ချစ်ဒုက္ခဆရာ၀န်

ချစ်ဒုက္ခဆရာ၀န်

ချစ်ဒုက္ခဆရာ၀န်

ရေးသူ - ကိုသူ (MFP)၊ လူမှုဘဝ ဆောင်းပါး၊

"ဗိုက်ကြီးသည်က ရိုးရိုး‌မွေးလို့ မရဘူး ခွဲမွေးမှရမယ်။ ကဲ.. ဖြစ်ခါမှ ဖြစ်ရော မတတ်နိုင်ဘူးပေါ့။ လူ့အသက်က အရေးကြီးတာကို။ ကလေးရော နှစ်ယောက်အသက်ဆိုတော့ အဲ့ဒါနဲ့ ခွဲတယ်ပေါ့။ ခွဲလို့ ပြီးတာနဲ့ ကဲ ကျနော်တို့ ရွှေ့ပြောင်းရေးတွေ လုပ်ကြမယ်ဟေ့ ဆိုပြီးတော့ ကျနော်တို့ အဖွဲ့တွေ လူစုတုန်း ရှိသေးတယ်။ လက်နက်ကြီးက စကျပါရော။ အဲ့ဒါနဲ့ ကျနော်တို့ ရွာတည့်တည့်တော့ မကျဘူး။ ရွာနီးချုပ်စပ်တွေပေါ့။ ပတ်ပတ်လည် ကျတယ်။ အဲ့တော့ ကျတဲ့ အခါကြတော့ အဲ့ဒီ ခွဲပြီးတဲ့ လူနာတောင်မှ ခွဲခန်းထဲက ထွက်ထွက်ပြီးတော့ သယ်ပေါ့၊ ဆေးရုံဆောင်ဘက် သယ်တုန်း ရှိသေးတယ်။ လက်နက်ကြီး ကျတယ်။ သူတို့လည်း ကစဉ်ကလျား ဖြစ် အဲ့ဒါတော့ အမှတ်တရပါပဲ"

3.png

ချစ်ဒုက္ခဆရာဝန် ဒေါက်တာဖြိုးကျော်/Photo - ပေးပို့

စစ်အုပ်စုရဲ့ ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ဗိုက်ကြီးသည် မွေးလူနာကို ထမ်း၊ သေမင်းတံခါး၀က ထွက်ပြေး လွတ်‌မြှောက်လာခဲ့တဲ့ ရက်စွဲအကြောင်း ပြောပြလာသူက တပ်မတော် ဆေးတက္ကသိုလ်ကနေ ကျောင်းဆင်းထားတဲ့၊ ဆေးတပ်ဗိုလ်ကြီး ဒေါက်တာဖြိုးကျော်ပါ။

အသက်(၃၅)နှစ်အရွယ် ဆေးတပ်ဗိုလ်ကြီး ဒေါက်တာဖြိုးကျော်ဟာ ရန်ကုန်မြို့၊ စမ်းချောင်းရပ်ကွက် နေထိုင်သူ ဖြစ်ပြီးတော့ စစ်အာဏာသိမ်းတာကို မကြိုက်တာကြောင့် စစ်အုပ်စုရဲ့ ဆေးတပ်ဗိုလ်ကြီး (ဆေးမှူးအရာရှိ) ရာထူးကို စွန့်လွတ်ကာ တော်လှန်ရေးသမားတစ်ဦး ဖြစ်လာသူ တစ်ယောက် ဖြစ်ပါတယ်။

11.png

ချစ်ဒုက္ခဆရာဝန် ဒေါက်တာဖြိုးကျော်/Photo - ပေးပို့

သူဟာ စစ်တပ်ရဲ့ လုပ်ရပ်ကို မကြိုက်တာကြောင့် အာဏာမသိမ်းခင်က စတင်ပြီး စစ်တပ်က ထွက်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့သူ တစ်ယောက်ပါ။ ဒီလိုထွက်ခွါဖို့ အထက်အရာရှိတွေကို စာအကြိမ်ကြိမ် တင်ပြခဲ့ပေမယ့် မရရှိတာကြောင့် စစ်အုပ်စု အာဏာမသိမ်းခင် ထောင်ငါးနှစ် ပြစ်ဒဏ်ကျခံကာ စစ်တပ်ထဲက ထွက်ခဲ့ပြီး နောက်ပိုင်းမှာတော့ စစ်တပ်ကို ဆန်ကျင်တဲ့ တော်လှန်ရေး သမားတစ်ဦး ဖြစ်လာခဲ့သူပါ။

လက်ရှိအချိန်မှာ ၂၀၂၂ ဇွန်လက စတင်ကာ ကလေး PDF - ခရိုင် ဆေးတပ်ဖွဲ့ တာ၀န်ခံ ရာထူးနဲ့ တာ၀န် ထမ်းဆောင်နေပြီးတော့ တော်လှန်ရေး သမားတွေနဲ့ ဒေသခံပြည်သူတွေကို ဆေးဝါးကုသပေးနေသူ တစ်ဦး ဖြစ်ပါတယ်။

