“နောက်ဘုန်းကြီးက နှစ်ချက်ခေါက်တော့မလား ပသုံးလုံးယန္တရား”

“နောက်ဘုန်းကြီးက နှစ်ချက်ခေါက်တော့မလား ပသုံးလုံးယန္တရား”

ရေးသူ - သက်တန့် (MFP)၊ ဆောင်းပါး

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) အလုံးစုံ သိမ်းပိုက် ထိန်းချုပ်ထားနိုင်တဲ့ စစ်ကိုင်းတိုင်းထဲက မြို့သုံးမြို့ အနက် မော်လူးမြို့မှာ မတ်(၁၇)ရက်က ရာနဲ့ချီတဲ့ ပြည်သူတွေ ဆန္ဒပြခဲ့ကြပါတယ်။

1.png

NUG ပသုံးလုံးယန္တရားတွေရဲ့ ဆုံးဖြတ်၊ လုပ်ဆောင်ချက်တွေကို မကျေနပ်တာကြောင့် အင်းတော်နယ်၊ မော်လူးမြို့ကို ဖြတ်သန်းသွားလာတဲ့ သစ်ကားတွေကို ဒေသခံတွေက မတ်(၁၇)ရက်မှာ ဖမ်းဆီးခဲ့စဉ်/Photo - ပေးပို့

ကသာခရိုင်၊ အင်းတော်မြို့နယ်ထဲက တိုက်နယ်တစ်ခု ဖြစ်တဲ့ မော်လူးတိုက်နယ်၊ မော်လူးမြို့မှာ ပသုံးလုံး ယန္တရားလို့ ခေါ်တဲ့ NUG က ဖွဲ့စည်း၊ ခန့်အပ်၊ တာဝန်ပေးထားတဲ့ ပြည်သူ့ ကာကွယ်ရေး အဖွဲ့ - ပကဖ၊ ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ - ပအဖနဲ့ ပြည်သူ့ လုံခြုံရေး အဖွဲ့ - ပလဖ တွေရဲ့ လုပ်ရပ်အပေါ် မကျေနပ်လို့ ဒေသခံ ပြည်သူတွေက ဆန္ဒပြ ကြတာပါ။

မော်လူးမြို့ခံ ပြည်သူတွေ ဆန္ဒပြတဲ့ အဓိက အကြောင်းရင်းက သစ်ထုတ်လုပ်မှု၊ သစ်သယ်ယူမှုတွေနဲ့ ပတ်သက်ပါတယ်။ သစ်ထုတ်လုပ်ရာမှာ ဒေသခံ ပသုံးလုံး ယန္တရားရဲ့ ဆုံးဖြတ်ချက်၊ လုပ်ဆောင်ချက်တွေကို မကျေနပ်တာလို့ ဒေသခံတွေက ဆိုပါတယ်။

အင်းတော်မြို့နယ်နဲ့ မော်လူးတိုက်နယ်ရှိ ပသုံးလုံး ယန္တရား တာဝန်ရှိသူတွေဟာ တရုတ်သစ်လုပ်ငန်းလို့ ဒေသခံတွေ ခေါ်ဆိုတဲ့ သစ်ထုတ်ယူပြီး ကားကြီးတွေနဲ့ သယ်ယူမှုတွေကို အရေးယူ ဆောင်ရွက်မှု နည်းပါးပြီး ဒေသခံ ပြည်သူတွေ တပိုင်တနိုင် လုပ်စားနေတဲ့ သစ်ခုတ်မှုတွေကိုတော့ အကြီးအကျယ် ဒဏ်ရိုက် ငွေညှစ်နေလို့ ဆန္ဒပြကြတာလို့ ဒေသခံတွေက ​ပြောပါတယ်။

နွေဦး တော်လှန်ရေးကာလ သုံးနှစ်ကျော်လာချိန် အညာမှာ တော်လှန်ရေး အင်အားစုတွေက နယ်မြေတွေ ထိန်းချုပ် လာနိုင်ပြီး ပသုံးလုံးယန္တရားလို့ ခေါ်တဲ့ အုပ်ချုပ်ရေး လုပ်ငန်းတွေ စတင် လုပ်ဆောင် လာတာနဲ့အမျှ ပြည်သူအပေါ် အနိုင်ကျင့်တာ၊ အာဏာပြတာတွေ ကြုံလာရတယ်လို့ အညာ ပြည်သူတွေက ပြောပါတယ်။

photo_2024-04-01_20-43-54_3.jpg

NUG ပသုံးလုံးယန္တရားတွေရဲ့ ဆုံးဖြတ်၊ လုပ်ဆောင်ချက်တွေကို မကျေနပ်တာကြောင့် အင်းတော်နယ်၊ မော်လူးမြို့ကို ဖြတ်သန်းသွားလာတဲ့ သစ်ကားတွေကို ဒေသခံတွေက မတ်(၁၇)ရက်မှာ ဖမ်းဆီးခဲ့စဉ်/Photo - ပေးပိ​ု့

  • အင်းတော်၊ မော်လူးဒေသ သစ်ထုတ်လုပ်ငန်း

အင်းတော်မြို့နယ် အပါအဝင် စစ်ကိုင်းတိုင်း အထက်ပိုင်း ကသာ၊ ဗန်းမောက်၊ ထီးချိုင့်၊ ပင်လည်ဘူး စတဲ့ ဒေသတွေက ပြည်သူတွေဟာ အသက်မွေးဝမ်းကျောင်းအတွက် စိုက်ပျိုးရေး လုပ်ငန်းအပြင် တပိုင်တနိုင် သစ်ခုတ်တာ၊ ရွှေထွက်တဲ့ဒေသ ဖြစ်လို့ ရွှေမျောတိုက်တာ၊ ကျောက်စိမ်း ထွက်နေတဲ့ နေရာမှာ ကျောက်တူးတာ စတဲ့ လုပ်ငန်းတွေကို ရာသီအလိုက် လုပ်ကိုင်ကြပါတယ်။

