၀က်လက် ဗိုလ်ကျားကြီးအဖွဲ့ကို ငွေညှစ်နေတယ်လို့ စွပ်စွဲပြီး NUG ပကဖ က အင်အားသုံး စီနင်း၊ အပြန်အလှန် ပစ်ခတ်မှုဖြစ်ကာ ဗိုလ်ကျားကြီး အဖွဲ့က ရဲဘော်နှစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရ၊

၀က်လက် ဗိုလ်ကျားကြီးအဖွဲ့ကို ငွေညှစ်နေတယ်လို့ စွပ်စွဲပြီး NUG ပကဖ က အင်အားသုံး စီနင်း၊ အပြန်အလှန် ပစ်ခတ်မှုဖြစ်ကာ ဗိုလ်ကျားကြီး အဖွဲ့က ရဲဘော်နှစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရ၊

MFP ၊ သြဂုတ် - ၃၁

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာ အခြေပြုပြီး ဖက်ဆစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ ဗိုလ်ကျားကြီး အဖွဲ့ကို ပြည်သူတွေထံက ခြိမ်းခြောက်ငွေညှစ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ဒီနေ့ မနက်ပိုင်းမှာ အင်အားသုံး စီးနင်းခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဝက်လက် ပကဖ က ဗိုလ်ကျားကြီးအဖွဲ့ရဲ့ စခန်းကို အင်အားသုံး စီးနင်းရာမှာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ဗိုလ်ကျားကြီးအဖွဲ့က ရဲဘော်နှစ်ဦး သေဆုံးကာ ငါးဦး ဒဏ်ရာရတယ်လို့ နှစ်ဖက်အဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြပါတယ်။

ဗိုလ်ကျားကြီး အဖွဲ့ဟာ ဧရာဝတီမြစ်ကြောင်းတလျှောက် သွားလာနေတဲ့ ပြည်သူတွေရဲ့ ရေယာဉ်တွေ၊ မော်တော်တွေကို ခြိမ်းခြောက် ငွေညှစ်နေကြောင်း တိုင်ကြားစာတွေ ရရှိတဲ့အတွက် အထက်အဆင့်ရဲ့ ခွင့်ပြုချက်နဲ့ ဖမ်းဆီး စစ်ဆေးဖို့ ကြိုးစားရာက အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ ဝက်လက် ပကဖ က ဆိုပါတယ်။

“ဝက်လက်မြို့နယ် ရွှေကျင် ပ က ဖ ခေါင်းဆောင် ဗိုလ်ကျားသည် ဧရာဝတီမြစ်ကြောင်း တလျှောက်ရှိ ပြည်သူများအပေါ် ခြိမ်းခြောက် ရမ်းကားခြင်း၊ ဧရာဝတီ မြစ်ကြောင်းတလျှောက် ဖြတ်သန်းသွားလာကြသော မော်တော်များကို စကစ ထုတ်ကုန်ပါ၊မပါ စစ်ဆေးရန်ဟု အကြောင်းပြ တားဆီးပြီး မော်တော်စစ်စီးလျှင် (ကျပ်နှစ်သိန်းမှ ငါးသိန်း) အထိ ခြိမ်းခြောက် ငွေတောင်းခံခြင်းများကို ဒေသခံများ၊ မော်တော်ပိုင်များမှ ဝက်လက်မြို့နယ် ပကဖ သို့ ထပ်ခါထပ်ခါ တိုင်ကြားခဲ့သောကြောင့် မြို့နယ် ပကဖ ခေါင်းဆောင် မှ ဗိုလ်ကျားအား ဤသို့သော ပြစ်မှုမျိုး ထပ်မံ မဖြစ်ပွားစေရန် ဖုန်းဆက်၍ အတန်တန် ပြောသော်လည်း လိုက်နာခြင်း မရှိသဖြင့် အထက်အဆင့်ဆင့်သို့ တင်ပြခဲ့ပါသည်။ ယနေ့ သြဂုတ်(၃၁)ရက်တွင် ဗိုလ်ကျားအား ဖမ်းဆီးစစ်ဆေးရန် သက်ဆိုင်ရာမှ ခွင့်ပြုသဖြင့် မြို့နယ် ပ က ဖ မှ ဦးဆောင်ပြီး ဗိုလ်ကျား တပ်စွဲထားရာ ရွှေညောင်တော် တောင်ကုန်းထိပ်သို့ ဗိုလ်ကျားအား ခေါ်ယူစစ်ဆေးရန် သွားစဉ် ဗိုလ်ကျား၏ တပည့် နှစ်ဦးမှ စတင် ပစ်ခတ်သောကြောင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး ဗိုလ်ကျားဘက်မှ စတင်ပစ်ခတ်သူ နှစ်ဦး သေဆုံးပြီး ၊ ငါးဦး ဒဏ်ရာရ ခဲ့သည်” လို့ ဝက်လက် ပကဖ က ဖော်ပြပါတယ်။