2.png

ဒေါက်တာဖြိုးကျော် ဦးစီးဖွင့်လှစ်ထားတဲ့ ခဏတာအရိပ် ဆေးခန်း/Photo - ပေးပို့

တော်လှန်ရေးမှာ ပါ၀င်လာပုံနဲ့ ပတ်သက်ပြီး သူက "တပ်ထဲ‌ နေကတည်းက စစ်အာဏာရှင်စနစ်ကို မကြိုက်ခဲ့တာ။ စစ်တပ်ထဲ ဆိုပေမယ့် စစ်တပ်က တိုင်းပြည်အထက်မှာ ရှိတာ မကြိုက်ဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပ‌ဒေကိုလည်း မကြိုက်ဘူး။ မကြိုက်တာတွေက များတယ်ပေါ့။ ပြီးတော့ တပ်ထဲမှာ နေတဲ့အခါကြတော့ ခံစားချက်တွေ များတယ်။ ကျနော်တို့ အောက်ခြေစစ်သား၊ ကျနော်ဆို ဗိုလ်ကြီး အဆင်ပေါ့၊ တပ်ထဲမှာ ဗိုလ်ကြီးအဆင့်။ တပ် တခုလုံးနဲ့ ပြောရမယ်ဆိုရင်တော့ အောက်ခြေစစ်သားတွေက ဗိုလ်ချုပ်‌တွေ ကောင်းစားရေး၊ မင်းအောင်လှိုင်တို့ ကောင်းစားရေး လုပ်ပေး‌နေရတယ်။ အသေခံ ပေး‌‌နေရတယ်။ ကျနော် အဲ့ဒီအ‌‌တွေးတွေ ရတယ်။ အဲ့တော့ ကျနော် မနေချင်တော့ဘူး။ အဲ့ဒီထဲက ထွက်စာတင်တယ်။ နောက်ဆုံး ထွက်စာတင်လို့ မရတော့ ထောင်ကျခံပြီး ထွက်ခဲ့တာပေါ့။ တပ်ထဲမှာ နေကတည်းက စစ်အာဏာရှင်စနစ် မကြိုက်ခဲ့ဘူး။ ကျနော် ထောင်ကျနေတဲ့ အချိန်မှာ အာဏာသိမ်းတယ်။ အာဏာသိမ်းတော့ ပိုပြီးတော့ ဆိုးပြီပေါ့။ အရင်ကတည်းက မကြိုက်တာ။ ဒီလို မတရား ခံရတော့ ပိုဆိုးပြီ။ ဒီလိုမျိုး မတရားမှု ကျနော်တို့ ပြည်သူတစ်ရပ်လုံးက ရွှေးကောက် တင်မြှောက်ထားတဲ့ အစိုးရကို ဆန့်ကျင်ပြီး အာဏာသိမ်းတာကို ကျနော် လက်မခံဘူး။ အမှန်တရားအတွက်ပေါ့။ ကျနော် ဒါကို လုပ်ကို လုပ်သင့်တယ်။ နိုင်ငံသားတစ်ယောက် အနေနဲ့ လုပ်ကို လုပ်ရမယ်ဆိုတဲ့ ခံယူချက်နဲ့ ဒီ တော်လှန်ရေးမှာ ပါ၀င် လာတာ ဖြစ်ပါတယ်"

လက်ရှိအချိန်မှာတော့ တောတောင်ထဲမှာ ရှိနေတဲ့ စစ်ရှောင် အပါအ၀င် ကိုယ်၀န်ဆောင် မိခင်၊ ခွဲစိပ်လူနာ၊ နားမကျန်း ဖြစ်သူ လူ‌နာပေါင်း (၇၀၀၀‌)ကျော်ကို ဆေးဝါးကုပေးခဲ့တယ်လို့ သူက ပြောပါတယ်။

5.png

ဒေါက်တာဖြိုးကျော် ဦးစီးဖွင့်လှစ်ထားတဲ့ ခဏတာအရိပ် ဆေးခန်း/Photo - ပေးပို့

ဒါအပြင် သွားလာဖို့ ခက်ခဲတဲ့ ကျေးလက် ပြည်သူတွေအတွက် ခဏတာအရိပ် ဆေးခန်းကို တည်ထောင် ဖွင့်လှစ် ထားပြီး ဆေးဝါးကုသ ပေးနေသလို လူငယ်တွေကို ဆေးပညာ သင်ကြားပေးနေတယ်လို့ သူက ပြောပါတယ်။

