ရေးသူ - AN (MFP)၊ ဆောင်းပါး
အာဏာသိမ်း စစ်အုပ်စုရဲ့ ကင်းထောက်လေယာဥ် ပျံဝဲသံက သေမင်းတမန် ငှက်ဆိုးထိုးသံလို။ လေယာဥ် ဝဲတာ လေးကြိမ်မြောက် ရှိလာချိန်မှာတော့ စျေးရောင်းစျေးဝယ် နေကြသူတွေ အားလုံး ဆောက်တည်ရာမရ ဟိုဟိုဒီဒီ ပြေးလွှား ကြပါတော့တယ်။
စစ်ကိုင်းတိုင်း ကသာခရိုင် ထီးချိုင့်မြို့နယ် ကမ်းနီကျေးရွာကို စစ်အုပ်စုက လေကြောင်းဗုံးကြဲ သတ်ဖြတ်ဖို့ ပစ်မှတ် ရှာနေချိန် မကြာခဏ လေကြောင်းဗုံးကြဲ သတ်ဖြတ်ခံနေရတဲ့ ဒေသခံ နယ်သူ၊ နယ်သားတွေက အခြေအနေကို ရိပ်စားမိလာပြီး ကြောက်လန့်ကာ နီးစပ်ရာ ပုန်းခိုနိုင်မယ့် နေရာတွေဆီ ဝင်ပြေးကြတာပါ။
အားလုံး တွေးထားကြသလိုပင်။ သိပ်မကြာခင် အာဏာသိမ်း စစ်အုပ်စုရဲ့ တိုက်လေယာဥ်က ထီးချိုင့်မြို့နယ် ကမ်းနီရွာ စျေးထဲကို ပေါင်(၅၀၀)ဗုံးတွေ ကြဲချပါတာ့တယ်။ ဗုံးသံ၊ ပေါက်ကွဲသံနဲ့ လေယာဉ်သံတွေကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး ငရဲပွက်သလို။
ထီးချိုင့်မြို့နယ် ကမ်းနီရွာဟာ ဧရာဝတီ မြစ်ကမ်းက အိမ်ခြေ ထောင်ချီရှိတဲ့ စည်ကားတဲ့ ရွာကြီးပါ။ ကမ်းနီရွာ စျေးအနီး မှာလည်း ဒေသခံပြည်သူတွေ အားကိုးအားထား ပြုနေရတဲ့ ကျေးလက် ဆေးခန်း ရှိပါတယ်။ စစ်အုပ်စုက အဲ့ဒီ ဆေးခန်းကို အဓိက ပစ်မှတ်ထားပြီး ဧပြီ(၂၄)ရက် နေ့လည်(၂)နာရီက လေကြောင်းဗုံးကြဲ သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ကမ်းနီရွာဆေးခန်းကို တနယ်လုံးက အားထားနေရပြီး စစ်အုပ်စုက လေကြောင်းဗုံးကြဲတဲ့နေ့ကလည်း အဲ့ဒီ ဆေးခန်းမှာ ကိုယ်ဝန်ဆောင်နှစ်ဦးက မီးဖွားဖို့ စောင့်ဆိုင်း နေကြချိန် ဖြစ်ပါတယ်။
"လေယာဥ် စဝဲတော့ ကျွန်တော်က ဆေးရုံမှာ မဟုတ်ဘူး။ အဲဒီ ဘေးက ရွာမှာ ရှိနေတာ။ ဖုန်းတွေ ဆက်ရတာပေါ့။ ဟုတ်တယ် ဝဲနေပြီ ဝဲနေပြီနဲ့။ နောက်ထပ် တစ်စီးတက်လာပြီး ပစ်ချလိုက်တာပဲ"
ဒေသခံ ကျန်းမာရေးလုပ်သား တစ်ဦးဖြစ်တဲ့ ကိုအောင်ထွန်းက အဲဒီနေ့က အခြေအနေကို ပြောပြပါတယ်။
အာဏာသိမ်း စစ်အုပ်စုက ကမ်းနီရွာစျေးကို တိုက်လေယာဥ်နဲ့ ပေါင်(၅၀၀)ဗုံး လေးလုံး ချပြီးနောက် စက်သေနတ်နဲ့ပါ တရစပ် ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။
