“အညာ PDF ရဲဘော်နှစ်ဦးရဲ့ ခြောက်လကြာ Spy (သူလျှို) စွန့်စားခန်း”

“အညာ PDF ရဲဘော်နှစ်ဦးရဲ့ ခြောက်လကြာ Spy (သူလျှို) စွန့်စားခန်း”

ရေးသူ - သက်တန့် (MFP)၊ ဆောင်းပါး

နာမည်က ရဲဘော် ကျောင်းသား။ တက္ကသိုလ် ပထမနှစ် တက်နေရင်း စစ်အာဏာသိမ်းလိုက်ချိန် ကျောင်း ဆက်မတက်တော့ဘဲ လက်နက်ကိုင် တော်လှန်ခဲ့သူ။ အသက်က(၂၁)နှစ်။ အညာသား ဆိုပေမယ့် အသားအရည်က ညိုညိုစိုစို၊ ကိုယ်နေဟန်ထား ခပ်တောင့်တောင့်နဲ့ မြန်မာ အက်ရှင်ကားတွေမှာ မင်းသား ဖြစ်နိုင်တဲ့ ရုပ်ရည်မျိုး။ CDM တက္ကသိုလ်ကျောင်းသား မောင်ကျောင်းသားကို ရဲဘော်ရဲဘက်တွေက ရဲဘော်ကျောင်းသားလို့ ချစ်စနိုး ခေါ်ကြတယ်။

2.png

ရဲဘော် ကျောင်းသား /Photo - ပေးပို့

စုံထောက်၊ သူလျှိုနဲ့ စွန့်စားခန်း ရုပ်ရှင်တွေ ကြည့်ပြီး အဲဒီ ဇာတ်ကောင်တွေကို အားကျခဲ့တယ်ဆိုတဲ့ ရဲဘော် ကျောင်းသား က တကယ့်လက်တွေ့ ဘဝမှာလည်း ရန်သူ စစ်အုပ်စုရဲ့ အခြေစိုက် စခန်းမှာ ခြောက်လကြာ Spy (သူလျှို) အဖြစ် စွန့်စားခန်း ဝင်ခဲ့သူ။

အဲဒီ ဇာတ်ကောင်တွေလိုပဲ ကျနော်က စွန့်စားရတာ ကြိုက်တယ်”လို့ ရဲဘော်ကျောင်းသားက ပြောပါတယ်။

အချိန်က ၂၀၂၃ စက်တင်ဘာ။ ရဲဘော်ကျောင်းသားနဲ့ အသက်(၄၀)ကျော်အရွယ် CDM ကျောင်းဆရာ ရဲဘော် ဘိုးတော် တို့ ပူးပေါင်းပြီး ရန်သူ စစ်အုပ်စုရဲ့ စခန်းကို သူလျှို အဖြစ် ဝင်ရောက် စွန့်စားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

သူတို့ရဲ့ ပစ်မှတ်က မကွေးတိုင်း ပခုက္ကူမြို့နယ်၊ ကမ္မတိုက်နယ်ထဲက ရေနံတွင်း၊ ရေနံမှော်တွေကို လုံခြုံရေးယူ၊ အစောင့်ချထားတဲ့ စစ်အုပ်စုရဲ့ သာကြီးတောင် ရေနံမြေ ရဲစခန်း။

သူလျှိုလုပ်ရခြင်း ရည်ရွယ်ချက်က စစ်အုပ်စုရဲ့ သာကြီးတောင် ရေနံမြေ ရဲစခန်းကို ချေမှုန်းဖို့နဲ့ ရန်သူ့လက်နက် ကိုယ့်လက်နက် ဖြစ်ရေး။

သူလျှိုအဖြစ် ခြောက်လကျော်ကြာ စွန့်စားပြီးနောက် ယခု ၂၀၂၄ခု၊ မတ်(၁၃)ရက် ညနေပိုင်းမှာတော့ ရဲဘော် ကျောင်းသားရော ရဲဘော် ဘိုးတော်ရော၊ နှစ်ယောက်စလုံး စစ်အုပ်စုရဲ့ သာကြီးတောင် ရေနံမြေ ရဲစခန်း ကနေ (G-3) သေနတ် သုံးလက်၊ ကျည်ဘောက် ငါးခုနဲ့ ကျည်အတောင့် (၈၀)ကို ယူဆောင်ပြီး သူတို့ရဲ့ သူလျှို စွန့်စားခန်းကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပါတယ်။

