ခွဲစိပ်ဓါးနဲ့ အာဏာရှင်ကို တိုက်ထုတ်နေတဲ့ မီးအိမ်ရှင်မလေး

ခွဲစိပ်ဓါးနဲ့ အာဏာရှင်ကို တိုက်ထုတ်နေတဲ့ မီးအိမ်ရှင်မလေး

ရေးသူ - မှူးအိန်ဂျယ်လ်(MFP)၊ ဆောင်းပါး

အူဝဲ......အူဝဲ.....အူဝဲ ဆိုတဲ့ အသံကြားရချိန်မှာ သူမ ခပ်ထေ့ထေ့ပြုံးရင်း သက်ပြင်း ချနိုင်ခဲ့ ပါပြီ။ သူမရဲ့ လက်ထဲက ကလေးလေးဟာ အယောက်(၅၀)မြောက် အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့တဲ့ ကလေးလည်း ဖြစ်ပါတယ်။

2.png

ပခုက္ကူခရိုင် PDF အမှတ်(၁၇)တပ်ရင်း ဆေးတပ်ဖွဲ့ တာဝန်ခံ၊ CDM သူနာပြုဆရာမ မပိုးအိနဲ့ မပိုးအိတို့ ဆေးအဖွဲ့က ဆေးကုသပေးနေစဉ်/Photo - ပေးပို့

ကလေးမွေးပေးရတာ ပထမဆုံးအတွေ့အကြုံ မဟုတ်ပေမယ့် ရှင်သန်လိုစိတ် ပြင်းပြတဲ့ ကလေးငယ်ရဲ့ အသက်နဲ့ မိခင် ဖြစ်သူရဲ့ အသက်၊ နှစ်သက်က သူမနဲ့ ဆေးတပ်ဖွဲ့ရဲ့ လက်ထဲမှာမို့ အမြဲ စိတ်လှုပ် ရှားရင်ခုန်ရတယ်လို့ ဆိုပါတယ်။

"သူတို့ သားသမီးလေးတွေကို ကျန်းကျန်းမာမာနဲ့ တွေ့ရလို့ ပျော်သွားတဲ့ မိခင်တွေရဲ့ အပြုံး လေးတွေ မြင်ရရင် ကျမတို့မယ် ပီတိ တမျိုး ဖြစ်ရတာပေါ့"

သွေးစတွေပေနေတဲ့ မွေးကင်စကလေးငယ်ကို သန့်စင်ပေးရင်း ဂုဏ်ယူစွာ ပြောပြနေသူက အသက်(၂၆)နှစ်အရွယ် CDM သူနာပြု ဆရာမလေး မပိုးအိ ပါ။

သူမက မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် ဇာတိဖြစ်ပြီးတော့ ကျန်းမာရေးဝန်ကြီးဌာနမှာ သူနာပြု (TN) ရာထူးနဲ့ တာဝန် ထမ်းဆောင်နေရင်း စစ်အာဏာသိမ်းပြီး နောက်တရက်မှာ အကြမ်းမဖက် အာဏာ ဖီဆန်ရေး လှုပ်ရှားမှု - CDM မှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

လက်ရှိမှာ ပြည်သူ့ကာကွယ်ရေး တပ်မတော် - PDF ပခုက္ကူခရိုင် အမှတ်(၁၇)တပ်ရင်းမှာ ဆေးတပ်ဖွဲ့ တာဝန်ခံ အနေနဲ့ တာဝန်ထမ်းဆောင်ရင်း ခွဲစိပ်ဓားကိုင်ကာ ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး တိုက်ပွဲဝင်နေသူ ဖြစ်ပါတယ်။

1.png

ပခုက္ကူခရိုင် တပ်ရင်း(၁၇)ရဲ့ ဆေးတပ်ဖွဲ့တာဝန်ခံ၊ CDM သူနာပြုဆရာမ မပိုးအိ /Photo - ပေးပို့

