မန္တလေးမြို့မှာ ဗိုလ်အောင်မြေတို့ အဖမ်းခံရပြီးတဲ့နောက် မဟာမိတ်လုပ်ထားတဲ့ ရန်ကုန်ပြောက်ကျားအဖွဲ့တစ်ခု စီးနင်းခံရ၊ အဖမ်းခံရသူ ရဲဘော်ခြောက်ဦးလုံး ကျဆုံးဟုဆို

မန္တလေးမြို့မှာ ဗိုလ်အောင်မြေတို့ အဖမ်းခံရပြီးတဲ့နောက် မဟာမိတ်လုပ်ထားတဲ့ ရန်ကုန်ပြောက်ကျားအဖွဲ့တစ်ခု စီးနင်းခံရ၊ အဖမ်းခံရသူ ရဲဘော်ခြောက်ဦးလုံး ကျဆုံးဟုဆို

MFP ၊ ဩဂုတ် - ၂၁

မန္တလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားတိုက်ခိုက်မှုတွေလုပ်ဆောင်နေတဲ့ Myanmar Revolution Rangers Force - MRRF ခေါင်းဆောင် ဗိုလ်အောင်မြေနဲ့အဖွဲ့ အဖမ်းခံရပြီးတဲ့နောက် ရန်ကုန်ပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Burmese Rangers Army-LDF ကိုလည်း စီးနင်းခံခဲ့ရတယ်လို့ အဲဒီအဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။

ဗိုလ်အောင်မြေတို့ကို ဩဂုတ်လ (၁)ရက်နေ့ မနက်ပိုင်းက နေအိမ်မှာ စီးနင်းဖမ်းဆီးခဲ့တာဖြစ်ပြီး အဲဒီနောက် မဟာမိတ်ဖြစ်တဲ့ Mother Son Mandalay Force - MSMF ဒုတိယခေါင်းဆောင် ကိုရှိုင်း အပါအဝင် လေးဦးကို ပြင်ဦးလွင်မြို့က တည်းခိုခန်းတစ်ခုမှာ စစ်အုပ်စုက စီးနင်းဖမ်းဆီးခဲ့ပါတယ်။

အဲဒီဖြစ်စဉ်မှာ မန္တလေးမြို့ပြပြောက်ကျားတွေအဖြစ် မဟာမိတ်ပြုလုပ်ထားတဲ့ MRRF နဲ့ MSMF က UG ရဲဘော်တွေ (၁၅)ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး ငါးဦးထက်မနည်း စစ်အုပ်စုက သတ်ဖြတ်ခံရတယ်လို့ လွတ်မြောက်သွားတဲ့ မဟာမိတ်အဖွဲ့ Kings Cobra Guerilla Force - KCGF ခေါင်းဆောင် ဗိုလ်မြွေပွေးက ပြောဆိုထားပါတယ်။

ဒါ့အပြင် ဩဂုတ်လအတွင်းမှာပဲ မန္တလေးမြို့ပြပြောက်ကျားအဖွဲ့တွေအနက် နောက်ထပ်အဖွဲ့ နှစ်ဖွဲ့က UG ရဲဘော်တွေ (၁၀)ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပြီး သူတို့ရဲ့အခြေအနေတွေကိုတော့ မသိရသေးပါဘူး။

ရန်ကုန်မြို့ပြပြောက်ကျားဖြစ်တဲ့ Burmese Rangers Army-LDF ဟာ မန္တလေးမြို့အခြေစိုက်ဖြစ်တဲ့ အနက်ရောင်သေမင်းအဖွဲ့၊ MRRF အဖွဲ့တို့နဲ့ မဟာမိတ်ပြုလုပ်ထားပြီး မေလအတွင်း ရန်ကုန်မြို့မှာ ပြောက်ကျားစစ်ဆင်ရေးတွေကို ပူးတွဲလုပ်ဆောင်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဩဂုတ်လ (၉)ရက်မှာ BRA-LDF ရဲ့ယာယီတည်းခိုရာဖြစ်တဲ့ ရွှေလမင်း တည်းခိုခန်းကို စစ်အုပ်စုက အကြမ်းဖက် စီးနင်းခဲ့ပြီး ရဲဘော် ခြောက်ဦး အဖမ်းခံရကာ Glock19-gen5 အတို (၂) လက်၊ Ready madeအသီး (၅) လုံး၊ ငွေသားကျပ် (၁၈) သိန်း၊ 9mm ကျည် (၂၀၀)၊ လက်လုပ်အသီး (၃) လုံး သိမ်းဆည်းခံခဲ့ရတယ်လို့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ ကျွန်တော်နဲ့ ကျွန်တော့်တို့အဖွဲ့ရဲ့ ဒုတိယတာဝန်ခံ ဗိုလ်ရဲကြီးနဲ့ အခြားရဲဘော်လေးတစ်ဦး စုစုပေါင်း (၃) ဦးသာ လွတ်မြောက်ခဲ့တယ်။ ဗိုလ်ရဲကြီးနဲ့ ရဲဘော်လေးကတော့ အထိအခိုက်မရှိခဲ့ပေမယ့် ကျွန်တော့်ရဲ့ ခြေထောက်ကတော့ ကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့ပါတယ် “ လို့ BRA-LDF ခေါင်းဆောင် ဗိုလ်ထက်ဝေက ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

နောက်ဆက်တွဲသတင်းအရ ဖမ်းဆီးခံလိုက်ရတဲ့ UG ရဲဘော် ခြောက်ဦးအနက် နှစ်ဦးဟာ နေရာမှာပဲ အသတ်ခံလိုက်ရပြီး ကျန်တဲ့ရဲဘော်လေးဦးက စစ်ကြောရေးမှာ ကျဆုံးတယ်လို့ ဖရဲသီးဆီက သတင်းရကြောင်း ဖော်ပြထားပါတယ်။ အဲဒီ ရဲဘော်ခြောက်ဦးရဲ့ နာမည်တွေကိုတော့ ဖော်ပြထားတာ မတွေ့ရပါဘူး။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မန္တလေးပြောက်ကျား #ရန်ကုန်ပြောက်ကျား #BurmeseRangersArmy

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