1.png

ခြောက်လကြာ သူလျှိုအဖြစ် လုပ်ကိုင်ပြီးနောက် ရရှိခဲ့တဲ့ လက်နက်တွေ/Photo - ပေးပို့

  • သူလျှိုအဖြစ် ထိုးဖောက်ဝင်ရောက်မယ့် သာကြီးတောင် ရေနံမြေရဲစခန်း
  • မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မတိုက်နယ်ထဲက သာကြီးတောင် ရေနံမြေ ရဲစခန်းဟာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေလုပ်ငန်းက ပိုင်တဲ့ သာကြီးတောင် ရေနံမြေက ရေနံတွင်းတွေကို လုံခြုံရေးယူ စောင့်ရှောက်ပေးရတဲ့ စခန်း ဖြစ်ပါတယ်။

မြိုင်မြို့နယ် အပါအဝင် ပေါက်နဲ့ ပခုက္ကူ စတဲ့ မကွေးတိုင်းထဲက မြို့နယ်တချို့မှာ ရေနံ တူးဖော်ထွက်ရှိပါတယ်။ တချို့သော ရေနံတွင်းတွေကို စွမ်းအင်ဝန်ကြီးဌာနပိုင်အဖြစ် သတ်မှတ်ထားပြီး သာကြီးတောင် ရေနံမြေ ရဲစခန်း လိုမျိုး ကာကွယ်ရေးနဲ့ ပြည်ထဲရေး ဝန်ကြီးဌာနတွေက အဲ့ဒီ ရေနံတွင်း၊ ရေနံမြေတွေကို လုံခြုံရေး ယူပေးကာ ဒေသကို ထိန်းချုပ်ထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာတော့ သာကြီးတောင် ရေနံမြေရဲစခန်းက စစ်အုပ်စု အပါအဝင် မကွေးတိုငါးအတွင်းက ရေနံတွင်းစောင့် စစ်အုပ်စုဟာ ဝန်ကြီးဌာနပိုင် တနည်းအားဖြင့် ပြည်သူပိုင် ရေနံတွေကို မှောင်ခိုးစျေးနဲ့ ပေါ်ပေါ်တင်တင် ခိုးထုတ်ရောင်းချပြီး ဝင်ငွေ ရှာကြပါတော့တယ်။

ရဲဘော်ကျောင်းသားနဲ့ ရဲဘော်ဘိုးတော်တို့ နှစ်ယောက်ဟာ မကွေးတိုင်း၊ မြိုင်နယ်အခြေပြု၊ မြိုင်မြို့နယ် ပြည်သူကာကွယ်ရေး အဖွဲ့ - မြိုင် ပကဖ အဖွဲ့ဝင် တော်လှန်ရေး ရဲဘော်တွေပါ။ ရဲဘော်ကျောင်းသားက PDF Kamma (ကမ္မတပ်ပေါင်းစု)တပ်ဖွဲ့က ဖြစ်ပြီး ရဲဘော်ဘိုးတော်ကတော့ မြိုင် ပကဖ ကပါ။

မြိုင် ပကဖ အနေနဲ့ အင်အား ရာထောင်ချီ စုဖွဲ့ပြီး လက်နက်ကိုင် တိုက်ပွဲဝင်နေပေမယ့် လက်နက်ခဲယမ်း ပြည့်စုံ လုံလောက်မှု မရှိပါဘူး။ ပြည်သူတွေရဲ့ လှူဒါန်းထောက်ပံ့မှုနဲ့ ရပ်တည်နေရပြီး စစ်အုပ်စုကို ဆက်လက် တိုက်ခိုက် နိုင်ဖို့ ရိက္ခါနဲ့ လက်နက်ခဲယမ်းတွေ လိုအပ်နေပါတယ်။

“ကျနော်တို့အဖွဲ့မှာက ရဲဘော်သုံးယောက်မှ သေနတ် တစ်လက်ပဲ ရှိတယ်”လို့ မြိုင် ပကဖ ခေါင်းဆောင် ဗိုလ်လက်ယာက ပြောပါတယ်။

မြိုင် ပကဖ တာဝန်ရှိသူတွေ အနေနဲ့ အဖွဲ့အစည်း အတွက် ဝင်ငွေရဖို့ရော၊ စစ်အုပ်စုကို ချေမှုန်းနိုင်ဖို့ရော၊ ရန်သူ့လက်နက် ကိုယ့်လက်နက် ဖြစ်လာရေး အတွက်ပါ စဉ်းစားပြီး မြိုင်နယ်က သာကြီးတောင် ရေနံမြေ ရဲစခန်းကို သူလျှိုလုပ်ပြီး ဝင်ရောက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

photo_2024-03-14_21-14-21.jpg

သာကြီးတောင် ရေနံမြေ ရဲစခန်းက ရရှိခဲ့တဲ့ လက်နက်တွေ/Photo - မြိုင် ပကဖ 

သာကြီးတောင် ရေနံမြေရဲစခန်းရဲ့ အားနည်းချက်ဟာလည်း ဒေသတွင်းက တခြားသော ရေနံတွင်းအစောင့် ရဲစခန်းတွေလိုပဲ ဝန်ကြီးဌာနပိုင် ရေနံတွေ ခိုးထုတ်ရောင်းစားတာပါ။ ဒါကြောင့် ရေနံ အရောင်းအဝယ်သမား ဟန်ဆောင်ပြီး ချဉ်းကပ်ရင် အလွယ်တကူနဲ့ ဝင်ထွက်လို့ရနိုင်မှန်း ရဲဘော်ကျောင်းသားတို့ တစ်စု သဘောပေါက်ထားပါတယ်။