ရဲဘော်ရဲဘက်တွေ၊ ဒေသခံ စစ်ဘေးရှောင် ပြည်သူတွေရဲ့ ကျန်းမာရေးကို တာဝန်ယူ ပြုစုပေးနေတာ ဖြစ်ပြီးတော့ ဆေးခန်းနဲ့ ဆေးဝါး မလုံလောက်တဲ့ အခြေအနေမှာတောင် သုံးနှစ်တာအတွင်း ကလေးအယောက် (၅၀)ကျော်အထိ အဖိတ်အစင်မရှိ အောင်မြင်စွာ မွေးဖွားပေးခဲ့ပြီးလည်း ဖြစ်ပါတယ်။

"အဓိက ကတော့ မတရား စစ်အာဏာသိမ်းခဲ့တဲ့ ဒီအာဏာရူးတွေ လက်အောက်မှာ တာဝန်မထမ်း ဆောင်နိုင်လို့ပါရှင့်။ CDM စဝင်တာကတော့ အာဏာသိမ်းပြီး နောက်နေ့ ၂၀၂၁ ဖေဖေါ်ဝါရီ(၂)ရက်နေ့က စဝင် ခဲ့တာပါ။ CDM ဝင်တော့ကြ အလုပ်ပြန်ဝင်ဖို့ရာ ပြန်ခေါ်စာတွေ လျော်ကြေးပေးရမယ် ဘာညာနဲ့ စာတိုက်ကနေ တဆင့် ခြိမ်းခြောက်စာတွေ ရောက်တယ်။ ပြီးတော့ ဝန်ထမ်းထုတ်ပယ်ခြင်းဆိုတဲ့ စာတွေနဲ့ တရားဝင် ထုတ်ပယ်တယ်"

တော်လှန်ရေးမှာ ပါဝင်ဖို့အတွက် ခြေစုံပစ်ဝင်ခဲ့သူ သူမတွက် ပေးဆပ်ရမှုတွေလည်း ကြီးမားခဲ့ပါတယ်။ လခစား ဝန်ထမ်းဘဝကို စွန့်လွှတ်ခဲ့ရသလို တဘက်မှာလည်း စစ်အုပ်စုက သူမ နေထိုင်တဲ့ အိမ်ခြေ(၇၀၀)ရှိတဲ့ ရွာကို မီးရှို့ခဲ့စဉ်ကလည်း အိမ်က မီးထဲမှာ ပါသွားခဲ့ပြီး ပြာကျပျက်စီးခဲ့ရပါတယ်။ အဲဒီလို နေအိမ် မီးရှီု့ခံရပြီးချိန်မှာ သူငယ် ချင်းဖြစ်သူရဲ့ အိမ်မှာ မိသားစုလိုက် ကပ်နေခဲ့ရတာပါ။

စစ်အုပ်စု လက်အောက်ကနေ CDM လုပ်ပြီး ထွက်လာခဲ့တဲ့ သူမအတွက် တော်လှန်ရေးမှာ ဆက်လက်ပါဝင်ဖို့၊ တော်လှန်ရေး ရဲဘော်တွေ ရှိရာကို ရွေးချယ် ဖြစ်ခဲ့ပုံကိုလည်း အခုလို ပြောပါတယ်။

"ကျမဆို CDM ဝင်တယ်။ ပြီးတော့ နေရပ် ပြန်ရောက်လာတယ်။ အဲ့ရောက်တော့ တချို့ရဲဘော်တွေ တောခိုကြပြီ။ နေမကောင်း ဖျားနာဖြစ်ကြတယ်။ သူတို့မယ် ဆေးရုံဆေးခန်း သွားမပြနိုင်ကြဘူး။ ဘာလို့ဆို အဲ့အချိန်က ဆေးရုံတွေဆိုတာ စကစ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့အချိန် ဆိုတော့ အဆင်မပြေကြဘူး။ ရှိတဲ့ဆေးကို ကိုယ့်ဟာကို သောက်ကြတယ်။ ပြီးတော့ mine error (မိုင်းမတော်တဆမှု)တွေ၊ ယမ်းမီးလောင်တာတွေဆို ဆေးရုံသွားလို့ မရကြဘူး။ သူတို့မှာ အကူညီမဲ့​​ကြတယ်။ ​​အဲ့တော့ တတ်တဲ့ ပညာနဲ့ လိုက်ကူညီရင်း သူတို့အတွက် ငါလုပ်နိုင်သလောက် လုပ်မယ်ဆိုတဲ့စိတ်နဲ့ ဒီတော်လှန်ရေးထဲကို ရောက်လာဖို့ရာ တွန်းအားဖြစ်စေခဲ့တာပေါ့"