အဲဒီ လေကြောင်းဗုံးကြဲ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကမ်းနီရွာ စျေးဆိုင်ခန်းတွေ မီးလာင်ပျက်စီးသလို ဆေးခန်းလည်း ပျက်စီးပြီး ပြည်သူ(၂၈)ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
ကံကောင်းထောက်မစွာနဲ့ ပြည်သူတွေ သေဆုံးတာ မရှိခဲ့သလို ခွဲခန်းဝင်ခါနီး ကိုယ်ဝန်သည် နှစ်ဦးလည်း အန္တရာယ် ကင်းလွတ်ခဲ့ပါတယ်။ ဆေးခန်းပျက်စီးသွားလို့ အဲ့ဒီ ကိုယ်ဝန်သည် နှစ်ဦးကိုတော့ တခြား နေရာတစ်ခုကို ပြောင်းရွေ့ပြီး အရေးပေါ် မီးဖွားပေးခဲ့ရာ နှစ်ဦးလုံး အောင်မြင်စွာ မီးဖွားနိုင်ခဲ့တယ်လို့ ကိုအောင်ထွန်းက ပြောပါတယ်။
စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ပေါ်ပေါက်နေတဲ့ လက်နက်ကိုင် ပဋိပက္ခနဲ့ နယ်မြေ မတည်ငြိမ်မှုတွေကြောင့် စစ်ကိုင်းတိုင်းက ကိုယ်ဝန်သည် မိခင်တွေနဲ့ ကလေးငယ်တွေဟာ ကာကွယ်ဆေး အပါအဝင် လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ မရဘဲ ဖြစ်နေပါတယ်။
ထီးချိုင့်မြို့နယ်က ကိုယ်ဝန်သည် မဟန်နာ (အမည်လွှဲ)ဆိုရင် ၂၀၂၃ မတ်လမှာ စစ်အုပ်စုက သူတို့ရွာကို ဗုံးကြဲ၊ မီးရှို့၊ စစ်ကြောင်း ထိုးလို့ ကိုယ်ဝန်ကြီးနဲ့ ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။
"လေယာဥ်နဲ့ ဗုံးလာကြဲပြီး ရွာကို မီးရှို့တာလေ။ ဘာမှကို မပါဘူး။ အဝတ်တစ်ထည် ကိုယ်တစ်ခုပဲ ထွက်ပြေး လာရတယ်။ ထမင်းတောင် ဘုန်းကြီးကျောင်းက ကျွေးလို့ စားရတာ"လို့ မဟန်နာက ပြောပါတယ်။
ကိုယ်ဝန်လနုနုနဲ့ ထွက်ပြေးခဲ့ရသလို ထွက်ပြေးပြီးတဲ့ နောက်မှာလည်း ဘယ်လို ကာကွယ်ဆေးမှ မရခဲ့ဘူးလို့ မဟန်နာက ပြောပါတယ်။
ကာကွယ်ဆေး မရဘဲ ကလေးမွေးလာခဲ့သလို သမီးငယ်မှာလည်း ကာကွယ်ဆေးတွေ ရရှိဖို့ ခက်ခဲနေလို့ သမီးအတွက် စိတ်ပူမိတယ်လို့ မဟန်နာက ပြောပါတယ်။ ကလေးမွေးပြီးတဲ့နောက် စစ်ရှောင်တဲ့ နေရာကနေ မိုင်ဆယ်နဲ့ချီ ဝေးတဲ့ အင်းတော်မြို့အထိ သွားကာ ကလေးအတွက် ကာကွယ်ဆေး ထိုးနေရတယ်လို့ ဆိုပါတယ်။
"အခု နှစ်ကြိမ်မြောက် သွားထိုးရမှာ။ အင်းတော်အထိ ဆိုတော့ ကျွန်မသွားဖို့တော့ စိတ်ကူး မရှိသေးဘူး"