  • အညာ PDF ရဲဘော်နှစ်ဦးရဲ့ သူလျှိုဘဝ အစ

သူလျှို တစ်ယောက်ရဲ့ တာဝန်ဟာ ရန်သူ့ဆီက ယုံကြည်မှုရအောင် တည်ဆောက်ပြီး အဲဒီ ယုံကြည်မှုကို အသုံးချကာ ရန်သူကို ချေမှုန်းရတာမျိုး ဖြစ်ပါတယ်။

လောင်းကစားတစ်ခုလို အလျှော်အစားကြီးပြီး အခန့်မသင့်လို့ သတင်းပေါက်ကြားသွားရင် အသက်ပါ ဆုံးရှုံး နိုင်ပေမယ့် လက်နက် လိုအပ်ချက် ကြီးမားတဲ့အတွက် အခုလို သူသျှိုအဖြစ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်တယ်လို့ ရဲဘော်ကျောင်းသားက ပြောပါတယ်။

ရဲဘော်ကျောင်းသားတို့ နှစ်ယောက်ဟာ သာကြီးတောင် ရေနံမြေရဲစခန်းကို ဝင်ရောက်ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ရေနံ အရောင်းအဝယ် လုပ်ကိုင်သူတွေအဖြစ် ဟန်ဆောင်ကာ အဲ့ဒီ ရဲစခန်းက စစ်အုပ်စုကို ဆက်သွယ် ကြပါတယ်။

ကျနော်တို့လည်း ရေနံ ထုတ်ချင်ပါတယ်။ အရင်လူတွေထက် ဈေးနည်းနည်း ပိုပေးနိုင်ရင် ပိုပေးပါမယ်။ တခြား ဝယ်လက်တွေနဲ့လည်း ချိတ်ပေးမယ်။ ကျနော်တို့က ဆရာတို့ကို ထောက်ခံတဲ့သူတွေပါ” လို့ ပြောပြီး စစ်အုပ်စုကို စတင် ချဉ်းကပ်ခဲ့တယ်လို့ ရဲဘော်ကျောင်းသားက ပြောပြပါတယ်။

သူတို့ နှစ်ယောက် သာကြီးတောင် ရေနံမြေကနေ ရေနံထုတ်ခွင့် ရရှိခဲ့ပြီး စစ်အုပ်စုက သူတို့ နှစ်ယောက်ကို တကယ်ပဲ ရေနံ အရောင်းအဝယ် လုပ်သူတွေလို့ ထင်မှတ်သွားကြတယ်လို့ ဆိုပါတယ်။

3.png

ရဲဘော် ကျောင်းသား /Photo - ပေးပို့

သုံးခါလောက် အရောင်းအဝယ် လုပ်ပြပြီးချိန်မှာတော့ စစ်အုပ်စုက သူတို့နှစ်ယောက်ကို ယုံကြည်သွားသလို လုပ်ငန်းက ရတဲ့ အမြတ်ငွေက ရဲဘော် ကျောင်းသားတို့ရဲ့ မိခင် တပ်ရင်းတပ်ဖွဲ့အတွက်လည်း ရိက္ခါနဲ့ လက်နက်ခဲယမ်း ဝယ်ယူနိုင်ဖို့ ဝင်ငွေလမ်းကြောင်းတစ်ခု ဖြစ်လာတယ်လို့ ဆိုပါတယ်။

ရေနံ မှောင်ခို ရောင်းဝယ်ခြင်းဆိုတာက စစ်အုပ်စုက သူတို့ စောင့်ရှောက်ပေးရတဲ့ ရေနံတွေကို ဆီတစ်ပေပါ ကျပ်တစ်သိန်းနှုန်းနဲ့ ခိုးထုတ် ရောင်းစားပြီး ရဲဘော်ကျောင်းသားတို့လို ပွဲစားက စစ်အုပ်စုက ရောင်းပေးတဲ့ သူခိုးစျေးနဲ့ ဝယ်ယူကာ စခန်းအပြင်ကို သယ်ထုတ်ပြီး တခြားမြို့ရွာမှာ ရေနံတစ်ပေပါ ကျပ်သုံးသိန်း (၂၀၂၃ စက်တင်ဘာ ပေါက်စျေး)နဲ့ ပြန်လည် ရောင်းချတာမျိုးပါ။ စစ်အုပ်စုထံကနေ သယ်ထုတ်ဖို့ ကားခက တစ်ပေပါ ကျပ်ငါးသောင်းလောက် ကုန်ကျတာကြောင့် ရေနံတစ်ပေပါ သယ်ထုတ်ရောင်းဝယ်နိုင်တိုင်း ကျပ်တစ်သိန်းခွဲ ရင်းပြီး ကျပ်သုံးသိန်း ပြန်ရတာကြောင့်၊ ထက်ဝက်ခန့် အမြတ်ငွေ ရပါတယ်။