4.png

ပခုက္ကူခရိုင် PDF အမှတ်(၁၇)တပ်ရင်း ဆေးတပ်ဖွဲ့ တာဝန်ခံ၊ CDM သူနာပြုဆရာမ မပိုးအိနဲ့ မပိုးအိတို့ ဆေးအဖွဲ့က ဆေးကုသပေးနေစဉ်/Photo - ပေးပို့

အသက်(၂၆)နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးအတွက် ရှေ့တန်းတိုက်ပွဲတွေမှာ ဒဏ်ရာရ ရဲဘော်တွေကို ဆေးလွယ်အိတ် လွယ်ပြီး ကုသပေးနေသလို တဖက်မှာလည်း ကိုယ်ဝန်ဆောင်တွေကို မီးဖွားပေးနေခဲ့တာပါ။ ဒီလို လုပ်ပေး နေစဉ်အတွင်းမှာ ခံစားခဲ့ရတဲ့ သူမရဲ့ ခံစားချက်ကိုလည်း အခုလို ဖွင့်ဟ ပြောပါတယ်။

"လူနာ အမှတ်တရတွေကတော့ အများကြီးပါပဲ။ ထိခိုက်ဒဏ်ရာ ရလာတဲ့ ရဲဘော်တွေ ကုပေးရရင် "ဆရာမရေ မသေအောင် ကုပေးပါ၊ ခြေ/လက် မကျိုးအောင် ကုပေးပါ" ဆိုတဲ့ သူတို့ရဲ့ တောင်းဆိုသံကြားတိုင်း နာကျင်ရတာ အခါခါပါပဲ"

မပိုးအိ အခုလိုမျိုး လုပ်ဆောင်နိုင်တာလည်း မိသားစုဝင်တွေရဲ့ အားပေးထောက်ပံ့မှုကြောင့်လို့ ဆိုပါတယ်။

"မိသားစုတွေ ရှိပါသေးတယ်။ တားမြစ်တာမျိုးတော့ မရှိပါဘူး။ "ငါ့သမီး CDM လုပ်လို့ အမေတို့ ထမင်းငတ်တော့ မသေနိုင်ပါဘူး။ သမီးရှာမကျွေးနိုင်သေးပေမယ့် အမေတို့ ရ ရာ အလုပ်လုပ်ပြီး ရှာစားမယ် " ဆိုပြီးတော့တောင် တွန်းအားတွေ၊ ခွန်အားတွေ ပေးကြပါသေးတယ်"

6.png

ပခုက္ကူခရိုင် PDF အမှတ်(၁၇)တပ်ရင်း ဆေးတပ်ဖွဲ့ တာဝန်ခံ၊ CDM သူနာပြုဆရာမ မပိုးအိနဲ့ မပိုးအိတို့ ဆေးအဖွဲ့က ဆေးကုသပေးနေစဉ်/Photo - ပေးပို့

တပ်ရင်းကို စရောက်ချိန် ရှေ့တန်းမှာ အမိန့်နာခံမှု ရှိအောင်၊ ပေးအပ်လာတဲ့ တာဝန်ကို ကျေပွန်​အောင် ထမ်းဆောင်နိုင်ဖို့ရာအတွက် အ​​‌​ခြေခံစစ်သင်တန်း တစ်လခွဲ တက်ခဲ့ရတယ်လို့ မပိုးအိက ပြောပါတယ်။

အဲ့ဒီလို စစ်သင်တန်း တက်ရောက်ပြီးတဲ့နောက် ၂၀၂၁ ဇွန်လမှာ သူမ တတ်ထားတဲ့ ဆေးပညာရပ်နဲ့ ရှေးတန်း စစ်မြေပြင်အထိ တစ်ကိုယ်တော် ဆေးတပ်သားအဖြစ် လိုက်ပါကာ ကုသပေးခဲ့တယ်လို့လည်း ပြောပါတယ်။