အင်းတော်မြို့နယ်က သစ်လုပ်ငန်း လုပ်ကိုင်သူတွေနဲ့ တပိုင်တနိုင် သစ်ခုတ်သူတွေဟာ အခုလို ပွင့်လင်းရာသီမှာ သစ်လုပ်ငန်း စတင်လေ့ ရှိပါတယ်။ တောထဲကနေ သစ်အလုံးလိုက် ခုတ်ပြီး သယ်ဆောင် လာတာမျိုး မဟုတ်ဘဲ တောထဲမှာ သစ်စက်တွေတည်၊ ခုတ်လို့ရလာတဲ့ သစ်တွေကို ပျဉ်အဖြစ် ခွဲခြမ်းပြီး သယ်ဆောင်တာပါ။ သစ်တွေကို အချောထည်အဖြစ် ထုတ်လုပ်ရာမှာလည်း နှစ်မျိုးနှစ်စား ရှိပြီး ပရိဘောဂ ဆိုက်နဲ့ အိမ်ဆိုက် ဆိုပြီး ရှိတယ်လို့ မော်လူးမြို့ခံ ကိုဇော်မင်း(အမည်လွှဲ)က ရှင်းပြပါတယ်။

ပရိဘောဂဆိုက် ဆိုတာက ဘီရို၊ တံခါး၊ ထိုင်ခုံ၊ စားပွဲ စသဖြင့် ကိုယ်လိုချင်တဲ့ အရွယ်အစားကို ခွဲခြမ်းလာတာ ဖြစ်ပြီး အိမ်ဆိုက်ဆိုတာက အိမ်ဆောက်ဖို့အတွက် အိမ်သစ်လုံးတိုင်၊ ထုတ်တန်း စသဖြင့် ခွဲခြမ်းလာတာမျိုးပါ။ ဒေသခံတွေအနေနဲ့ ရရှိလာတဲ့သစ်တွေကို ဒေသတွင်းက သစ်လုပ်ငန်း စက်ရုံတွေကို ပြန်ရောင်းချတာ ရှိသလို ပွဲစားတွေနဲ့ ချိတ်ဆက်ပြီး တခြားဒေသတွေကို တင်ပို့ရောင်းချတာမျိုးလည်း ရှိပါတယ်။

ဒီမြို့(မော်လူး)ပေါ်မှာ ရှိတဲ့ လုပ်ငန်းရှင်၊ ကုန်သည်တွေက ကျတော့ နေရာပေါင်းစုံကို တင်ပို့တဲ့ ကုန်သည်တွေ ရှိတယ်။ ကုန်သည်တွေက တောထဲ သစ်စက်ကို သွားပြီး ဝယ်ကြတာပေါ့။ တစ်တန်ကို ဘယ်လောက်နှုန်း ဆိုတာကတော့ သစ်ရယ်၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ဆောင်ရတဲ့အပေါ် မူတည်ပြီး ဈေးနှုန်းက ကွဲတာပေါ့” လို့ မော်လူးမြို့ခံ ကိုဇော်မင်းက ပြောပါတယ်။

သစ်ခုတ်ဖို့ NUG အစိုးရက ခွင့်မပြုတော့လို့ ဆိုပြီး ဒေသခံတွေရဲ့ သစ်လုပ်ငန်းတွေကို အင်းတော်မြို့နယ် ပသုံးလုံးယန္တရား အဖွဲ့အစည်းတွေက ၂၀၂၃ ဩဂုတ်လက စလို့ တားမြစ်ပိတ်ပင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အောက်ခြေမှာ ရှိတဲ့ ပသုံးလုံး ယန္တရားကတော့ ဒေသခံတွေကိုသာ အရေးယူပြီး သစ်ကားကြီးတွေ ကိုတော့ ခွင့်ပြုပေးနေတာလို့ ဒေသခံတွေက ဆိုကြပါတယ်။

ကျနော်တို့ မော်လူးဆိုတာက သစ်တောထွက် ပစ္စည်းကိုပဲ မှီခိုပြီးလုပ်ရတာပေါ့။ စီးပွားရေးက (၆၀)ကနေ၊ (၈၀) ရာခိုင်နှုန်းလောက်က သစ်လုပ်ငန်းနဲ့ ပတ်သက်တဲ့ အလုပ်ရုံတွေပေါ်မှာ မှီခိုနေတာပေါ့။ အလုပ်ရုံ (၁၅)ရုံ ရှိတယ်ဆိုရင် အလုပ်သမားတွေ ရှိတယ်။ အဲဒီ အလုပ်ရုံအတွက် အလုပ်လုပ်နေတဲ့ ကားတွေ သုံးဘီး အလုပ် သမားတွေ ရှိတယ်။ အလုပ်လုပ်ခွင့် မရဘဲ အလုပ်ရုံတွေကို ပိတ်လိုက်တဲ့ အခါတော့ အကုန် ကြပ်တည်း ကုန်ကြတာပေါ့” လို့ ကိုဇော်မင်းက ပြောပါတယ်။

photo_2024-04-01_20-44-21_2.jpg

NUG ပသုံးလုံးယန္တရားတွေရဲ့ ဆုံးဖြတ်၊ လုပ်ဆောင်ချက်တွေကို မကျေနပ်တာကြောင့် အင်းတော်နယ်၊ မော်လူးမြို့ကို ဖြတ်သန်းသွားလာတဲ့ သစ်ကားတွေကို ဒေသခံတွေက မတ်(၁၇)ရက်မှာ ဖမ်းဆီးခဲ့စဉ်/Photo - ပေးပိ​ု့

  • တောင်းဆိုဆန္ဒပြမှု ဖြစ်ပေါ်လာခြင်း

မော်လူးမြို့ဟာ အင်းတော်မြို့နယ်ထဲက တိုက်နယ်အဆင့် မြို့ ဖြစ်ပြီး ရွှေဘို-မြစ်ကြီးနား လမ်းပေါ်မှာ တည်ရှိကာ ၂၀၂၃ ဒီဇင်ဘာ(၁၃)ရက်က စလို့ NUG အပြည့်အဝ ထိန်းချုပ်ထားတဲ့ မြို့ ဖြစ်ပါတယ်။ မော်လူးမြို့ဟာ ကချင်ပြည်နယ်နဲ့လည်း နီးကပ်တဲ့ မြို့ ဖြစ်ပါတယ်။ မော်လူးမြို့ကို ကချင်လွတ်မြောက်ရေး တပ်မတော် - KIA ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး - ABSDF ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် - PDF၊ ဒေသတွင်း ပကဖ၊ ပအဖနဲ့ ပလဖ အဖွဲ့တွေ ပူးပေါင်း တိုက်ခိုက် သိမ်းပိုက်ခဲ့တာပါ။