အဲ့လို ရေနံမှောင်ခိုသမားတွေအဖြစ် လုပ်ကိုင်နေရင်း တနေ့မှာတော့ သာကြီးတောင် ရေနံမြေစခန်းက စစ်အုပ်စု ရဲတစ်ယောက်က ရဲဘော် ကျောင်းသားတို့ကို ပိုမို ယုံကြည်မှု ရှိလာပြီး သူတို့ရဲ့ စခန်းထဲမှာ လာနေဖို့ ဖိတ်ခေါ်ခဲ့တယ်လို့ ဆိုပါတယ်။

ရဲဘော်ကျောင်းသားတို့က ချက်ချင်း အဖြေမပေးဘဲ စဉ်းစားဦးမယ်ဆိုပြီး အဖွဲ့အတွင်း ပြန်တိုင်ပင်ကြပါတယ်။

စစ်အုပ်စုဘက်က ဒီလို ပြောလာချိန်မှာ ရဲဘော်ကျောင်းသားတို့က မြိုင်(ပကဖ) ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်လက်ယာတို့ကို ပြန်လည် ပြောပြခဲ့ပါတယ်။ သာကြီးတောင် ရေနံမြေရဲစခန်းက စစ်အုပ်စုဟာ သူတို့ နှစ်ယောက်ကို ယုံကြည်နေပြီ ဖြစ်ကြောင်း၊ စခန်းမှာ လာနေလို့ ရကြောင်း၊ စခန်းမှာနေပြီး ရေနံ အရောင်းအဝယ် လုပ်လို့ ရကြောင်း၊ ဒီမှာပဲ စားသောက်ပြီး အတူတူ နေလို့ရကြောင်း ပြောပြပြီး ဘယ်လို လုပ်မယ်ဆိုတာ တိုင်ပင် ကြပါတယ်။

အဲဒီ ရေနံမြေစခန်းမှာ နေရင်တော့ လက်နက်တွေ ရနိုင်သလို စစ်အုပ်စုကို ချေမှုန်းဖို့ စခန်းရဲ့ အနေအထားနဲ့ အင်အားကို သိရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်အုပ်စုရဲ့ ဖိတ်ခေါ်ချက်ကို လက်ခံပြီး အဲ့ဒီ စခန်းထဲ သွားကာ သူလျှိုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း ရဲဘော်ကျောင်းသားက ပြောပါတယ်။

မင်းတို့ နှစ်ယောက် သူလျှိုအဖြစ်နဲ့ အဲဒီစခန်းမှာ သွားနေဖို့ ဖြစ်နိုင်မလား” ဆိုပြီး ဗိုလ်လက်ယာက မေးလိုက်ချိန်မှာ “ရတယ်။ ကျနော်တို့ လုပ်နိုင်တယ်။ ဒီဟာကို ရအောင်လုပ်မယ်” လို့ အဖြေပေးပြီး ရဲဘော်ကျောင်းသားတို့ နှစ်ယောက် သာကြီးတောင် ရေနံမြေ ရဲစခန်းမှာ သွားရောက်နေထိုင်ကြပါတယ်။

ရဲဘော်ကျောင်းသားက ငယ်ရွယ်သလို သွက်သွက်လက်လက်နဲ့ လုပ်ရဲကိုင်ရဲ ရှိသူ ဖြစ်ကာ ရဲဘော် ဘိုးတော် ကတော့ ကျောင်းဆရာလည်းဖြစ်၊ အပြောအဆိုလည်း ပါးနပ်သလို လူကဲခပ်လည်း လိမ္မာ ပါးနပ်တာကြောင့် သူတို့ နှစ်ယောက်ကို သူလျှိုအဖြစ် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ကာ စေလွှတ်ခဲ့တာလို့ ဗိုလ်လက်ယာက ပြောပါတယ်။