"ကျမတို့ စကစ စစ်တပ်ကို စစ်တပ်ပုံစံမျိုး အမိန့်နာခံမှု အားကောင်းကောင်း နဲ့ စစ်ကို စစ်လိုတိုက်မှ ရမယ်ဆိုတာ သိလာတော့ နောက်ပိုင်း တပ်ရင်းဆိုပြီး တပ်ရင်း(၁၇) ဖြစ်လာခဲ့တယ်။ အဲ့လိုနဲ့ တပ်ရင်း(၁၇) ဆေးတပ်ဖွဲ့လေး ဖြစ်လာခဲ့တာပါ "

လက်ရှိမှာတော့ တော်လှန်ရေးကာလ သုံးနှစ်ကျော်အထိ ကြာမြင့်လာတာနဲ့အမျှ ရင်ဆိုင်နေရတဲ့ အခက်အခဲ တချို့လည်း ထပ်တိုး ရှိလာတယ်လို့ ဆိုပါတယ်။ တပ်ရင်းအတွက် ရိက္ခာ မလုံလောက်လို့ အလှူခံရတဲ့ နေရက်တွေ ရှိသလို အလှူရှင် မရှိတဲ့ တချို့ရက်တွေမှာ ရှိတာနဲ့ ဖြစ်သလို စားကြ ၊ ဖြစ်သလို နေကြရတယ်လို့ သူမက ရင်ဖွင့်ပါတယ်။

signal-2024-06-07-171555_017.jpeg

ပခုက္ကူခရိုင် PDF အမှတ်(၁၇)တပ်ရင်း ဆေးတပ်ဖွဲ့ တာဝန်ခံ၊ CDM သူနာပြုဆရာမ မပိုးအိနဲ့ မပိုးအိတို့ ဆေးအဖွဲ့က ဆေးကုသပေးနေစဉ်/Photo - ပေးပို့

အင်္ကျီအဖြူ၊ ထမိန်အနီနဲ့ သူနာပြု ဝတ်စုံလေးကို ပြစ်ပယ်ပြီး PDF စစ်ယူနီဖောင်းနဲ့ လက်နက်ကိုင် တော်လှန်ရတာဟာ ဘဝမှာ မမျော်လင့်ထားတဲ့ အကြီးမားဆုံး ပြောင်းလဲမှုလို့ မပိုးအိက ပြောပါတယ်။

"စိန်ခေါ်မှုတွေကတော့ အများကြီးပဲ။ ယခင် ဆေးရုံလေးမှာ uniform လေးဝတ်၊ လူနာတွေ ပြုစုပေးရင်းကနေ စစ် uniform ဝတ်၊ လက်နက်ကိုင် တော်လှန်ရပြီဆိုတော့ ကြီးမားသော ပြောင်းလဲမှုကြီးပါပဲရှင့်"

ပထမဆုံး မွေးလူနာကို ရွာလေးတစ်ရွာမှာ မွေးပေးချိန်က အရှေ့ဘက်မှာ ရိတဲ့ ရွာကို စစ်အုပ်စု စစ် ကြောင်းထိုးနေချိန်နဲ့ တိုက်ဆိုင်ခဲ့ပေမယ့် အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့တယ်လို့ ဆရာမ မပိုးအိက ရယ်ရယ်မောမောနဲ့ ပြန်ပြောပြပါတယ်။ အခုချိန်မှာတော့ သူမ အနေနဲ့ အဲ့ဒီလို အခက်အခက်တေွကို စိတ်အေးလက်အေး ကျော်လွှားနိုင်ခဲ့ပြီ ဖြစ်ပေမယ့် ပထမဆုံးအကြိမ်ကတော့ စိတ်မောလူမော ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

2.png

ပခုက္ကူခရိုင် PDF အမှတ်(၁၇)တပ်ရင်း ဆေးတပ်ဖွဲ့ တာဝန်ခံ၊ CDM သူနာပြုဆရာမ မပိုးအိနဲ့ မပိုးအိတို့ ဆေးအဖွဲ့က ဆေးကုသပေးနေစဉ်/Photo - ပေးပို့