မတ်(၁၇)ရက်ကတော့ မော်လူးမြို့က ဒေသခံပြည်သူ (၂၀၀)ကျော် စုဝေးပြီး မြို့အထွက်မှာ သစ်ခွဲခြမ်းတွေ အပြည့် တင်ဆောင်လာတဲ့ သစ်ကား(၁၈)စီးကို ဖမ်းဆီးခဲ့ပါတယ်။

ပြည်သူတွေက သစ်ကား(၁၈)စီးကို ဖမ်းဆီးပြီးနောက် ပြည်သူတွေကို အရေးယူသလိုမျိုး အဲ့ဒီ သစ်ကားတွေ ကိုလည်း အရေးယူပေးဖို့ တောင်းဆိုပြီး သစ်ကား(၁၈)စီးကို ပသုံးလုံးယန္တရား တာဝန်ရှိသူတွေထံ အပ်နှံခဲ့ပါတယ်။ ဒါပေမယ့် ပသုံးလုံးအဖွဲ့တွေကတော့ ပြည်သူတွေက ဖမ်းပြီး အပ်တဲ့ သစ်ကား(၁၈)စီးကို အရေးယူတာ မရှိဘဲ ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေ ဆိုပါတယ်။

ပသုံးလုံးအဖွဲ့က သစ်ကား(၁၈)စီးကို ပြန်လွှတ်ပေးလိုက်တဲ့အပေါ် မော်လူးမြို့ခံတွေက မကျေနပ်ဘဲ မတ်(၁၇)ရက် ညနေပိုင်းမှာပဲ နောက်ထပ် မော်လူးမြို့ကို ဖြတ်သန်းတဲ့ သစ်ကားသုံးစီးကို ထပ်မံ ဖမ်းဆီးပြီး ဒီတစ်ကြိမ်မှာတော့ ပသုံးလုံး တာဝန်ရှိသူတွေကို မအပ်တော့ဘဲ သူတို့ကိုယ်တိုင် ထိန်းသိမ်း ထားလိုက်ပါတယ်။

ဖမ်းပြီးတော့ မလွှတ်တော့ဘဲ ဖြေရှင်းပေးဖို့ မော်လူးတိုက်နယ်(ပကဖ) တာဝန်ခံ ကိုအိုက်ထွန်းနဲ့ (ပလဖ) တာဝန်ခံ ကိုအားနိုးကို ခေါ်တာပေါ့။ ခေါ်တဲ့ အခါကျတော့ နှစ်ယောက်စလုံး ဘယ်သူမှ မရောက်လာဘူး။ ပလဖ တချို့ ရောက်လာတယ်။ ရောက်လာတဲ့ အခါမှာ ညှိကြတာပေါ့။ ညှိတဲ့အခါကျတော့ ညှိလို့ အဆင်မပြေဘူးပေါ့ဗျာ”လို့ ကိုဇော်မင်းက ပြောပါတယ်။

ညှိနှိုင်းလို့ အဆင်မပြေ ဖြစ်နေချိန် ည(၉)နာရီလောက်မှာ မော်လူးတိုက်နယ် (ပကဖ) တာဝန်ခံ ကိုအိုက်ထွန်း ရောက်ရှိ လာပြီး ထပ်မံ ညှိနှိုင်းခဲ့ကာ ဒေသခံတွေကလည်း သူတို့ကို တပိုင်တနိုင် သစ်လုပ်ငန်း လုပ်ကိုင်ခွင့်ပေးဖို့၊ တကယ်လို့ ပြည်သူကို လုပ်ကိုင်ခွင့် မပေးဘူးဆိုရင်လည်း တရုတ်ဆိုက်လို့ ခေါ်တဲ့ ကားတွေနဲ့ သစ်ထုတ်နေတဲ့ လုပ်ငန်းတွေကိုလည်း ဖမ်းဆီးအရေးယူဖို့ တောင်းဆိုကြတယ်လို့ မော်လူး မြို့ခံတွေက ပြောပါတယ်။

မော်လူးတိုက်နယ်(ပကဖ)တာဝန်ခံ သာမက အင်းတော်မြို့နယ် သယံဇာတ အတွင်းရေးမှူး တာဝန်ကိုပါ ပူးတွဲ ရယူထားသူ ကိုအိုက်ထွန်းကတော့ ပြည်သူတွေ အနေနဲ့ ဖမ်းဆီးထားတဲ့ သစ်ကားတွေကို ပြန်လွှတ်ပေးဖို့ တိုက်တွန်း ပြောဆိုတယ်လို့ ဆိုပါတယ်။ စကားအခြေအတင်ဖြစ်ကာ ညှိနှိုင်းလို့ အဆင်မပြေလဲ့ဘူးလို့ ဆိုပါတယ်။

photo_2024-04-01_20-43-54.jpg

NUG ပသုံးလုံးယန္တရားတွေရဲ့ ဆုံးဖြတ်၊ လုပ်ဆောင်ချက်တွေကို မကျေနပ်တာကြောင့် အင်းတော်နယ်၊ မော်လူးမြို့ကို ဖြတ်သန်းသွားလာတဲ့ သစ်ကားတွေကို ဒေသခံတွေက မတ်(၁၇)ရက်မှာ ဖမ်းဆီးခဲ့စဉ်/Photo - ပေးပိ​ု့