“အရင်းအနှီးကြီးပြီး စွန့်စားရတယ် ဆိုပေမယ့် ဒီဟာအောင်မြင်ဖို့က ကျနော်တို့မှာ (၉၀)ရာခိုင်နှုန်းလောက်က သေချာလို့ အခုလို ဆုံးဖြတ်လိုက်ကြတာ ဖြစ်တယ်” လို့ ဗိုလ်လက်ယာက ဆိုပါတယ်။

photo_2024-05-01_10-48-05.jpg

ရဲဘော် ဘိုးတော် /Photo - မြိုင် ပကဖ

PDF သူလျှို ရဲဘော်ကျောင်းသားတို့ နှစ်ယောက်ကတော့ ရေနံ အရောင်းအဝယ် လုပ်ငန်းရှင်တွေအဖြစ်နဲ့ သာကြီးတောင် ရေနံမြေရဲစခန်းထဲကို ရောက်ရှိသွားပါပြီ။

ကျနော်တို့က နိုင်ငံရေးတွေ တော်လှန်ရေးတွေ စိတ်မဝင်စားဘူး။ ဆရာတို့ လိုတာပြော၊ ကျနော်တို့ကတော့ လိုတာ လုပ်ပေးမယ်” လို့ ပြောပြီး စစ်အုပ်စုရဲ့ ယုံကြည်မှု ပိုရအောင် အောက်ကနေ ဆက်ဆံပြောဆို ရတယ်လို့ ရဲဘော်ကျောင်းသားက ပြောပါတယ်။

သာကြီးတောင် ရေနံမြေရဲစခန်း အပါအဝင် မြိုင်နယ်ထဲက စစ်အုပ်စုဟာ သူတို့ အထိုင်ချရာ နေရာက လွဲပြီး စခန်းအပြင် မထွက်ရဲကြသလို စားနပ်ရိက္ခါအတွက်ကိုပင် ဈေးဝယ်မထွက်ရဲကြပါဘူး။

ဒေသတွင်း စစ်ကြောင်းထိုးပြီး စစ်အုပ်စု စခန်းရောက်လာမှသာ ရိက္ခါရရှိတာမျိုး ဖြစ်တာကြောင့် ရဲဘော်ကျောင်းသားတို့ စခန်း ရောက်သွားချိန်မှာတော့ စစ်အုပ်စုအတွက် စားချင်သောက်ချင်တာ သွားဝယ်ခိုင်းဖို့ အတွက်ပါ ခိုင်းစရာ ရလာပါတယ်။

စစ်အုပ်စုက အရက်ဘီယာ သောက်ချင်တယ်၊ ထမင်းကြော် စားချင်တယ်ဆိုလည်း စခန်းနဲ့ ခုနှစ်မိုင်ခန့် အကွာမှာ ရှိတဲ့ ကမ္မမြို့ပေါ်ကို သွားဝယ်ပေးရတာ၊ စစ်အုပ်စု တချို့က WY ဆေးပြား ချချင်တယ်ဆိုရင် ဆေးပြား ဝယ်ပေး ရတာ၊ စစ်အုပ်စု တစ်ယောက်ယောက် မွေးနေ့မို့ မွေးနေ့ကိတ် မှာပေးရတာတွေလည်း ရှိပါတယ်။ ရဲဘော်ကျောင်းသားတို့ နှစ်ယောက်ဟာ မနက် မိုးလင်းပြီဆိုတာနဲ့ စစ်အုပ်စုအတွက် ထမင်း ချက်ကျွေးရ၊ ထင်းခွဲ ပေးရစလို ရေနံ အရောင်းအဝယ်လုပ်ဖို့ ချိတ်ဆက်ပေးရ၊ ရေနံ အရောင်းအဝယ်မလုပ်ခင် အဆင်သင့် ရောင်းနိုင်ဖို့ ရေနံစက် မောင်းပေးရတာတွေ လုပ်ရတယ်လို့ ဆိုပါတယ်။

ဒါတွေက သူလျှိုဘဝ ခြောက်လတာ အတွင်း နိစ္စဓူဝ စစ်အုပ်စု အတွက် လုပ်ဆောင်ပေးရတဲ့ လုပ်ငန်း ဆောင်တာတွေ ဖြစ်ပါတယ်။

ကျနော်တို့ကလည်း သူလျှိုလုပ်တာဆိုတော့ ကျနော်တို့ လုပ်တာ ပိရိချင်လို့ ပင်ပန်းပေမယ့် သူတို့လိုတာ အောက်ကျ နောက်ကျ ခံပြီး လုပ်ပေးလိုက်တာပေါ့” လို့ ရဲဘော်ကျောင်းသားက ပြောပါတယ်။