မွေးကင်းစကနေ အသက်တစ်နှစ်အရွယ် ကလေးငယ်တွေမှာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် အားနည်း လွန်းတာကြောင့် မဖြစ်မနေ ကာကွယ်ဆေးတွေ ထိုးနှံဖို့ လိုအပ်ပါတယ်။ တုပ်ကွေး၊ ပိုလီယို၊ မေးခိုင်ပိုး၊ အသည်းရောင် အသား၀ါ၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှော၊ ဆုံဆို့၊ ကြက်ညှာ-ချောင်းဆိုး စတဲ့ ရောဂါတွေ ကာကွယ်နိုင်ဖို့ မွေးကင်းစကနေ အသက်(၁၀)နှစ်အရွယ်အထိ ကလေးငယ်တွေဟာ အသက်အရွယ်အလိုက် ကာကွယ်ဆေးတွေ ထိုးနှံဖို့ လိုအပ်ပါတယ်။ ကလေးငယ်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ ဥာဏ်ရည် ဖွံ့ဖြိုးဖို့အတွက်လည်း ကာကွယ်ဆေးတွေ ထိုးနှံဖို့ လိုအပ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)နဲပ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) တို့လို အဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
ထီးချိုင့်က မဟန်နာတို့ သားအမိအတွက်တော့ အဲ့လို ကာကွယ်ဆေးတွေ အလွယ်တကူ ထိုးနှံခွင့် မရသလို ထီးချိုင့်နယ်ထဲက တခြား မိခင်နှစ်ဦးကို မေးမြန်းကြည့်ရာမှာလည်း ကလေးတွေ တစ်နှစ်ပြည့်တဲ့အထိ ဘယ်လို ကာကွယ်ဆေး ကိုမှ မထိုးရသေးဘူးလို့ ပြောပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မွေးကင်းစကနေ တစ်နှစ်ခွဲအတွင်း မိန်းကလေးဆိုရင် ကာကွယ်ဆေး (၁၃)မျိုး၊ ယောကျာ်းလေးဆိုရင် (၁၂)မျိုး ထိုးနှံဖို့ လိုပါတယ်။
ဒါပေမယ့် ထီးချိုင့်မြို့နယ်အတွင်းမှာတော့ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်ရဲ့ (၁၀)ပုံ တစ်ပုံလောက်သာ ကာကွယ်ဆေးတချို့ ရနေတာ ဖြစ်ပြီး အများစုကတော့ လုံးဝ ကာကွယ်ဆေး မရတဲ့ အခြေအနေ ဖြစ်တယ်လို့ ကျန်းမာရေး လုပ်သား ကိုအောင်ထွန်းက ပြောပါတယ်။
ထီးချိုင့်မြို့နယ်ဟာ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ဧပြီလလောက် ကတည်းက ကာကွယ်ဆေးတွေ ပြတ်တောက်ခဲ့တာလို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။
အဲဒီနောက် တော်လှန်ရေးတပ်ဖွဲ့တွေ ပေါ်ပေါက်လာပြီး မကြာခဏ တိုက်ပွဲတွေ ဖြစ်တာ၊ နယ်မြေ မတည်ငြိမ်တာတွေကြောင့် အာဏာသိမ်း စစ်အုပ်စုက ထီးချိုင့်မြို့နယ်အတွင်း ကျန်းမာရေး ဆေးဝါး သယ်ယူခွင့်ကို ပိတ်ထားတယ်လို့ ကျေးရွာပြည်သူ့ကာကွယ်ရေး အဖွဲ့တွေက ဆိုပါတယ်။