မတ်(၁၈)ရက်မှာတော့ အင်းတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ခံ ဦးရွှေရ၊ အင်းတော်မြို့နယ် သယံဇာတ စီမံအုပ်ချုပ်မှု တာဝန်ခံ ဦးအေးချမ်းမောင်၊ မော်လူးတိုက်နယ် တာဝန်ရှိသူတွေနဲ့ ဆန္ဒပြ ပြည်သူတွေထဲက (၁၀)ဦးခန့်ကို ခေါ်ထုတ်ပြီး သီးခြား နေရာတစ်ခုမှာ ညှိနှိုင်းကြပေမယ့် ပြည်သူတွေ တောင်းဆိုတဲ့ အရာတွေ မရရှိတာကြောင့် အဆင်မပြေကြပြန်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီလို ညှိနှိုင်းနေစဉ်မှာပဲ မော်လူးမြို့ အုပ်ချုပ်ရေးမှူးနဲ့ မော်လူးမြို့ပေါ် ရပ်ကွက် ခြောက်ရပ်ကွက်က အုပ်ချုပ်ရေးမှူးတွေ အားလုံးက ပြည်သူ့အသံကို မျက်ကွက်ပြုမယ်ဆိုရင် ပသုံးလုံးယန္တရားနဲ့ လက်တွဲ အလုပ် မလုပ် နိုင်တော့ဘဲ တာဝန်ကနေ နှုတ်ထွက်မယ်လို့ ပြောဆိုခဲ့ကြောင်း ဒေသခံ ကိုဇော်မင်းက ပြန်ပြောပြပါတယ်။

ပြည်သူတွေရဲ့ ဆန္ဒကို မျက်ကွယ်ပြုမယ်ဆိုရင် မျက်ကွက်ပြုတဲ့ အဖွဲ့အစည်းနဲ့ ကျနော်တို့ လက်တွဲ အလုပ် မလုပ်နိုင်ဘူး။ ကျနော်တို့ ပြည်သူတွေဘက်ကို ရပ်တည်မယ် ဆိုပြီးတော့ မြို့အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူး အားလုံး ထွက်လိုက်တယ်”

မြို့ခံတွေက ကားသုံးစီးကို ဖမ်းဆီးထားဆဲ ဖြစ်သလို မတ်(၁၈)ရက်မှာ သစ်ကားနှစ်စီး ထပ်မံ ဝင်လာတာကြောင့် အဆိုပါ ကားနှစ်စီးကိုလည်း ဖမ်းဆီးထားလိုက်ပြီး စုစုပေါင်း သစ်ကားငါးစီးကို ဒေသခံတွေက ဖမ်းဆီးခဲ့ပါတယ်။

ညှိနှိုင်းမှုက မပြေလည်သေးဘဲ သုံးရက်မြောက်ဖြစ်တဲ့ မတ်(၁၉)ရက်မှာတော့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ (EAOs) တာဝန်ရှိသူတွေပါ ဝင်ရောက် ညှိနှိုင်းပေးရတယ်လို့ ဆိုပါတယ်။

အင်းတော်မြို့နယ် တာဝန်ရှိသူတွေဟာ ဆန္ဒပြ ပြည်သူတွေတွေထဲက ခုနှစ်ဦးကို ရွေးထုတ်ပြီး ပြည်သူတွေ ကိုယ်စား ကိုယ်စားပြု ကော်မတီ ဖွဲ့ပေး လိုက်ကာ အဆိုပါ ခုနှစ်ဦးပါ ဆန္ဒပြ ပြည်သူတွေရဲ့ ကိုယ်စားပြုကော်မတီနဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ (EAOs) တာဝန်ရှိသူတွေ၊ ပသုံးလုံးယန္တရားက တာဝန်ရှိသူတွေ၊ မြို့နယ် အုပ်ချုပ်ရေးမှူးတွေ တွေ့ဆုံ ညှိနှိုင်းကြပြန်ပါတယ်။

တိတိကျကျတော့ မသိရဘူးပေါ့။ EAO နဲ့ အဖွဲ့အစည်းတွေက ဒါဆိုရင် ဒေသခံတွေက ဒီလို ဖြစ်နေတဲ့ အခါ ကျတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနကနေ မူဝါဒ တစ်ခု မချမချင်း ဒေသခံ တပိုင်တနိုင် လုပ်စားဖို့အတွက်ကို သင့်တင့်တဲ့ နှုန်းထားနဲ့ လုပ်ပိုင်ခွင့် ပေးလိုက်ပါ။ ဝန်ကြီးဌာနကနေ မူဝါဒ တစ်ခု ကျလာခဲ့ရင်တော့ ကျလာသလို ဆောင်ရွက်ပါလို့ ညှိနှိုင်းတယ်”လို့ ကိုဇော်မင်းက ပြောပါတယ်။

ဆန္ဒပြပြည်သူတွေ ကိုယ်စားပြုတဲ့ ခုနှစ်ဦးပါ ကော်မတီနဲ့ တာဝန်ရှိသူတွေ ညှိနှိုင်း ဆွေးနွေးပြီးနောက် မတ်(၂၀)ရက် ညနေပိုင်းမှာ ပြည်သူတွေ ဖမ်းထားတဲ့ ကားငါးစီးကို ပြန်လွှတ်ပေးလိုက်ပါတယ်။

photo_2024-04-01_20-43-54_4.jpg

NUG ပသုံးလုံးယန္တရားတွေရဲ့ ဆုံးဖြတ်၊ လုပ်ဆောင်ချက်တွေကို မကျေနပ်တာကြောင့် အင်းတော်နယ်၊ မော်လူးမြို့ကို ဖြတ်သန်းသွားလာတဲ့ သစ်ကားတွေကို ဒေသခံတွေက မတ်(၁၇)ရက်မှာ ဖမ်းဆီးခဲ့စဉ်/Photo - ပေးပိ​ု့

အဲ့ဒီ ညိနှိုင်းမှု ရလဒ်အရ မော်လူးတိုက်နယ်က ပြည်သူတွေ အနေနဲ့ မနက်(၆)နာရီကနေ ညနေ(၆)နာရီအတွင်း သစ်ခုတ်ခွင့်၊ သစ်ထုတ်လုပ် သယ်ဆောင်ခွင့် ရှိတယ်လို့ သတ်မှတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနက်(၆)၊ ည(၆)ပဲ ထွက်ရမယ်လို့ သတ်မှတ်ထားတယ်။ သူတို့ရဲ့ တရုတ်ဆိုက်က ကားတွေ လွတ်လွတ်လပ်လပ် ထုတ်ချင်လို့ ဒေသခံတွေကို အခွင့်အရေး ပေးနေကြတာလို့ ထင်နေကြတာ အားလုံးက။ တရုတ်ဆိုက်တွေ ထုတ်လို့ ပြီးသွားရင်တော့ ပြည်သူတွေကို လုံးဝ ရပ်တန့်လိမ့်မယ်လို့ ထင်ထားတာ”လို့ သစ်လုပ်ငန်းလုပ်ကိုင်တဲ့ အင်းတော်မြို့နယ်က ကိုဇင်မျိုး(အမည်လွှဲ) က ပြောပါတယ်။