သူတို့နှစ်ယောက်ကို အနိုင်ကျင့် ခိုင်းစေတာမျိုး မရှိဘဲ စစ်အုပ်စုက သူတို့အတွက်လည်း အသုံးတည့်တာကြောင့် အတင်းအကြပ် ခိုင်းစေရင် သစ္စာဖောက်သွားမှာ စိုးတာလည်း ပါမယ်ထင်တယ်လို့ သူက ယူဆပါတယ်။

photo_2024-05-01_10-48-06.jpg

ရဲဘော် ကျောင်းသား /Photo - မြိုင် ပကဖ

သာကြီးတောင် ရဲနံမြေစခန်းအတွင်းမှာ ရဲအပါအဝင် စစ်အုပ်စု (၅၀)ဝန်းကျင် ရှိပြီး (၁၀)ယောက်တစ်ဖွဲ့၊ ခုနှစ်ယောက်တစ်ဖွဲ့ စသဖြင့် အဖွဲ့တွေ ခွဲကာ ရေနံမြေအတွင်းက အဆောင်တွေမှာ တစ်ဆောင်စီ ခွဲနေကြတယ်လို့ ဆိုပါတယ်။ တစ်ဆောင်နဲ့တစ်ဆောင်က ခပ်လှမ်းလှမ်းမှာ ရှိပါတယ်။

ရဲဘော်ကျောင်းသားတို့နဲ့ ခင်တဲ့ စစ်အုပ်စု အဖွဲ့မှာ (၁၀)ဦး ရှိပါတယ်။ အစပိုင်းမှာ အဲ့ဒီ စစ်အုပ်စု (၁၀)ဦးရဲ့ ယုံကြည်မှုကိုသာ ရရှိပြီး ကျန်တဲ့အဖွဲ့တွေက သူတို့နှစ်ဦးကို သိပ်မယုံကြည်ကြသေးဘူးလို့ ဆိုပါတယ်။

  • ရန်သူ့စခန်းကို ချေမှုန်းဖို့ ကြံရာက ရုတ်တရက် အစီအစဉ် ပြောင်းလဲရ

လအနည်းငယ် ကြာတဲ့အခါ သာကြီးတောင် ရေနံမြေ ရဲစခန်းရဲ့ အချက်အလက်တွေကို ရဲဘော်ကျောင်းသားတို့ နှစ်ယောက် စုဆောင်းနိုင်ခဲ့ပြီး စခန်းတစ်ခုလုံးကို သိမ်းပိုက်ချေမှုန်းဖို့အတွက် ပြင်ဆင် ကြပါတော့တယ်။

ဒါပေမယ့် သူတို့အစီအစဉ်တိုင်း လုပ်ဆောင်ဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေတစ်ခုက ဖန်တီးလာပါတယ်။

အဲဒါက ပခုက္ကူမြို့ အမှတ် (၁၀၁) ခြေမြန်တပ်မ ဌာနချုပ် ကနေ စစ်အုပ်စု အင်အား (၇၀၀)ကျော်နဲ့ ထွက်လာပြီး ယောဒေသနဲ့ ချင်းပြည်နယ်ကို ရိက္ခါပို့ယာဉ်တန်း ထွက်ခွါလာမယ်ဆိုတာပါ။ အဲဒီ ယာဉ်တန်း ထွက်လာရင် ကမ္မတိုက်နယ်ကိုလည်း ရောက်ရှိမှာဖြစ်ပြီး သာကြီးတောင် ရေနံမြေစခန်းမှာ အင်အား ထပ်တိုးမယ်လို့ ကြားသိရသလို လူအချိန်းအပြောင်း လုပ်မယ်ဆိုပြီးတော့လည်း ကြားသိရပြန်ပါတယ်။

သူလျှိုအဖြစ် နေရင်းနဲ့ စခန်းကို ချေမှုန်းနိုင်ဖို့ ကြံနေတဲ့ ရဲဘော်ကျောင်းသားတို့ နှစ်ယောက် စဉ်းစားရပါပြီ။

တကယ်လို့ သာကြီးတောင် ရေနံမြေရဲစခန်းကို စစ်အုပ်စု အင်အား ထပ်တိုးတာပဲ ဖြစ်ဖြစ်၊ လူအချိန်းအပြောင်း လုပ်တာပဲ ဖြစ်ဖြစ်၊ လူသစ်တွေနဲ့ဆိုရင် သူတို့ရဲ့ အကြံအစည်တွေက ဘယ်လိုမှ အဆင်ပြေနိုင်မှာ မဟုတ်ဘူး ဆိုတာပါ။ ဒါ့ကြောင့် စခန်းကို ချေမှုန်းမယ့် အစီအစဉ်အစား ပခုက္ကူက စစ်ယာဉ်တန်း မရောက်ခင် လက်နက်တွေပဲ ရသလောက် သယ်ထုတ်သွားကြမယ်ပြီး အစီအစဉ် ပြောင်းလဲခဲ့တယ်လို့ ဆိုပါတယ်။

မလုပ်ချင်သေးဘဲနဲ့ လုပ်လိုက်ရတာ။ အချိန်တစ်ခု ထပ်ရလို့ရှိရင် ဒီထက်ကောင်းတဲ့ အစီစဉ်တွေနဲ့ ဒီထက်ကောင်းတဲ့ အခွင့်အလမ်းတွေ ပိုရမှာ” လို့ ရဲဘော်ကျောင်းသားက မချိတင်ကဲ ပြောပါတယ်။