"ကားလမ်းက သယ်ရင် ငါးအိုး၊ အင်းတော်။ အဲဒီ စစ်တပ်ဂိတ်တွေကနေ ဆွဲချတယ်။ ရေလမ်းက သယ်ရင်လည်း ကသာ ရေဆိပ်က သင်္ဘောပေါ် တက်ပြီးကို ဆွဲချတယ်။ ဘာဆေးမှ အသယ်မခံဘူး" လို့ ကျေးရွာ ပကဖ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
၂၀၂၃ နိုဝင်ဘာ(၁၀)ရက်မှာ တော်လှန်ရေးတပ်တွေက ထီးချိုင့်မြို့သိမ်း တိုက်ပွဲအဖြစ် စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ အဲဒီ တိုက်ပွဲတွေ နောက်ပိုင်း ဆေးဝါးသယ်ယူရတဲ့ အခြေအနေက ပိုဆိုးလာတယ်လို့ ဆိုပါတယ်။
"အာဏာစသိမ်းလိုက်ပြီး တစ်လလောက် အကြာမှာ ဒီဘက်က ကျန်းမာရေး ဝန်ထမ်းတွေက CDMဝင်ကြ၊ ကိုယ့်ဒေသကိုယ် ပြန်ကြနဲ့ ဘယ်ရောက်ကုန်ကြမှန်း မသိဘူး။ နောက်ပိုင်း ဒေသ ကာကွယ်ရေး တပ်တွေ စုစည်းမှုနဲ့ သူနာပြုတွေ ပေါ်လာကြတာ"လို့ ကိုအောင်ထွန်းက ရှင်းပြပါတယ်။
လက်ရှိအချိန်မှာ ထီးချိုင့် တနယ်လုံး သုံးနေရာလောက်သာ ကျန်းမာရေး ဆေးပေးခန်းရှိပြီး ဆရာဝန်ဦးရေဟာလည်း ဆယ်ဂဏန်းပင် မပြည့်ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ထီးချိုင့်က ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်တွေဟာ ကာကွယ်ဆေး ထိုးနိုင်ဖို့ မိုင်ဆယ်နဲ့ချီဝေးတဲ့ ကသာမြို့နဲ့ အင်းတော်မြို့ကို သွားရမှာ ဖြစ်ပြီး အဲဒီနေရာတွေဟာ မကြာခဏ တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေ ဖြစ်သလို အာဏာသိမ်း စစ်အုပ်စုက မထင်ရင်မထင်သလို ရိုက်နှက်ဖမ်းဆီးတာတွေကြောင့် ဒေသခံ ပြည်သူတွေဟာ ခရီးသွားလာဖို့ ထိတ်လန့်နေကြရတယ်လို့ ဆိုပါတယ်။
"ကာကွယ်ဆေး သွားထိုးရင်း ဖမ်းပြီး အသတ်ခံလိုက်ရမှာ စိုးတယ်။ နယ်မြေ အခြေအနေက မကောင်းဘူး" လို့ တစ်နှစ်အရွယ် ကလေးမိခင်က ပြောပါတယ်။
ထီးချိုင့်မြို့နယ်အတွင်း တိုက်ပွဲဖြစ်လေ့ရှိတဲ့ ထီးချိုင့်မြို့နဲ့ မြတောင်ကျေးရွာ ဝန်းကျင်တင် မကဘဲ တခြားသော အရပ်သားတွေ နေထိုင်တဲ့ ကမ်းနီ၊ ဝဲကြီး စတဲ့ ကျေးရွာတွေ အပါအဝင် အရပ်သား ပြည်သူတွေ နေထိုင်တဲ့ နေရာတွေကို အာဏာသိမ်း စစ်အုပ်စုက မကြာခဏ လေကြောင်းတိုက်ခိုက်လေ့ ရှိပါတယ်။