ထင်သလိုလုပ်နေတဲ့ ဒေသန္တရအမိန့်များ”

အင်းတော်နဲ့ မော်လူးက ပသုံးလုံး ယန္တရား တာဝန်ရှိသူတွေဟာ ဒေသန္တရအမိန့်တွေ ထုတ်ပြီး ပြည်သူတွေအပေါ် ဖိနှိပ်တာ၊ ငွေညှစ်တာတွေ လုပ်ဆောင်နေပြီး အဲ့ဒီ မကျေနပ်မှုတွေကနေ သစ်ကားတွေကို ဖမ်းပြီး ဆန္ဒပြတဲ့ အခြေအနေထိ ဖြစ်လာတာလို့ ကိုဇင်မျိုးက ပြောပါတယ်။

NUG က ၂၀၂၃ ဩဂုတ်လ ကတည်းက သစ်လုပ်ငန်းတွေ ပိတ်ပင်လိုက်ပြီ ဆိုပေမယ့် ၂၀၂၃ အောက်တိုဘာမှာ မော်လူးနယ်က သစ်လုပ်ငန်းလုပ်ကိုင်နေတဲ့ သစ်စက်တွေကို တစ်နှစ်စာ ကျပ်(၁၂)သိန်း ပေးဆောင်ရမယ်လို့ ပသုံးလုံးယန္တရား တာဝန်ရှိသူတွေက ငွေကောက်ယူခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါပေမယ့် အခွန်ငွေဆောင်ပြီး တစ်လ မပြည့်ခင်မှာပဲ ပသုံးလုံးယန္တရားက သစ်စက်တွေ လည်ပတ်ခွင့် ပိတ်ပင်တာကြောင့် လုပ်ငန်းတွေ ပြန်လည် ရပ်ဆိုင်း ခဲ့ရသလို သစ်စက်ရှိရာ တောထဲကို လက်နက်ကိုင်တွေ ရောက်လာပြီး သစ်စက်နဲ့ သစ်တွေ သိမ်းယူတာမျိုးပါ ရှိခဲ့တယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။

တစ်လ မပြည့်ခင်မှာပဲ အခွန်ဆောင်ထားလည်း မရတော့ဘူး။ လုံးဝ ပိတ်လိုက်ပြီ။ ထပ်ဆောင်ခွင့် မရှိတော့ဘူး ဆိုမှ ဖြစ်သွားတယ်။ ဆောင်ပြီးသား ငွေကတော့ ပြန်အမ်းလို့ မရတော့ဘူး။ အထက်ကို ရောက်သွားပြီလို့ ပြောတယ်” လို့ ကိုယ်တိုင်ကြုံရသူ သစ်စက်လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

မော်လူးနယ်မှာ တစ်နှစ်စာ သစ်စက် လည်ပတ်ခွင့်အတွက် ပသုံးလုံးအဖွဲ့ထံ ကျပ်(၁၂)သိန်း ပေးဆောင်ရပြီး သစ်ခုတ်ပါက သစ်တစ်တန်ကို ကျပ်(၆)သိန်းခွဲနှုန်း ပေးဆောင်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပသုံးလုံး ယန္တရားအဖွဲ့တွေဟာ မော်လူးနယ်က သစ်လုပ်ငန်းတွေကို အခွန်ဆောင်ခိုင်းတာ၊ လုပ်ပိုင်ခွင့် ပိတ်တာ စတာတွေကို စာရွက်စာတမ်းနဲ့ တရားဝင် အမိန့် ထုတ်ပြန်တာမျိုး မဟုတ်ဘဲ နှုတ်မိန့်နဲ့ လုပ်ဆောင်တာ၊ တဆင့်စကား တဆင့်နားနဲ့ ပြောဆိုတာတွေပဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မူဝါဒ အမျိုးမျိုး ပြောင်းလဲနေတယ်။ သူတို့ ပါးစပ်ထဲမှာပဲ ရှိနေသလို ဖြစ်နေတာ။ အထက် (NUG)က ရောက်ခဲ့တာ လိုလို၊ သူတို့ ပါးစပ်ဖျားကပဲ ထွက်ခဲ့တာ လိုလိုတွေ ဖြစ်နေတယ်။ တကယ်တမ်း စာနဲ့ တိတိကျကျ ဖတ်ရတဲ့ ဟာရယ်လို့ ကောင်းကောင်း မရှိဘူး” လို့ သစ်လုပ်ငန်းလုပ်ကိုင်သူ ကိုဇင်မျိုး က ပြောပါတယ်။

- သစ်သယ်ကားတွေကို ဘယ်လိုဒဏ်ရိုက်လဲ

တချိန်တည်းမှာပဲ ပသုံးလုံး ယန္တရား တာဝန်ရှိသူတွေဟာ သစ်ကားတွေကို ဖမ်းဆီးမိလို့ ဒဏ်ရိုက်ရာမှာလည်း မျှတမှု မရှိဘဲ ဒေသခံတွေကို ပိုပြီး ဒဏ်ရိုက်လေ့ရှိတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။

မော်လူးနယ်က ဒေသခံပြည်သူတွေဟာ သစ်တွေကို တုန်ဖုန်ကား၊ သုံးဘီးနဲ့ ဆိုင်ကယ်ဘေးတွဲတွေနဲ့ သယ်ယူလေ့ ရှိပြီး တုန်ဖုန်ကားတစ်စီးဆို သစ်နှစ်တန်ခွဲလောက် ဆံ့ပါတယ်။ မော်လူးမြို့ခံတစ်ဦးရဲ့ သစ်တင်ထားတဲ့ တုန်ဖုန်းကား နှစ်စီး ဖမ်းဆီးခံရချိန် ကျပ်သိန်း(၉၀) ဒဏ်ရိုက်ခံရတယ်လို့ ဆိုပါတယ်။