အဲ့ဒီ ဖြစ်စဉ်နှင့် ပတ်သက်ပြီး MFP က ဗိုလ်ကျားကြီးအဖွဲ့ထံ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ပြန်လည် ဖြေကြားတာ မရှိသေးပါဘူး။

"ကျွန်တော့်ကို လိုချင်တယ်လို့ ပြောတယ်။ အချင်းချင်း ကြိုတင် အကြောင်းကြား ထားတာလည်း မရှိဘူး။ မနက် (၉) နာရီကျော်လောက်က ကျွန်တော်တို့တပ်ကို ရုတ်တရက် အင်အားအများကြီးနဲ့ ဝင်ပစ်တာ။ ကျွန်တော်တို့က ခွေးတွေမှတ်ပြီးတော့ နှစ်ချက်လောက် ထောင်ဖောက်ပြီး ပြေးတာပေါ့။ ခင်ဗျားကို ပစ်မိန့်ပေးပြီးသား ဘယ်ပြေးပြေး လိုက်ပစ်သတ်မှာလို့ ပြောတယ်။ …..။ သူတို့က ကျွန်တော့်ကို လိုချင်တယ်ဆိုလို့ ကျွန်တော် ဒီနေ့သွားတွေ့ရမယ်။ ဒီနေ့ချက်ချင်း ဗိုလ်ကျားကြီးကို ရချင်တယ် ပြောတယ်။ ကျွန်တော်က ဒီဘက်မှာ နယ်မြေစိုးမိုးမှု ရထားပြီးသား" လို့ ဗိုလ်ကျားကြီးက ပြောကြောင်း လူငယ်ခေတ်က ဖော်ပြပါတယ်။

ဗိုလ်ကျားကြီး အဖွဲ့ဟာ ပြည်သူကို ကာကွယ်စောင့်ရှောက်ရမည့်အစား ပြည်သူကို ခြိမ်းခြောက်စော်ကား၊ ငွေညှစ်နေတဲ့အတွက် ဗိုလ်ကျား အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြောင်းလည်း NUG ရဲ့ ဝက်လက် ပကဖ က ဆိုပါတယ်။

“ဗိုလ်ကျားကို လက်ခံထားသည့် အဖွဲ့များအနေဖြင့် မြို့နယ် အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် မြို့နယ် ပကဖ နှင့် ပူးပေါင်း ဆောင်ရွက်စေလိုပါသည်။ ဗိုလ်ကျားကို လက်ခံပြီး ဗိုလ်ကျားကို ကာကွယ်သည့် အဖွဲ့အား အကြမ်းဖက်အားပေး ဟု သတ်မှတ်မည် ဖြစ်ကြောင်း ဝက်လက်မြို့နယ် ပကဖ မှ အသိပေး ကြေငြာအပ်ပါသည်” လို့ ဝက်လက် ပကဖ က ဖော်ပြပါတယ်။

အဲ့ဒီ ဖြစ်စဉ်နှင့် ပတ်သက်ပြီး NUG ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာန (MOD) ကတော့ တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

စစ်ကိုင်းတိုင်း နေရာအနှံ့ အပါအဝင် နိုင်ငံတဝန်း တိုက်ပွဲတွေ ပြင်းထန်နေပေမယ့် NUG ရဲ့ MOD မှာ ခေါင်းဆောင်နေရာ တာဝန်ယူထားသူတွေက မြေပြင် ဆင်းပြီး တိုက်ပွဲဝင် ရဲဘော်တွေ၊ ဒေသကာကွယ်ရေး အဖွဲ့တွေနှင့် ထိတွေ့ ဆက်ဆံတာ အားနည်းတယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲပတွေကြား ဝေဖန်မှုတွေ ရှိနေပါတယ်။

ဗိုလ်ကျားကြီးအဖွဲ့က ရဲဘော်တွေနှင့် ဒီနေ့ NUG ပကဖ က စီးနင်းချိန် ဗိုလ်ကျားကြီးအဖွဲ့က ပစ်ခတ်လို့ ကျည်ထိခဲ့တဲ့ ယာဉ်တစ်စီး/Photo – CJ ၊ ဝက်လက် ပကဖ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဝက်လက် #ဗိုလ်ကျားကြီး #ပကဖ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