MFP က ရရှိထားတဲ့ အချက်အလက်တွေအရ မြို့သိမ်းတိုက်ပွဲ ဖြစ်ခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာကနေ ယခု ၂၀၂၄ မေလအထိ ခြောက်လတာအတွင်း ထီးချိုင့်နယ်မှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်(၂၀၀)ကျော် ရှိခဲ့ပါတယ်။
အဲဒီ လေကြောင်း တိုက်ခိုက်မှုတွေ အတွင်း ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင် မိခင် သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။
၂၀၂၃ နိုဝင်ဘာ(၁၃)ရက်က ထီးချိုင့်နယ်၊ ကိုးတဲကျေးရွာက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး စစ်အုပ်စုက လေကြောင်းတိုက်ခိုက် ဗုံးကြဲသတ်ဖြတ်ခဲ့ရာ ကလေးငယ် သုံးဦးနဲ့ ကိုယ်ဝန်ဆောင် မိခင် တစ်ဦး အပါအဝင် စုစုပေါင်း ဒေသခံ ပြည်သူ ခြောက်ဦး သေဆုံးခဲ့ပါတယ်။
အထက်ပါ အခြေအနေတွေကို ထီးချိုင့်မြို့နယ် တစ်ခုထဲမှာ ကြုံတွေ့နေရတာမျိုး မဟုတ်ဘဲ စစ်ကိုင်းတိုင်းထဲက ခင်ဦးမြို့နယ်၊ ဝက်လက်မြို့နယ်နဲ့ ရွှေဘိုမြို့နယ်တို့မှာလည်း အလားတူ အဖြစ်အပျက်တွေ ကြုံတွေ့နေရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ(၁၂)ရက်ကပဲ ခင်ဦးမြို့နယ်၊ ကျွန်းတောကြီးရွာက ကိုယ်ဝန် ခုနှစ်လ လွယ်ထားရသူ မယဥ်ယဥ်သွေးကို စစ်တပ်က ဦးခေါင်းကို သေနတ်တေ့ပြီး ပစ်သတ်ခဲ့ပါတယ်။
ဒါ့အပြင် ခင်ဦးမြို့နယ်အတွင်းက ကျေးရွာတွေမှာ ကျန်းမာရေး ဆေးပေးခန်းတွေ မရှိသလို ကာကွယ်ဆေးတွေဟာ မေးခိုင်ကာကွယ်ဆေး တစ်ခုက လွဲပြီး တခြား ဆေးဝါးတွေလည်း မရှိဘူးလို့ ခင်ဦးမြို့နယ်မှာ ဆေးကုသမှု ပေးနေတဲ့ CDM သားဖွားမီးယပ် ဆရာမတစ်ဦးက ပြောပါတယ်။
"တခြား အထိခိုက်တွေအတွက် အရေးပေါ် ဆေးဝါးကိုတောင် အဆင့်ဆင့် ကျွန်မတို့ ခိုးကြောင်ခိုးဝှက် သယ်နေရတာ။ ကာကွယ်ဆေးလို ဝယ်ရခက်တဲ့ ဆေးဝါးမျိုးက ဒီနယ်တွေမှာ ရဖို့ ခက်ခဲပါတယ်"လို့ အဲဒီ ဆရာမက ပြောပါတယ်။
ခင်ဦးမြို့နယ်အတွင်းက ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်တွေဟာ ကာကွယ်ဆေးထိုးဖို့အတွက်ဆို ဆိုင်ကယ်နဲ့ လမ်းကြမ်းခရီးကို တစ်နာရီလောက် မောင်းရတဲ့ ခင်ဦးမြို့ပေါ်နဲ့ ရေဦးမြို့ပေါ်ကို သွားထိုးရပါတယ်။