ပသုံးလုံး တာဝန်ရှိသူတွေဟာ တရားမဝင် သစ်သယ်ယူလာသူကို သစ်တစ်တန်ကို ကျပ်(၁၃)သိန်းနှုန်းနဲ့ ဒဏ်ငွေဆောင်ဖို့ သတ်မှတ်ထားပေမယ့် တနိုင်တပိုင် သစ်ထုတ်တဲ့ ဒေသခံပြည်သူတွေရဲ့ သစ်ကားကို ဖမ်းမိပါက သစ်ဖိုး သာမက ကားဖိုးပါ ဒဏ်ငွေ ဆောင်ခိုင်းပြီး တန်(၄၀)လောက်အထိ ပါတဲ့ တရုတ်ဆိုက်က ထုတ်လာတဲ့ သစ်တွဲကားတွေကို ဖမ်းမိရင်တော့ အများဆုံး သစ်(၁၅)တန် အထိသာ ဒဏ်ငွေဆောင်ခိုင်းကာ လျှော့ပေါ့ ပေးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“သူတို့က တစ်တန်ကို (၁၃)သိန်းလို့သာ ပြောနေကြတာ။ တကယ်တမ်း သူတို့ ဖမ်းသွားပြီဆိုရင် သစ်တန်ဖိုးတင် မကဘူး။ ဖမ်းဆီးခံရတဲ့ ယာဉ်တန်ဖိုးတွေပါ ဒဏ်ရိုက်တဲ့ အခါကျတော့ ဘယ်လောက် သတ်မှတ်ထားလဲဆိုတာ ပြောရ ခက်တယ်။ နည်းနည်းလေး သယ်ပေမယ့်လည်း သစ်တန်ချိန် တစ်တန် မပြည့်ပေမယ့်လည်း ယာဉ်ပါ အပါဆိုတော့ (၁၇)သိန်း၊ (၁၅)သိန်း၊ အဲလိုတွေ ပေးရတာတွေ ရှိတယ်ဗျ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သစ်တစ်တန်ကို ဖမ်းမိရင် ဒဏ်ငွေ (၁၃)သိန်း ဆောင်ဖို့ သတ်မှတ်တာဟာ အခုနှစ်ပိုင်းမှ ဖြစ်ပြီး ၂၀၂၂က ပျဉ်တစ်တန် ဖမ်းမိရင် ငါးသောင်းကျပ် ဒဏ်ရိုက်ပြီး၊ တဖြည်းဖြည်းချင်း တစ်သိန်းခွဲ၊ ခြောက်သိန်းခွဲနဲ့ အခုနောက်ဆုံး (၁၃)သိန်းအထိ ဖြစ်လာတာလို့ ဒဏ်ရိုက်ခံရသူတွေက ပြောပါတယ်။ အဲ့ဒီလို ဒဏ်ရိုက်ရာမှာလည်း တိကျသေချာတဲ့ သတ်မှတ်ပြဌာန်းချက် မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

photo_2024-04-01_20-44-21.jpg

NUG ပသုံးလုံးယန္တရားတွေရဲ့ ဆုံးဖြတ်၊ လုပ်ဆောင်ချက်တွေကို မကျေနပ်တာကြောင့် အင်းတော်နယ်၊ မော်လူးမြို့ကို ဖြတ်သန်းသွားလာတဲ့ သစ်ကားတွေကို ဒေသခံတွေက မတ်(၁၇)ရက်မှာ ဖမ်းဆီးခဲ့စဉ်/Photo - ပေးပိ​ု့

  • အင်းတော်၊ မော်လူးနယ်က ပသုံးလုံး ယန္တရား တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်

မော်လူးတိုက်နယ်အတွင်း သစ်ခိုးထုတ်သူတွေကို ငွေဒဏ် ရိုက်ခဲ့တယ်လို့ မော်လူးတိုက်နယ် (ပအဖ) တာဝန်ခံ ဦးချောက ပြောပါတယ်။

“တကယ်တမ်း ပြောရရင် ခိုးထွက်တဲ့ ကားတွေကို ဒဏ်ရိုက်တာ။ ကျနော်တို့ ပြောပြတာ ကျနော်တို့ ရှေ့ကနေ တည့်တည့် ဖြတ်သွား။ သုံးတန်ပါတယ်။ ကျနော်တို့က တစ်တန်ပဲ ဒဏ်ကြေးယူတာ။ တချို့တွေက တောကြိုတောကြားကနေ ခိုးထွက်တဲ့ဟာတွေ” လို့ ဦးချောက ပြောပါတယ်။

ဒေသခံ ပြည်သူတွေအနေနဲ့ တောထဲက သစ်တွေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ပေးပါလို့ ပြောပေမယ့် သူတို့ရဲ့ အိမ်တွေကို လိုက်ကြည့်လိုက်မယ်ဆိုရင် အိမ်တစ်အိမ်မှာ အနည်းဆုံး သစ်(၁၀)တန်ရဲ့ အထက်မှာရှိပြီး ဒါကြောင့် ဒဏ်ရိုက်တာ ဖြစ်တယ်လို့ ဦးချောက ပြောပါတယ်။

မော်လူးမြို့ခံ ပြည်သူတွေ ဖမ်းဆီးပေးတဲ့ သစ်ကားတွေ ကိစ္စမှာတော့ အဲ့ဒီကားတွေဟာ NUG ရဲ့ သယံဇာတ ဝန်ကြီးဌာနမှာ သစ်တစ်တန်ကို (၁၃)သိန်းနှုန်းနဲ့ အခွန်ဆောင်ပြီး ထွက်လာတဲ့ ကားတွေ ဖြစ်လို့ ထပ်မံ အခွန် ကောက်ခံတာ မရှိခဲ့ဘူးလို့ မော်လူးတိုက်နယ်(ပကဖ)တာဝန်ခံ၊ အင်းတော်မြို့နယ် သယံဇာတ အတွင်းရေးမှူး ကိုအိုက်ထွန်း က ရှင်းပြပါတယ်။