သူမတို့ ဆေးတပ်ရင်းအနေနဲ့ မြိုင်မြို့နယ်က ကျေးရွာလေး တစ်ရွာမှာ ပြည်သူ့ကုသရေး ဆေးခန်း ဆိုပြီး ဆေးခန်းလေး ဖွင့်ထားပြီးတော့ အနီးဝန်းကျင် ရွာတွေ သာမက တခြားမြို့နယ်က ပြည်သူတွေကိုပါ လက်ခံ ကုသေပေးနေပြီး တစ်လကို လူနာ (၄၀၀)ဝန်းကျင်အထိ လာရောက်ပြသ၊ ကုသမှု ခံယူကြတယ်လို့ ဆိုပါတယ်။ အဲဒီဆေးခန်းလေးမှာပဲ နွေဦးတော်လှန်ရေး အနာဂတ် သားကောင်းလေးတွေကို မွေးဖွားသန့်စင်ပေးနေတာလည်း ဖြစ်ပါတယ်။

"မွေးဖွားပေးတယ်ဆိုတော့ ဆေးခန်းမှာ လာဖွားကြတယ်။ ဖွားလူတာတွေဆိုလည်း ကျမက ဘယ်လောက် ပေးရမယ် ဆိုတာမျိုး သတ်မှတ်ထားတာမျိုး မရှိဘူး။ သူတို့အဆင်ပြေသလို လှူသွားကြတာပဲ။ ငါးသောင်း လှူကြတယ်၊ တစ်သိန်းလှူကြတယ်။ တချိုဆို ဘာမှ မလှူနိုင်လို့ FOC ပေးလိုက်ရတယ်ရှင့် "

လူနာ များပြားတာကြောင့် သူမတို့ရဲ့ ဆေးခန်းအတွက် ဆေးနဲ့ ဆေးပစ္စည်းတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

7.png

ပခုက္ကူခရိုင် PDF အမှတ်(၁၇)တပ်ရင်း ဆေးတပ်ဖွဲ့ တာဝန်ခံ၊ CDM သူနာပြုဆရာမ မပိုးအိနဲ့ မပိုးအိတို့ ဆေးအဖွဲ့က ဆေးကုသပေးနေစဉ်/Photo - ပေးပို့

ပခုက္ကူခရိုင် တပ်ရင်း(၁၇)ဟာ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်မှာ ရှိတဲ့ တပ်ရင်း ဖြစ်တာကြောင့် စစ်အသုံးစရိတ်နဲ့ ဆေးအသုံးစရိတ်က ရသင့် သလောက် ရပေမယ့် လတိုင်းရတာမျိုး မဟုတ်လို့ လုံလောက်မှု မရှိဘူးလို့ ဆိုပါတယ်။

"အခု ဆေးတွေရဲ့ စျေးနှုန်းတွေက အရမ်းကြီးတယ်။ တခါလေ ပစ္စည်းပြတ်လို့ ဝယ်မရတွေထိ ဖြစ်ရတယ်။ နောက်ပြီး ကျမတို့က အခကြေးငွေ ယူပြီး ကုသပေးနေတာမျိုးလည်း မဟုတ်ဘူး။ အလှူငွေအနေနဲ့ပဲ လက်ခံတယ်ရှင့်။ (ကျပ်)(၂၀၀၀) လှူသွားတာလေးတွေ ရှိသလို (၁၀,၀၀၀)လှူ သွားတာလေးတွေလည်း ရှိတာပေါ့။ တချို့ဆို အဆင်မပြေလို့ မလှူသွားနိုင်ရှာတာလေးတွေလည်း ရှိတယ်။ ကျမတို့က သူတို့အတွက် အကူအညီ ပေးချင်ရုံပါ။ ကျမတို့မယ် လိုအပ်တဲ့ ဆေးဝယ်ဖို့ရာ ငွေကြေး ဘယ်မလဲ။ မရှိပါဘူးရှင်။ အလှူရှင်ဆိုတာကလည်း မရှိသလောက်ကို ရှားပါတယ်။ ဒါကြောင့် ဆေးအလှူလေးလည်း လှူဒန်းပေးကြဖို့ရာ ပြောချင်ပါတယ်ရှင်"