ဒါပေမယ့် တခါတရံ အဲဒီကို သွားတဲ့လမ်းမှာ စစ်အုပ်စု စစ်ကြောင်းတွေ ရှိတတ်ပြီး ဖမ်းဆီးသတ်ဖြတ်ခံရတာတွေ ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အလားတူ ရွှေဘိုမြို့နယ်မှာလည်း စစ်အုပ်စုက ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ မီးရှို့၊ စစ်ကြောင်းထိုးလို့ စစ်အုပ်စု ရန်က လွတ်အောင် ရှောင်တိမ်းရင်း ကိုယ်ဝန်ပျက်ကြတာတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ အဲဒီဘက်မှာ အခမဲ့ ဆေးကုသပေးနေတဲ့ ဆရာဝန်တစ်ဦးက ပြောပါတယ်။
"တစ်လကို ငါးယောက်လောက် ကိုယ်ဝန်ပျက်ကျတဲ့ လက္ခဏာနဲ့ ရောက်လာတာ ရှိတယ်။ စာရင်း အတိအကျနဲ့ လုပ်ထားတာမျိုးတော့ မရှိဘူး။ ဒီနယ်မြေမှာ ဒီလို စာရင်းလုပ်ဖို့လည်း ခက်ခဲတယ်" လို့ အဲဒီ ဆရာဝန်က ပြောပါတယ်။
ရွှေဘိုမြို့နယ်မှာလည်း စစ်တပ်က ဆေးဝါးသယ်ဆောင်တာတွေကို ကန့်သတ်ပိတ်ဆို့ထားပြီး ဆေးဝါး တွေ့ရှိပါက ဖမ်းဆီးစစ်ဆေးတာတွေ၊ သတ်ဖြတ်တာတွေ လုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ကိုယ်ဝန်သည်မိခင်နဲ့ ကလေးငယ်တွေ ကာကွယ်ဆေး ထိုးဖို့အတွက် ရွှေဘိုမြို့ပေါ်ကို သွားရပြီး မြို့အဝင် စစ်တပ်ဂိတ်တွေမှာ ကျေးရွာနာမည် မေးပြီး လိုက်ပို့တဲ့ အမျိုးသားတွေကို ရိုက်နှက် စစ်ဆေးတာ၊ ဖမ်းဆီးတာတွေ လုပ်လေ့ ရှိတာမို့ မြို့ပေါ်တက်ဖို့ကို ဒေသခံတွေက ကြောက်လန့်ကြပါတယ်။
ဒီပြသနာကို ဘယ်လိုဖြေရှင်းနိုင်မလဲ မေးမြန်းကြည့်ရာမှာ ထီးချိုင့်၊ ခင်ဦးနဲ့ ရွှေဘိုမြို့နယ်တွေက ဒေသခံ ကျန်းမာရေး တာဝန်ခံတွေဟာ ဒါကို ဖြေရှင်းနိုင်ဖို့ဆိုရင် စစ်ကောင်စီကို အမြစ်ပြတ် တိုက်ထုတ်နိုင်မှပဲ ရမယ်လို့ ဆိုကြပါတယ်။
"ဘယ်လို လုပ်ရမလဲ။ ရှိတဲ့ ဆေးဝါးနဲ့ ရအောင် ကုနေရတယ်။ ဆေးဝါး လိုအပ်ချက်က အများကြီး ရှိနေသလို စစ်တပ်ကလည်း သူတို့ ထိန်းနိုင်တဲ့ ဂိတ်တွေကနေ အကုန် ပိတ်ထားတယ်" လို့ ထီးချိုင့်မြို့နယ်က ကျန်းမာရေး လုပ်သား ကိုအောင်ထွန်းက ပြောပါတယ်။
ဒါ့အပြင် ထီးချိုင့်မြို့နယ်က စစ်ရှောင်တွေအတွက်ဆိုရင် ကာကွယ်ဆေးထက် စားသောက်ရေးက ပို လိုအပ်တယ်လို့လည်း ဆိုပါတယ်။