သူတို့က ကျတော့ တစ်တန်ကို (၁၃)သိန်းဆိုတဲ့ မူဝါဒနဲ့ ထွက်လာတာပေါ့ဗျာ။ သူတို့ကတော့ စကစလည်း ပေးရမှာပဲ၊ SNA (ရှမ်းနီ-SNA) လည်း ပေးရမှာပဲ၊ NUG လည်း ပေးရမှာပဲ။ နောက်ပြီးတော့ EAO အဖွဲ့အစည်း လည်း ပေးပြီးတော့ သွားရမှာပေါ့။ အဲလိုတော့ ရှိမှာပေါ့”လို့ ကိုအိုက်ထွန်းက ပြောပါတယ်။

အဲ့ဒီ သစ်ကားတွေကို မြို့နယ်အဆင့်က အခွန်ကောက်ခံခွင့် မရှိဘဲ ဝန်ကြီးဌာနမှာ အခွန်ဆောင်ထားတယ် ဆိုတာကို စိစစ်ပေးရတာသာ ဖြစ်တယ်လို့လည်း ကိုအိုက်ထွန်းက ပြောပါတယ်။

“အခွန်တွေက ကျနော်တို့ မြို့နယ်က ကောက်ခံလို့ မရဘူးဗျ။ ဝန်ကြီးဌာနမှာ အခွန်ဆောင်ထားတာ ဆိုတော့ ကျနော်တို့က စိစစ်ပေးရုံပဲ ရှိတာပါဗျ”

photo_2024-04-01_20-43-54_3.jpg

NUG ပသုံးလုံးယန္တရားတွေရဲ့ ဆုံးဖြတ်၊ လုပ်ဆောင်ချက်တွေကို မကျေနပ်တာကြောင့် အင်းတော်နယ်၊ မော်လူးမြို့ကို ဖြတ်သန်းသွားလာတဲ့ သစ်ကားတွေကို ဒေသခံတွေက မတ်(၁၇)ရက်မှာ ဖမ်းဆီးခဲ့စဉ်/Photo - ပေးပိ​ု့

- NUG ရဲ့လစ်ဟာချက်

NUG အနေနဲ့ ၂၀၂၂ နှစ်လယ်ပိုင်းက စတင်ပြီး စစ်ကိုင်းတိုင်းအတွင်းက နေရာအချို့မှာ အခွန်ငွေတွေ စတင် ကောက်ခံခဲ့ပြီး အခွန်အခနဲ့ ပတ်သက်တဲ့ မူဝါဒ၊ သတ်မှတ်ချက် တချို့ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ ပြည်သူတွေ ဆီက အခွန်ကောက်ရာမှာ လက်နက်ကိုင် မဟုတ်တဲ့ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) အဖွဲ့တွေက အခွန်ငွေကို ဦးဆောင် ကောက်ခံမှာ ဖြစ်ပြီး ရရှိလာတဲ့ အခွန်ဘဏ္ဍာငွေကို NUG ဘဏ္ဍာခွန်ဝန်ကြီးဌာနကို (၃၀)ရာခိုင်နှုန်း၊ ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) လုပ်ငန်းစဉ်အတွက် (၃၀) ရာခိုင်နှုန်းနဲ့ ပြည်သူ့ကာကွယ်ရေး (ပကဖ) လုပ်ငန်းစဉ် အတွက် (၄၀) ရာခိုင်နှုန်း ခွဲဝေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခွန်ငွေ ကောက်ခံမှုနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းက မြို့နယ်တချို့မှာ လစဉ် စာရင်းဇယားနဲ့ ထုတ်ပြန်တာ တွေ့ရပေမယ့် မြို့နယ်အများစုနဲ့ NUG ဝန်ကြီးဌာနတွေကတော့ အခွန်အခ ကောက်ခံရငွေတွေနဲ့ ပတ်သက်ပြီး တရားဝင် ထုတ်ပြန်မှု မရှိသလောက် နည်းတယ်လို့ စောင့်ကြည့်သူတွေက ပြောပါတယ်။

NUG အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းက စစ်ကိုင်းတိုင်းက ခရိုင်အဆင့် ကောလင်းမြို့ကို သိမ်းပိုက်ထိန်းချုပ် နိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ စစ်ကိုင်းတိုင်း မြို့နယ် (၃၇)မြို့နယ်အနက် တစ်မြို့နယ်ကိုမျှ အပြည့်အဝ ထိန်းချုပ်နိုင်တာ မရှိဘဲ တိုက်နယ်အဆင့် မြို့သုံးမြို့ဖြစ်တဲ့ မော်လူး၊ ခမ်းပါတ်နဲ့ ရွှေပြည်အေးမြို့ တို့ကိုသာ ထိန်းချုပ် ထားနိုင်ပါတယ်။

အင်းတော်မြို့နယ်နဲ့ မော်လူးတိုက်နယ်က NUG ခန့်အပ် တာဝန်ပေးထားတဲ့ ပသုံးလုံး တာဝန်ရှိသူတွေကတာ့ ပြည်သူတွေဆီက အခွန်အခ ကောက်ခံရာမှာ ခြိမ်းခြောက်တာ ရှိသလို ရရှိလာတဲ့ အခွန်ငွေတွေကို စနစ်တကျ သုံးစွဲမှု ရှိ၊မရှိ ဆိုတာလည်း မေးခွန်းထုတ်စရာ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်းတော်နဲ့ မော်လူးတိုက်နယ်က သစ်ထုတ်လုပ်မှုနဲ့ ရွှေမျောတွေမှာ အခွန်အခ ကောက်ခံမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေကို မကျေနပ်ကြောင်း ဒေသခံပြည်သူတွေက ပြီးခဲ့တဲ့ ၂၀၂၃ အတွင်း NUG ထံ စာပို့ တိုင်ကြားခဲ့ ဖူးပြီး ပြည်သူတွေရဲ့ တိုင်ကြားစာနဲ့ ပတ်သက်လို့ NUG ကတော့ ထိရောက်တဲ့ အရေးယူ ဆောင်ရွက်ပေးမှု မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် အင်းတော်မြို့နယ်က NUG ခန့်ထားတဲ့ ပသုံးလုံးယန္တရား အပါအဝင် မြို့နယ်အဆင့် တာဝန်ရှိသူတွေဟာ တော်လှန်ရေး ကာလမှာပဲ ပြည်သူတွေအပေါ် ဆက်ဆံတဲ့ ပုံစံက အာဏာရှင်ပုံစံ ပေါက်နေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