ပခုက္ကူခရိုင် တပ်ရင်း(၁၇)ရဲ့ ဆေးတပ်ဖွဲ့တာဝန်ခံ၊ သူနာပြုဆရာမ မပိုးအိက ဆေးခန်းအတွက် အလှူရှင်တွေကို ဖတ်ခေါ်ပါတယ်။

signal-2024-06-07-171555_005.jpeg

ပခုက္ကူခရိုင် PDF အမှတ်(၁၇)တပ်ရင်း ဆေးတပ်ဖွဲ့ တာဝန်ခံ၊ CDM သူနာပြုဆရာမ မပိုးအိနဲ့ မပိုးအိတို့ ဆေးအဖွဲ့က ဆေးကုသပေးနေစဉ်/Photo - ပေးပို့

CDM သူရဲကောင်း တစ်ယောက်ဖြစ်ဖို့ မလွယ်ကူဘဲ အခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင် ဖြတ်သန်းခဲ့ရတယ်လို့ CDM သူနာပြု ဆရာမ မပိုးအိက ပြောပါတယ်။

"ခက်ခဲတာမှ အတော် ခက်ခဲတာပါပဲရှင်။ ကျမဆိုရင် အိမ်က စီးပွားရေး အဆင်မပြေတဲ့ ကြားထဲကနေ ကျောင်းထားပေးခဲ့တယ်။ ကျောင်းပြီးလို့ အလုပ်ဝင်တော့မှ အိမ်က ချောင်လည်လာတယ်ပေါ့။ အလုပ်ဝင်မှ နှစ်နှစ်လောက် နေရော အာဏာသိမ်းတော့ CDM လုပ်လိုက်တယ်လေ။ တအိမ်လုံးက ကျမ လစာလေးကို မှီခို စားသောက်ရတယ်။ CDM လုပ်လိုက်တော့ ဒုက္ခရောက်ကုန်တော့တာပေါ့။ ကျမက တော်လှန်ရေးထဲ ဝင်လုပ်တော့ ကျမ အမေက သူများအိမ်မှာ (၄၅၀၀)နဲ့ နေ့စားဝင်လုပ်ပြီး မိသားစု ရပ်တည်ရတယ်"

မပိုးအိ CDM ပြုလုပ်လာတဲ့ သုံးနှစ်ကျော်ကာလထိ ဘယ်အဖွဲ့အစည်း၊ ဘယ်အစိုးရဆီကမှ support (ထောက်ပံ့ကူညီတာ)၊ ထောက်ပံ့ကြေး ပေးတာမျိုးလည်း တစ်ခါမှ မရခဲ့ဖူးသေးပါဘူးလို့ ဆိုပါတယ်။ စိတ်ဓါတ် ကျချိန်တွေဆို လက်ရှိအခြေအနေကို လွတ်ချပြီး ရပ်တန့်လိုက်ဖို့အထိ ဒွိဟဖြစ် ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

‘တခါတလေ ဒီ တော်လှန်ရေးကနေ နားပြီး အိမ်အတွက် စီးပွားရေး လုပ်ပေးချင်စိတ် ဖြစ်တယ်။ ပြန်စဥ်းစားရင်ကြလည်း ဒီတော်လှန်ရေးကြီးကို မစွန့်လွှတ်ချင်။ ​နာကျဥ်းချက်တွေနဲ့ ဒီကောင်တွေကို အမြစ်ဖြတ် ဖျေမှုန်းချင်၊ ကိုယ့်ရဲဘော်တွေကိုလည်း မထားခဲ့ရက်နဲ့ ဒွိဟတွေ များခဲ့ရတဲ့ အချိန်တွေလည်း ရှိတာပေါ့။ ကျမ အတွက်ကတော့ ဒီကာလကြီးဟာ တကယ့်ကို ကြမ်းတမ်းတဲ့ ခရီးကြမ်း ကာလကြီးပါ။ ဒီကာလထက် စိတ်ပင်ပန်းမှုကတော့ ရှိမှာ မဟုတ်တော့ပါဘူး “