"ကျန်းမာရေးက အရေးမကြီးဘူးလို့ ကျွန်တော် ပြောချင်တာ မဟုတ်ဘူး။ ဒါပေမယ့် ထမင်း သေချာ မစားရတဲ့ စစ်ရှောင်တွေ၊ ဒုက္ခရောက်နေသူတွေ အများကြီးပဲ။ အခု အရေးပေါ် ဖြေရှင်းဖို့ဆို ဒါက (ထမင်း) ပို လိုအပ်တာပေါ့" လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ နှစ်အစပိုင်းက ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေရှိ ဆေးရုံတွေမှာတောင် ကာကွယ်ဆေး ပြတ်လပ်တာတွေ ကြုံတွေ့ခဲ့ရတယ်လို့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စု လက်အောက်မှာ အလုပ်လုပ်နေတဲ့ Non-CDM ဆရာဝန်တစ်ဦးက ပြောပါတယ်။
"ဒီနှစ်တော့ ဆေးရုံတွေမှာ ကာကွယ်ဆေး အလုံအလောက် ရပါပြီ။ လမ်းပန်းဆက်သွယ်ရေး ကောင်းတဲ့ မြို့တွေကိုလည်း ပို့ထားတယ် "လို့ အဲဒီဆရာဝန်က ပြောပါတယ်။
၂၀၂၃ စက်တင်ဘာလအတွင်းမှာ စစ်ကောင်စီက ကျပ် နှစ်ဘီလီယံ (ကျပ်သန်း၂၀၀၀) အသုံးပြုပြီး ဗဟိုကာကွယ်ဆေး သိုလှောင် အအေးခန်း ဖွင့်လှစ်ခဲ့ပေမယ့် နိုင်ငံတဝန်းမှာ ကာကွယ်ဆေး မရရှိတဲ့ ကလေးနဲ့ ကိုယ်ဝန်သည် မိခင် အရေအတွက်က အများအပြား ရှိနေဆဲ ဖြစ်ပါတယ်။
ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ပဋိပက္ခတွေကြောင့် ကမ္ဘာပေါ်မှာ ကာကွယ်ဆေး ထိုးခွင့် မရတဲ့ ကလေး အများဆုံး ရှိတဲ့ နိုင်ငံတွေထဲ မြန်မာနိုင်ငံ ပါဝင်နေပြီး ၂၀၁၉ ကနေ ၂၀၂၁ အတွင်း မြန်မာနိုင်ငံက ကလေး အယောက်(၁၀၀)မှာ အယောက်(၆၀)က မွေးကင်းစအရွယ်မှာ မဖြစ်မနေ ထိုးရမယ့် ကာကွယ်ဆေး တစ်ကြိမ်တောင် ထိုးခွင့်မရဘူးလို့ UNICEF က ၂၀၂၂ အတွင်း ထုတ်ပြန်ကြောင်း ပါတယ်။
ကာကွယ်ဆေး ထိုးခွင့်မရတဲ့ ကလေးငယ်တွေဟာ တုပ်ကွေး၊ ပိုလီယို၊ မေးခိုင်ပိုး၊ အသည်းရောင် အသား၀ါ၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှော၊ ဆုံဆို့၊ ကြက်ညှာ-ချောင်းဆိုး စတဲ့ ရောဂါတွေ ပိုမို ဖြစ်ပွားစေနိုင်ပြီး အသက် အန္တရာယ်ပါ ကျရောက်နိုင်တယ်လို့ UNICEF က ဆိုထားပါတယ်။
ကာကွယ်ဆေး နှစ်ကြိမ်သာ ထိုးရသေးတဲ့ မဟန်နာကတော့ မကြာခဏ ဝမ်းပျက် လေ့ရှိတဲ့ သူမရဲ့ သမီး ဖြစ်သူ အတွက် စိုးရိမ်မိတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားသလို မကြာခဏ လေကြောင်းဗုံးကြဲ တိုက်ခိုက် ခံနေရချိန် ထီးချိုင့် မြို့နယ်ကနေ အင်းတော်မြို့ကို သွားဖို့အတွက်တော့ သူမအတွက် ခယောင်းလမ်း ဖြတ်ရသလို ဖြစ်နေတာမို့ သမီးငယ်ရဲ့ နောက်ထပ် ကာကွယ်ဆေး ရမယ့် မျှော်လင့်ချက်ကလည်း ဝေးနေဆဲ ဖြစ်ပါတယ်။