"ကျနော့် ဘ၀မှာ အခုလောက် ဖိအားတွေ မရှိဘူးဖူး။ အရင် တာ၀န်ထမ်းဆောင်ခဲ့တဲ့ အနေအထား တစ်ခုမှာလည်း ကိုယ်က အငယ်အနေနဲ့ တာ၀န်ထမ်းဆောင်၊ ကိုယ့်အထက်မှာလည်း အဆင့်လိုက် အဆင့်လိုက် အများကြီး ရှိတာပေါ့။ အခုက မြေပြင်မှာ ကိုယ်ပြီးရင်ကိုယ်၊ ကိုယ့်အထက်မှာ ကုသမှုနဲ့ ပြောချင်တာပေါ့၊ ကိုယ်ပတ်၀န်းကျင်မှာ မရှိဘူး။ ကိုယ်ပဲ ဦးဆောင်ဦးစီး လုပ်နေရတာ။ အဲ့တော့ လူနာတစ်ယောက်စီ တစ်ယောက်စီ တိုင်းရဲ့ အသက်က ဦးဆောင်မှုရယ်၊ ကိုယ်ရဲ့ ဆုံးဖြတ်‌ချက်တွေ အများကြီး မှုတည်တာပေါ့။ အဲ့တော့ အများကြီး ဖိအားတွေ ရှိတယ်။ ကိုယ်မလုပ်ဖူးတဲ့ ခွဲစိတ်မှုတွေ၊ လုပ်ဖူးပေမယ့် မလုပ်တာကြာတဲ့ ခွဲစိတ်မှုတွေ အများကြီး လုပ်ခဲ့ရတယ်။ ဒါပေမယ့် ယုံကြည်ချက် တစ်ခုနဲ့ လုပ်ချင်စိတ် တွေကြောင့် အကုန်လုံး နီးပါးကို အောင်အောင် မြင်မြင် ဖြတ်ကျော်နိုင်ခဲ့တယ်"

ဒေါက်တာဖြိုးကျော်ဟာ ဂီတနဲ့ ဘောလုံးကန် ဝါသနာပါပြီး ကျောပိုးအိတ်တစ်လုံးနဲ့ ခရီးဝေးတဲ့ တောလမ်းတွေကို ဖြတ်ကျော်ကာ ဆေး၀ါး ကုသပေးတတ်သူ ဖြစ်တယ်လို့ ရင်းနှီးသူ မိတ်ဆွေတွေက ပြောပါတယ်။

ဒါ့အပြင် လက်နက်ကြီး ထိတဲ့ အရေးပေါ်လူနာတွေကို ညသန်းခေါင် အချိန်ထိ မညည်းမငြူ လာရောက် ဆေးဝါး ကုသ ပေးတတ်တယ်လို့‌ ဒေသခံတွေက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ဒေါက်တာဖြိုးကျော်တို့ရဲ့ ဆေးခန်းအနီး တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဆေး၀ါး လာရောက် ကုသတဲ့ လူနာတွေကို ဘေးကင်းရာ ရွှေ့ပြောင်းရသလို စစ်အုပ်စုရဲ့ လေကြောင်းရန် ကိုလည်း ကြောက်လန့် နေရတယ်လို့ ဆေးခန်းမှာ ပါ၀င်ကူညီနေသူ ဖြစ်တဲ့ ဆေးတပ်သားတစ်ဦးက ပြောပါတယ်။

8.png

ဒေါက်တာဖြိုးကျော် ဦးစီးဖွင့်လှစ်ထားတဲ့ ခဏတာအရိပ် ဆေးခန်း/Photo - ပေးပို့

"စိုးရိမ်ရတဲ့ အ‌နေအထား ကတော့ ပထမတော့ နယ်မြေ အနေအထားအရ စစ်ကြောင်းထိုးတဲ့ အခါ ကျနော်တို့ အောက်ခြေက ကိုယ့်ဘက်ကလည်း လက်နက်ကိုင် အင်အားက အဲ့လောက်ကြီး မတောင့်တင်းတော့ လာပြီဆိုရင် ကျနော်တို့ ပစ္စည်းတွေ ရွေ့ရ၊ ရှောင်ရတယ်။ ပြီးရင် လက်နက်ကြီးရန်တွေ ကြောက်ရတယ်။ လေကြောင်းရန်တွေ ကြောက်ရတယ်။ အခု လောလောဆယ်ကတော့ စစ်ကြောင်း အနေအထား မရှိပေမယ့် လက်နက်ကြီးနဲ့ အမြဲတမ်း ထုနေတာ ရှိတယ်။ လက်နက်ကြီးနဲ့ တောက်လျောက်ထုနေလို့ လူနာကို ကားနဲ့ ရွေ့ရတယ်။ လုံခြုံတဲ့ နေရာကို လက်နက်ကြီး မမှီလောက်တဲ့ နေရာကို ရွှေ့ရတယ်။ ဆေးရုံကအစ"