သူမအတွက် အနာဂတ် ရည်မှန်းချက်ကတော့ တကိုယ်ရည် ရှင်သန်လိုစိတ်ထက် တော်လှန်ရေးကြီး အမြန်ဆုံး အောင်အောင်မြင်မြင် ပြီးမြောက်ဖို့သာ ဆန္ဒရှိတယ်လို့ ပြောပါတယ်။

“တကယ်လို့ တော်လှန်ရေးကြီး ပြီးသွားလို့ အသက်ရှင်ကျန် ရစ်ဦးမယ် ဆိုရင်တော့ ချစ်ရတဲ့ လူတွေနဲ့ ပျော်ပျော်ရွှင်ရွှင် အေးဆေးလေး အနားယူပြီးပဲ နေချင်တော့တယ်”

ရှေ့တန်းမှာ ကျဆုံးခဲ့တဲ့ ရဲဘော်တွေကို မြင်တိုင်း လက်နက်ကိုင် တိုက်ပွဲဝင်လိုတဲ့ ဆန္ဒတွေကတော့ တနင့်တပိုးနဲ့လို့ မပိုးအိက ပြောပါတယ်။

ရှေ့တန်းမှာ လက်နက်စွဲကိုင်ပြီး တိုက်ပွဲ မဝင်ခဲ့ပေမယ် တိုက်ပွဲဖြစ်နေတဲ့ ကျည်ဆန်တွေ ကြားထဲ ကနေ လူနာတွေကို တက်ပြီးတော့ ဆွဲယူကာ ခွဲစိတ်ဓါးကိုင် ကုသပေးခဲ့တဲ့ ဖြစ်စဉ်တွေကိုလည်း အခုလို ပြောပါတယ်။

"မှတ်မှတ်ရရတော့ (ရေစကြို၊ မြိုင်နဲ့ဆားလင်းကြီး သုံးမြို့နယ်အစပ်၊ ချင်းတွင်းမြစ်ကူးတံတား) ဆင်ဖြူရှင် စခန်းသိမ်း တိုက်ပွဲပေါ့။ ကျည်ဆံတွေ တရွှီးရွှီး ကြားထဲကနေ လူနာတွေ တက်ဆွဲရတာ။ ဘယ်ကျည်ဆံက ကိုယ့်လာမှန် မလဲ မသိတဲ့ အနေအထားမှာဆိုတော့ အသက်အန္တရာယ် ကြီးခဲ့တာပေါ့ "

3.png

ပခုက္ကူခရိုင် PDF အမှတ်(၁၇)တပ်ရင်း ဆေးတပ်ဖွဲ့ တာဝန်ခံ၊ CDM သူနာပြုဆရာမ မပိုးအိနဲ့ မပိုးအိတို့ ဆေးအဖွဲ့က ဆေးကုသပေးနေစဉ်/Photo - ပေးပို့

မကွေးတိုင်း ဆိုတာက စစ်အုပ်စုရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်နဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရဲ့ အလယ်နေရာမှာ တည်ရှိနေသလို အာဏာသိမ်း စစ်အုပ်စု အခြေပြုရာ နေပြည်တော် ဝင်ပေါက် လမ်းကြောင်း တစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အုပ်စုရဲ့ ကပစ လို့ ခေါ်တဲ့ လက်နက်စက်ရုံ (၁၃)ရုံအထိ တည်ရှိနေတဲ့ ဒေသလည်း ဖြစ်ပါတယ်။

မကွေးတိုင်းထဲ စစ်အုပ်စု အထိုင်တပ်ရင်းတွေ အများအပြား ရှိသလို အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုက လက်သပ်မွေးထားတဲ့ ပြည်သူ့စစ် အမည်ခံ ပျူစောထီးတွေ ပေါများတဲ့ တိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