သူတို့က ပြည်သူတွေကို အခွန်တွေ မတရားကောက်တယ်။ ကောက်တဲ့ ပုံစံမှာလည်း ပြည်သူတွေကို မိုက်မိုက် ရိုင်းရိုင်းတွေ ပြောတယ်။ မောက်မောက်မာမာတွေ အာဏာရှင် ပုံစံမျိုးတွေ ပြောတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အင်းတော်မြို့နယ် မော်လူးဒေသဟာ ရွှေဘို-မြစ်ကြီးနား လမ်းပေါ်မှာ တည်ရှိတာကြောင့် လမ်းပန်း ဆက်သွယ်ရေး အရ အချက်အချာကျပြီး မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာမှု များသလို သစ်နဲ့ ရွှေ တူးဖော်မှု ကဲ့သို့ သယံဇာတ လုပ်ငန်းတွေကနေလည်း အခွန်အခ အများအပြား ကောက်ခံရရှိနိုင်တဲ့ ဒေသ ဖြစ်ပါတယ်။

100041218_261290948617599_7204025413826248704_n.jpg

မော်လူးမြို့အဝင်တစ်နေရာ/Photo - CJ

အင်းတော်မြို့နယ် သယံဇာတအတွင်းရေးမှူးလည်းဖြစ်တဲ့ ကိုအိုက်ထွန်းကတော့ အင်းတော်မြို့နယ်အတွင်းမှာ ရွှေမျောတွေနဲ့ ပတ်သက်လို့ တရားဝင် ခွင့်ပြုထားတာ မရှိဘူးလို့ ဆိုပါတယ်။

ကျနော်တို့ဘက်က တရားဝင် ခွင့်ပြုထားတဲ့ ရွှေမျောတွေ မရှိတော့ဘူးဗျ။ အင်းတော်မြို့နယ်မှာတော့ မရှိတော့အောင် ကျ‌နော်တို့ ပိတ်သိမ်းထားတာ များတယ်”လို့ ကိုအိုက်ထွန်းက ပြောပါတယ်။

ဒါပေမယ့် အင်းတော်မြို့နယ်အတွင်းက မော်လူးတိုက်နယ်၊ မဲဇာတိုက်နယ်၊ မော်တိတ်တိုက်နယ် စတဲ့ ဒေသတွေမှာတော့ ရွှေမျောတွေ တိုက်နေကြပြီး အဆိုပါ ရွှေမျောတွေဆီကနေ အခွန်ပုံစံ ငွေကောက်ခံတာတွေ ရှိကာ တနေရာနဲ့တနေရာ ငွေကောက်ခံပုံချင်းတော့ မတူဘူးလို့ ဒေသခံတွေက ပြောပါတယ်။

409725620_749207923907909_1101951706189732006_n.jpg

မော်လူးမြို့/Photo - CJ

လက်ရှိမှာ အင်းတော်မြို့နယ်တွင်းက နေရာ တော်တော်များများကို တော်လှန်ရေး အဖွဲ့တွေက စိုးမိုး ထိန်းချုပ် ထားပါတယ်။ ကချင်ပြည်နယ်အစပ်က မော်လူးမြို့ကို တော်လှန်ရေး တပ်တွေက သိမ်းပိုက်ထားသလို မဲဇာတိုက်နယ်က မဲဇာရဲစခန်းက စစ်အုပ်စု ဆိုရင်လည်း ထွက်ပြေးပြီး အင်းတော်မြို့ပေါ်ကို ပူးပေါင်းသွားတာ လနဲ့ချီနေပြီ ဖြစ်ပါတယ်။

အင်းတော်ဒေသက ပြည်သူတွေအနေနဲ့ စစ်အုပ်စုရန်က အလုံးစုံ မလွတ်မြောက်သေးပေမယ့် ထိုက်သင့်တဲ့ နယ်မြေ စိုးမိုးမှုတွေ ရရှိနေပြီ ဖြစ်ပါတယ်။

စစ်အုပ်စု နေရာ NUG ရဲ့ ပသုံးလုံးယန္တရားတွေ အစားထိုး ဝင်ရောက်လာပေမယ့် ဒေသခံ ပြည်သူတွေအပေါ် ပြုမှု ဆက်ဆံမှုတွေက အာဏာရှင် ဆန်နေတုန်းပဲလို့ မော်လူး ဒေသခံတွေက ပြောပါတယ်။

အင်းတော်နဲ့ မော်လူးတိုက်နယ်က ပသုံးလုံးယန္တရား တာဝန်ရှိသူတွေကတော့ လက်ရှိမှာကတည်းက ပြည်သူနဲ့ အဆင်မပြေပေမယ့် အချင်းချင်းတော့ အလွန် ညီညွတ်နေကြတယ်လို့ မော်လူးမြို့ခံ ကိုဇော်မင်းက ပြောပါတယ်။

ပွင့်ပွင့်လင်းလင်း ပြောမယ်ဆိုရင် NUG အစိုးရကလည်း ဘာ အရေးယူမှုမှ မရှိတဲ့ အခါကျတော့ ပိုပိုပြီးတော့ ဆိုးလာတာပေါ့။ သူတို့ အချင်းချင်း ချိတ်ရှိတဲ့ အခါကျတော့ တစ်ယောက်နဲ့ ငြိပြီဆိုရင် ကျန်တဲ့ သူတွေက ဝိုင်းကာ ဝိုင်းရှင်းတာနဲ့ အဲလိုနဲ့ပဲ ပြေလည်အောင် ဖုံးဖိထားကြတာပေါ့။ ခံရတာကတော့ ဒေသခံတွေ ခံရတာပေါ့ဗျာ”

#Mandalay_Free_Press_MFP

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