MFP Daily News - ဩဂုတ် (၁၂)ရက် မန္တလေး သတင်းမျာ

MFP Daily News - ဩဂုတ် (၁၂)ရက် မန္တလေး သတင်းမျာ

 မင်္ဂလာပါခင်ဗျာ

ဩဂုတ် (၁၂)ရက်အတွက် မန္တလေးတိုင်းထဲက သတင်းအချို့ကို ကောက်နုတ်ဖော်ပြပေးပါမယ်။

၁။ မန္တလေး အိုးဘိုအကျဉ်းထောင်ထဲမှာ အစာငတ်ခံဆန္ဒပြမှုကို ဦးဆောင်တဲ့ ရန်ကုန်ပညာရေး တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဌဟောင်း ကိုနောင်ထက်အောင်ဟာ ထောင်ထဲမှာ ရိုက်နှက်ခံရတာကြောင့် အသက်အန္တရာယ်စိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရရှိခဲ့ပေမယ့် စစ်အုပ်စုဘက်က ဆေးကုသခွင့်မပေးဘူးလို့ ဗကသများအဖွဲ့ချုပ်က သတင်း ထုတ်ပြန်ပါတယ်။

၂။ မန္တလေးတိုင်း ငါန်းဇွန်နယ်မှာ အကြမ်းဖက်စစ်ကောင်စီ ကားကို မနေ့က နေ့လယ်ပိုင်း ပဒေသာမိုင်း ငါးလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စကစ နှစ်ယောက် ပွဲချင်းပြီး သေပြီး သုံးယောက် ဒဏ်ရာရရှိသွားတယ်လို့ နောင်ရိုးအထူးပြောက်ကျားတပ်က သတင်းထုတ်ပြန်ပါတယ်။

၃။ မန္တလေးမှာ မနေ့ကနဲ့ ဒီနေ့ မနက်ပိုင်း အမရပူရမြို့နယ် မြစ်ငယ်မြို့ ကားလမ်းဘေးမှာ အမျိုးသားအလောင်းနှစ်လောင်းနှင့် အမရပူအမြို့နယ် ဆောက်တောဝ(တောင်)ရွာ၊ ထုံးဘို-ပြင်ဦးလွင်အဆင်းကားလမ်းဘေးမှာ အမျိုးသားအလောင်းတစ်လောင်း၊ စုစုပေါင်း အလောင်း သုံးလောင်း တွေ့ရတယ်လို့ စစ်အုပ်စုဘက်က သတင်းထုတ်ပြန်ပါတယ်။

၄။ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ရေး မိုးသပိတ်အဖြစ် မန္တလေးသပိတ်အင်အားစုက ဦးဆောင်ပြီး ဒီနေ့ ဩဂုတ် (၁၂)ရက် မိုးထဲရေထဲမှာ မန္တလေးမြို့တနေရာမှာ ချီတက်ဆန္ဒပြခဲ့ပါတယ်။ " မင်းတို့ကောင်တွေ ဘယ်လောက်ဖြိုဖြို ဘယ်လောက်ဖိဖိ ငါတို့ကဘယ်တော့မှပြိုလဲမသွားမယ့် ပစ်တိုင်းထောင်စိတ်ဓာတ်နဲ့ ပုန်ကန်နွယ်တွေပဲကွ" စာသားပါဘန်နာကိုင်ဆောင်ပြီး စစ်အုပ်စုရဲ့ အဖမ်းအဆီးအစစ်ဆေးကြမ်းနေတဲ့ မန္တလေးမြို့ပေါ်တစ်နေရာမှာ မိုးထဲရေထဲ အောင်မြင်စွာ ချီတက်ဆန္ဒပြခဲ့ပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MFPDailyNews #မန္တလေးသတင်းများ