မကွေးတိုင်းဟာ နွေဦးတော်လှန်ရေးကာလ အာဏာသိမ်း စစ်အုပ်စုကို ခုခံတော်လှန်ရာမှာလည်း အားကောင်းတဲ့ တိုင်းတစ်တိုင်းဖြစ်ပြီး အဓိကအားဖြင့် ပခုက္ကူခရိုင်နဲ့ ဂန့်ဂေါခရိုင်က လူထုဟာ စစ်အုစ်စုကို တွန်းလှန် တိုက်ခိုက်ရာမှာ အားအကောင်းဆုံး ဖြစ်ပါတယ်။

စစ်အုပ်စုကလည်း သူတို့ကို ခုခံတော်လှန်နေတဲ့ ဒေသခံပြည်သူတွေကို ရနိုင်သလောက် ဖိနှိပ်နေပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်တာ၊ ရွာလုံးကျွတ် မီးရှို့တာ၊ တွေ့သမျှကို ဖမ်းဆီးငွေညှစ် ပေါ်တာဆွဲတာတွေကို စစ်အာဏာသိမ်းချိန်က စလို့ ဒီနေ့အထိ ထင်တိုင်းကျဲ ကျူးလွန်နေပါတယ်။

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီကနေ ၂၀၂၃ ဇွန်လအထိ မကွေးတိုင်းထဲ စစ်အုပ်စုက ရွာတွေကို မီးရှိုပဖျက်ဆီးလို့ အိမ်ခြေ(၁၁,၀၀၀)ကျော် မီးလောင်ပြာကျခဲ့တယ်လို့ Data for Myanmar က ဖော်ပြပါတယ်။ Data for Myanmar အဖွဲ့ဟာ စစ်အုပ်စုရဲ့ နိုင်ငံတဝန်း မီးရှို့ဖျက်ဆီးမှုတွေနဲ့ ပတ်သက်လို့ မှတ်တမ်းပြုစု ဖော်ပြနေတဲ့အဖွဲ့ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်အုပ်စုက မကွေးတိုင်းထဲက ခုခံတော်လှန်မှူ အားကောင်းတဲ့ ပခုက္ကူနဲ့ ဂန့်ဂေါခရိုင်ထဲက မြို့နယ်တွေ ဖြစ်တဲ့ ဂန့်ဂေါ၊ ဆော၊ ထီးလင်း၊ ပေါက်နဲ့ မြိုင်မြို့နယ်တွေကို စစ်အာဏာသိမ်းမှု နှစ်နှစ်ပြည့်ဖြစ်တဲ့ ၂၀၂၃ ဖေဖေါ်ဝါရီကတည်းက စစ်အုပ်ချုပ်ရေး (မာရှယ်လော) ကြေညာထားပါတယ်။

CDM သူနာပြုဆရာမလေး မပိုးအိကတော့ စစ်ဘေးရှောင်ပြည်သူတွေကို ကျန်းမာရေး ပြုစုစောင့်ရှောက်မှု ပေးနေသလို တဖက်မှာလည်း တိုင်းပြည်အနာဂတ် ကလေးငယ်တွေကို မွေးဖွားပေးနေပါတယ်။ အဲဒီလိုပဲ စစ်အာဏာရှင်ကို တိုက်ထုတ်နေတဲ့ စစ်ပွဲတွေမှာလည်း ရှေ့တန်းအထိကို ပါဝင်ပြီးတော့ ဆေးပညာနဲ့ ခွဲစိပ်ဓားကိုင်ပြီး အာဏာရှင်ကို တိုက်ထုတ်နေပါတယ်။

"အညာဒေသဟာဆိုရင် စစ်ဘေးဒဏ်ကို အတော်ခံခဲ့ရတယ်။ နေအိမ်မီးလောင်သူတွေ ရှိသလို နေရပ် စွန့်ခွာရပြီး တောထဲ ပုန်းခို နေကြရသူတွေလည်း ရှိတယ်။ အခုချိန်မှာဆိုရင် ပြည်သူတွေ အေးအေးချမ်းချမ်း အိပ်နေနိုင်ကြပြီ၊ ဒါဟာ ကျမတို့ပြောနိုင်တဲ့ နယ်မြေစိုးမိုးမှုပဲ "

#Mandalay_Free_Press_MFP

 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