လက်ရှိအချိန်မှာတော့ ကလေးတောင်ပိုင်းမှာ ရှိတဲ့ ကျေးရွာ(၂၀)ကျော်က ဒေသခံတွေဟာ ဒေါက်တာဖြိုးကျော် ဦးစီး ဖွင့်လှစ်တဲ့ ခဏတာအရိပ် ဆေးခန်းကိုသာ အားထားနေရတယ်လို့ ဆေးဝါး လာရောက်ကုသမှု ခံယူနေရတဲ့ ကိုယ်၀န်ဆောင်မိခင်၊ မွေးလူနာတစ်ဦးက‌ ပြောပါတယ်။

"ရိုးရိုးက မမွေးရဲတာကြောင့် ဗိုက်ခွဲခဲ့ရတာ။ ကလေးလည်း ကျန်းမာတယ်။ မိခင်လည်း ကျန်းမာတယ်။ ဆရာ၊ ဆရာမ တွေကလည်း ဂရုစိုက်ပေးတယ်ရှင့်။ အားကိုးရတယ်။ ရွာထဲမှာ ရိုးရိုး မွေးမယ်ဆိုရင် အသက်အန္တရာယ် စိုးရိမ်ရတယ်။ ဆေးရုံ၊ဆေးခန်း‌ ပေါ်လာတော့ အသက်အန္တရာယ် မရှိတော့ဘူး"

လက်ရှိ အချိန်မှာတော့ ဒေါက်တာဖြိုးကျော် ဦးစီးဖွင့်တဲ့‌ ခဏတာအရိပ် ဆေးခန်းမှာ ဒဏ်ရာရ လူနာတွေနဲ့ ဗိုက်ကြီးသည် မွေးလူနာတွေ၊ စုစုပေါင်း လူနာ (၂၀၀)ကျော် ရှိသလို ဆေးဝါး အကူအညီ လိုအပ်နေတယ်လို့ ဆေးခန်းမှာ တာ၀န်ထမ်းဆောင်နေသူတွေက ပြောပါတယ်။

ဒေါက်တာဖြိုးကျော်ကတော့ သူဦးစီးဖွင့်လှစ်တဲ့ ခဏတာအရိပ် ဆေးခန်းမှာ တော်လှန်ရေး ပြီးသည်အထိ ရဲဘော်၊ ရဲဘက်တွေနဲ့အတူ ပြည်သူတွေကို ဆေးဝါးကုသနေမှာ ဖြစ်ပြီး အနာဂါတ်မှာတော့ ဆေးခန်းတစ်ခု ဖွင့်ကာ ဝါသနာပါတဲ့ သီချင်းဆိုတာတွေ၊ ဘောလုံးကန်တာတွေ ဆက်လုပ်သွားချင်တယ်လို့ သူက ပြောပါတယ်။

"လိုချင်တဲ့ပန်းတိုင်၊ တကယ်စစ်မှန်တဲ့ လုံး၀ အရည်အသွေး ပြည့်မှီတဲ့ ဖက်ဒရယ်ပြည်ထောင်စု၊ ဒီမိုကရေစီ နိုင်ငံကြီးကို အမြန်ဆုံး ရချင်တယ်။ လူသားအားလုံးက ကိုယ်(Right-အခွင့်အရေး)နဲ့ ကိုယ်ပေါ့နော်။ အကောင်းဆုံး ရှင်သန်နေထိုင်နိုင်တဲ့ နိုင်ငံပေါ့နော် ။မနက်မိုးလင်းတာနဲ့ တခုခုအောက်မှာ အရိပ်မည်းကြီး အောက်မှာ နိုးထလာရတာမျိုး မဟုတ်ဘဲ ထွက်လာတဲ့ နေရောင်ခြည်နဲ့အတူ ကျနော်တို့ အားလုံးလည်း လန်းလန်းဆန်းဆန်း ပွင့်ပွင့်လန်းလန်းနဲ့ တနိုင်ငံလုံး အတိုင်းတာနဲ့ ရချင်တယ်။ ကျနော့် တစ်ဦးတည်း ခံစားချက်ဆိုရင်တော့ တော်လှန်ရေး ပြီးပြီဆိုရင် ကျနော် ဆေးခန်းလေး ဖွင့်ချင်တယ်။ ဆေးခန်း အားရက်လေး ယူမယ်။ တစ်ပတ်တစ်ရက်ဖြစ်ဖြစ်၊ အားတဲ့ရက်‌တွေမှာ ဝါသနာပါတဲ့ သီချင်းဆိုတာတွေ၊ ဘောလုံးကန်တာတွေ ဆက်လုပ်သွားချင်တယ်။ ဒါကတော့ ကျနော်ရဲ့ တကိုယ်ရည် ရည်မှန်းချက်ပါ"

#Mandalay_Free_Press_MFP

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