မန္တလေး (LGBT Union Mandalay) ရဲ့ ဥက္ကဌ ကိုဂျက်စတင်မင်းဟိန်းဟာ မနေ့ ညနေပိုင်းက စပြီး အဆက်အသွယ်ပြတ်တောက်နေတယ်လို့ LGBT Union Mandalay သတင်း ထုတ်ပြန်ပါတယ်။ ရန်ကုန်အခြေစိုက် လူငယ်များသမဂ္ဂ အပါအဝင် မြေပြင်သပိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ရန်ကုန်မြို့မှာ စစ်အာဏာရှင် တန့်ကျင်ရေးသပိတ်တွေ လုပ်ဆောင်နေစဉ် အဆက်အသွယ်ပြတ် ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။ ကိုဂျက်စတင်မင်းဟိန်း(ခ) ဟိန်းမင်းထက်နဲ့အတူ လူငယ်များသမဂ္ဂ-ဗဟို ဥက္ကဌ၊ ဒုဥက္ကဋ္ဌ (၁)၊ ဒုဥက္ကဋ္ဌ (၂)၊ တွဲဖက်အတွင်းရေးမှူးနဲ့ အမှုဆောင်ကော်မတီဝင်၊ စုစုပေါင်း လူငယ် (၆) ဦး ပျောက်ဆုံးနေတာ ဖြစ်ကာ စစ်အုပ်စုရဲ့ ဖမ်းဆီးခြင်းခံရတာ ဖြစ်နိုင်တယ်လို့ သမဂ္ဂ နှစ်ခုရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြပါတယ်။ ကိုဂျက်စတင်မင်းဟိန်းဟာ မန္တလေးမြို့မှာ မြေပြင်သပိတ်လှုပ်ရှားမှုတွေ လုပ်ဆောင်ဖို့ ခက်ခဲလာချိန် ရန်ကုန်မြို့မှာ သွားရောက် ပူးပေါင်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လပိုင်းက LGBT Union Mandalay နဲ့ လူငယ်များသမဂ္ဂ အဖွဲ့ဝင်အချို့ရဲ့ လူမှုကွန်ရက် အကောင့်တွေကို စစ်လော်ဘီ တယ်လီဂရမ်တွေမှာ ဖော်ပြခဲ့ပြီး ဖမ်းဆီးဖို့ လှုံ့ဆော်ထားတာ တွေ့ရပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MFPDailyNews #မန္တလေးသတင်းများ