နောက်ဆုံးမှာတော့ သေနတ်တွေပဲ ရသလောက် သယ်ဖို့အတွက် မြိုင်(ပကဖ)ခေါင်းဆောင် ဗိုလ်လက်ယာတို့နဲ့ ချိတ်ဆက်ပြီး အစီအစဉ် ဆွဲလိုက်ကြပါတယ်။

  • သူလျှိုဘဝ နောက်ဆုံးညနေ

မတ်(၁၃)ရက် ညနေပိုင်းမှာတော့ ရဲဘော်ကျောင်းသားတို့ရဲ့ သူလျှိုအဖြစ် လုပ်ဆောင်ရမယ့် နောက်ဆုံးနေ့ရက်ကို ရောက်ရှိ လာပါပြီ။

ရဲဘော်ကျောင်းသားက မနက်ဖြန် ရေနံဝယ်မယ့်သူနဲ့ ချိတ်ထားပြီး ဖြစ်တာကြောင့် ရေနံသွားမောင်းရအောင်ဆိုပြီး စစ်အုပ်စုအဖွဲ့ (၁၀)ဦးထဲက ကိုးဦးကို ရေနံမောင်းဖို့ ခေါ်ဆောင်သွားပါတယ်။ သံတိုသံစတွေပါ ရောင်းဖို့ ချိတ်ဆက်ထားတယ် ဆိုပြီး ခေါ်ဆောင်သွားတာပါ။ စစ်အုပ်စုအဖွဲ့ဝင် တစ်ဦးက လုံခြုံရေး ကျန်ခဲ့ပြီး ရဲဘော် ဘိုးတော်ကတော့ ထမင်းချက် ကျန်ခဲ့ပါတယ်။ ကျန်ခဲ့တဲ့ စစ်အုပ်စု တစ်ဦးက WY မူးယစ်ဆေး ချချင်နေပါတယ်။

ဆေးချချင်တဲ့ တစ်ယောက်ကိုလည်း အရင်နေ့တွေ ကတည်းက WY ဆေးချဖို့အတွက် ရဲဘော်ကျောင်းသားတို့က ဝယ်ပေးထားတာပါ။ ရဲဘော်ကျောင်းသားက စစ်အုပ်စုအဖွဲ့ဝင် ကိုးယောက်ကို မနက်ဖြန်အတွက် အဆင်သင့် ရောင်းနိုင်ဖို့ ရေနံမောင်းရန် ခေါ်ထုတ်သွားပြီး သူတို့ရဲ့ လက်နက်တွေကိုတော့ အဆောင်ထဲမှာပဲ ချန်ထားခဲ့တာပါ။

ထမင်းချက် ကျန်ခဲ့တဲ့ ရဲဘော်ဘိုးတော် ကလည်း လုံခြုံရေးကျန်ခဲ့တဲ့ စစ်အုပ်စု တစ်ဦးကို ဆေးချချင်ချပါ၊ လုံခြုံရေးအတွက် ကျနော် တာဝန်ယူပေးပါ့မယ်လို့ ပြောပြီး ဆေးချခိုင်းလိုက်ပါတယ်။

အဆောင်မှာ လုံခြုံရေးအဖြစ် တစ်ဦးတည်း ကျန်ခဲ့တဲ့ စစ်အုပ်စု ရဲတစ်ယောက် ဆေးချလို့ အရှိန်ကောင်းနေပြီလို့ ယူဆရချိန်မှာတော့ ထမင်းချက်နေတဲ့ သူလျှို ရဲဘော် ဘိုးတော်က သေနတ်လေးလက်နဲ့ ကျည်ဆံတွေယူပြီး ထွက်ပြေးပါတော့တယ်။

ရဲဘော်ဘိုးတော် အနေနဲ့ သေနတ်တွေ ယူလာစဉ်မှာ ဟန်မပျက် လမ်းလျှောက်ပြီး သယ်ဆောင်လာတာ ဆိုပေမယ့် သေနတ်တွေလည်း ပါတာကြောင့် ဘေးလွတ်ရာ အမြန်ရောက်အောင် ထွက်ပြေးချိန်မှာတော့ ဆေးချနေတဲ့ တစ်ယောက်က ရိပ်မိသွားပြီး နောက်ကနေ သေနတ်နဲ့ လိုက်လံ ပစ်ခတ်ပါတော့တယ်။

တဖက်မှာ ရေနံမောင်းဖို့အတွက် စစ်အုပ်စုအဖွဲ့ ကိုးယောက်ကို ခေါ်ထုတ်သွားတဲ့ ရဲဘော် ကျောင်းသား ကလည်း သေနတ်သံ ကြားချိန်မှာ ထွက်ပြေးပါတော့တယ်။

သေနတ်သံတွေကြောင့် ရေနံမောင်းဖို့ ထွက်လာတဲ့ စစ်အုပ်စုကလည်း အခြေအနေကို ရိပ်မိသွားဟန် ရှိပြီး အဆောင်ကို သေနတ်တွေ ပြန်ယူကာ ရဲဘော်ကျောင်းသားကို လိုက်လံ ပစ်ခတ်ကြပါတော့တယ်။ ဒါပေမယ့် ရဲဘော်ကျောင်းသားက ကြိုတင်ချိတ်းချက်ထားတဲ့ ကာကင်းတွေ ရှိရာကို အရောက် ပြေးနိုင်ခဲ့ပြီး လွတ်မြောက်ခဲ့ပါတယ်။

ရဲဘော်ကျောင်းသားတို့ အစီအစဉ် ရေးဆွဲကတည်းက သူတို့ဆီက လက်နက်တွေ ယူပြီး ထွက်ပြေးလာလို့ စစ်အုပ်စုက လိုက်လံ ပစ်ခတ်ရင် ကာပစ်ပေးဖို့ ကာကင်းကို မလှမ်းမကမ်းမှာ ကြိုတင် စောင့်ခိုင်းထားတာ ဖြစ်ပါတယ်။

ကျနော်က ကာကင်းဆီကို အရင် ရောက်သွားတယ်။ ဖိနပ်ကို မပါပါဘူး။ ပြေးရတာလည်း မောလို့ပါ” လို့ ရဲဘော် ကျောင်းသားက ပြောပါတယ်။

ရဲဘော် ဘိုးတော် ကတော့ စီစဉ်ထားတဲ့ လမ်းအတိုင်း မဟုတ်ဘဲ လွတ်မြောက်ဖို့ရာအတွက် ရောက်ရာပေါက်ရာ ပြေးရင်းနဲ့ နောက်မှ ဖုန်း အချိတ်အဆက် ရပြီး ပြန်ဆုံတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရဲဘော် ဘိုးတော်အနေနဲ့ (G-3) သေနက် လေးလက် သယ်ဆောင်လာမယ့် လမ်းမှာ တစ်လက် ကျကျန်ခဲ့ပါတယ်။ သူတို့ စခန်းကို ပြန်ရောက်ချိန်မှာတော့ (G-3) သေနတ် သုံးလက်၊ ကျည်ဘောက် ငါးခုနဲ့ ကျည်(၈၀)တောင့် ယူဆောင်လာနိုင်ခဲ့ပါတယ်။

photo_2024-03-14_21-14-22.jpg

သာကြီးတောင် ရေနံမြေ ရဲစခန်းက ရရှိခဲ့တဲ့ လက်နက်တွေ/Photo - မြိုင် ပကဖ 

လက်ရှိ အညာဒေသ ပေါက်စျေးအရ (G-3) သေနတ်တစ်လက်ကို ကျပ်သိန်း(၁၀၀)ကျော်၊ ကျည်ဘောက်က ကျပ်ငါးသိန်းနဲ့ ကျည်ဆန်တစ်တောင့်က ကျပ်တစ်သောင်းနှုန်း ဖြစ်ပါတယ်။

ရန်သူ စစ်အုပ်စု စခန်းထဲကို သူလျှိုအဖြစ် ဝင်ရောက်ပြီး လက်နက်တွေ ရယူနိုင်တဲ့ ရဲဘော်နှစ်ဦးကို မြိုင် ပကဖ က ကျပ်သိန်း(၁၀၀) ဂုဏ်ပြု ချီးမြှင့်ခဲ့ပါတယ်။

4.png

ခြောက်လကြာ သူလျှိုအဖြစ် စွန့်စားပြီး လက်နက်တွေ သယ်ထုတ်နိုင်ခဲ့တဲ့ ရဲဘော် ကျောင်းသားနဲ့ ရဲဘော် ဘိုးတော် တို့ကို မြိုင် ပကဖ က ဂုဏ်ပြုနေစဉ်/Photo - မြိုင် ပကဖ

သူလျှို ရဲဘော်နှစ်ယောက် ထွက်ပြေး လွတ်မြောက်သွားပြီး သိပ်မကြာခင် အချိန်မှာပဲ သာကြီးတောင် ရေနံမြေ ရဲစခန်းက စစ်အုစ်စုကလည်း သူတို့ ခြောက်လကျော်ကြာ ယုံကြည်အားကိုးခဲ့တဲ့ ရဲဘော်ကျောင်းသားတို့ ဆီကို ဖုန်းဆက် ပြောလာပါတယ်။

မင်းတို့ လုပ်ရက်လိုက်ကြတာကွာ”

#Mandalay_Free_Press_MFP

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