MFP Daily News - ဩဂုတ်(၃၀)ရက် မန္တလေး သတင်းများ

MFP Daily News - ဩဂုတ်(၃၀)ရက် မန္တလေး သတင်းများ

မင်္ဂလာပါခင်ဗျာ။

ဩဂုတ်(၃၀)ရက်အတွက် မန္တလေးတိုင်းထဲက သတင်းအချို့ကို ကောက်နုတ်ဖော်ပြပေးပါမယ်။

၁။ မန္တလေးမြို့မှာ စစ်အုပ်စုက လူငယ်တချို့ကို ဖမ်းပြီး ဓားစာခံလုပ်ကာ ဆက်စပ်သူတွေကို ထောင်ခြောက်ဆင် ခြေရာခံပြီး ထပ်မံ ဖမ်းဆီးဖို့ ကြိုးစားနေပါတယ်။ ဒီနေ့ မွန်းလွဲပိုင်းက မဟာအောင်မြေမြို့နယ်၊ (၄၁-B) လမ်းနဲ့ (၅၆)လမ်းထောင့်မှာ သုံးဘီးဆိုင်ကယ်စီးလာတဲ့ အမျိုးသားနဲ့ အမျိုးသမီးကို စစ်အုပ်စုက အိမ်စီးကားနဲ့ လိုက်လာပြီး သေနတ်နဲ့ချိန်ကာ လက်ထိပ်ခတ် ဖမ်းခေါ်ပြီးနောက် အမျိုးသားကို ဓားစာခံလုပ်ကာ အဲဒီလမ်းပေါ်က နေအိမ်တစ်လုံးကို ဝင်မွှေလုယက်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

၂။ မနေ့က မိုးကုတ်မြို့မှာ ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးတစ်ယောက်နဲ့ သုံးပွင့်ဗိုလ်တစ်ယောက် အပါအဝင် (၁၅)ယောက်လောက် သေတယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက သတင်း ထုတ်ပြန်ပါတယ်။ ဒါ့အပြင် တပ်ရင်းမှူးလည်း ထိခိုက်ဒဏ်ရာရတယ်လို့ ဆိုပါတယ်။ မိုးကုတ်မြို့နယ်ထဲက လောင်းစဉ် ရေဝေ၊ ဂွေးပင် စတဲ့ ရွာတွေထဲ ဝင်မွှေလုယက် သောင်းကျန်းပြီး မိုးကုတ်-သပိတ်ကျင်း လမ်းအတိုင်း ပြန်လာတဲ့ စစ်အုပ်စုကို Thabeikkyin PDF NUG တပ်ရင်းအမှတ် (၁၂၂၂) အပါအဝင် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

၃။ စစ်အုပ်စုက ဖမ်းဆီးထားတဲ့ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်ဟောင်း၊ အထက်တန်းပြဆရာ ကိုရန်စိုးပိုင်ကို စစ်အုပ်စုက စုစုပေါင်း ထောင်ဒဏ် (၈)နှစ် ချမှတ်လိုက်တယ်လို့ မန္တလေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂက သတင်း ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ အောက်တိုဘာ(၃၀)ရက်၊ ညပိုင်းက ဖမ်းဆီးခံရတဲ့ ကျောင်းဆရာ ကိုရန်စိုးပိုင်ကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က)၊ အကြမ်းဖက် ဥပဒေပုဒ်မ ၅၂(က)တို့နဲ့ စစ်အုပ်စုက အမှုဖွင့်ခဲ့ပြီး ပုဒ်မ ၅၀၅(က) အမှုအတွက် ဩဂုတ်လ (၁၇)ရက်မှာ ထောင်ဒဏ် (၃)နှစ် ချမှတ်ခဲ့ကာ ပုဒ်မ ၅၂(က)အမှု အတွက် တရားစီရင်ရေးကို သပိတ်မှောက်ထားတဲ့အတွက် မျက်ကွယ်အမိန့် (၅)နှစ် ချမှတ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

၄။ မန္တလေးမြို့က မြို့မအသင်း နာယက၊ နှစ်ကိုယ်တူချစ်သမျှ သီချင်းပိုင်ရှင် မြို့မကိုပေါ ရဲ့ ဈာပန အခမ်းအနားကို ဒီနေ့ ဩဂုတ်(၃၀)ရက်မှာ မန္တလေးမြို့ အေးရိပ်ငြိမ် သုဿာန်မှာ ကျင်းပပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MFPDailyNews #မန္တလေးသတင်းများ