အောက်ချင်းတို့ရဲ့ သူရဲကောင်း (သို့မဟုတ်) CNDF ဒု-စစ်ဦးစီးချုပ် ဆလိုင်းဒေးဗစ်နယူး

အောက်ချင်းတို့ရဲ့ သူရဲကောင်း (သို့မဟုတ်) CNDF ဒု-စစ်ဦးစီးချုပ် ဆလိုင်းဒေးဗစ်နယူး

ရေးသူ - ကိုသူ (MFP)၊ ဆောင်းပါး

ဆလိုင်းဒေးဗစ်နယူး (Salai David New) က အချိန်ရတိုင်း ဇနီးသည် မဇူဇီ နဲ့ သားဖြစ်သူ အင်ဒရူးကို ဂစ်တာတီးပြီး သီချင်း ဆိုပြလေ့ ရှိပါတယ်။

သီချင်းဆိုတာ၊ သစ်ပင်စိုက်တာ၊ ဘောလုံးကန်တာ ဝါသနာပါပြီး လူတိုင်းအပေါ် ကူညီတတ်တဲ့ လူငယ် ဒေးဗစ်။

အခုတော့ ဒေးဗစ်တစ်ယောက် သူချစ်တဲ့ ဇနီးနဲ့ သား၊ သူမြတ်နိုး တန်ဘိုးထားတဲ့ အရာတွေကို စွန့်ခွာပြီး အဝေးကို ထွက်သွားခဲ့ပါပြီ။

မဇူဇီတို့ရဲ့ နေအိမ်မှာလည်း ဂစ်တာသံတွေ တိတ်ဆိတ်သွားတာ နှစ်လကျော် ကြာမြင့်ခဲ့ပါပြီ။

6.png

လွတ်လပ်၊ ငြိမ်းချမ်းပြီး တရားမျှတတဲ့ နိုင်ငံသစ်ကို မျှော်ရည်ကာ တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တဲ့ CNDF ဒု-စစ်ဦးစီးချုပ် ဆလိုင်းဒေးဗစ်နယူး (Salai David New)/ Photo - ပေးပို့

"သူမဆုံးခင် ငါးရက်လောက်အလိုမှာလေ၊ တစ်ရက် ပြန်လာတယ်။ အဲ့ဒီမတိုင်ခင်မှာ ရှေ့တန်းထွက်တာက တစ်လလောက်‌ ကျော်သွားပြီပေါ့။ ပစ္စည်းထုတ်စရာလည်း နည်းနည်း ရှိလို့ဆိုပြီးတော့လေ။ ဌာနချုပ်ကို သူတို့ ပြန်လာတယ်။ အဲ့လို ပြန်လာပြီးမှ မနက်(၂)နာရီလောက်မှာ ရောက်တယ်။ အိမ်ကို။ မနက်(၂)နာရီလောက် ရောက်ပြီးတော့ မအိပ်တာလည်း လေးရက်လောက် ကြာပြီဆိုတော့လေ၊ သူအိပ်ပြီးမှ မနက်ပိုင်း ထပြီးမှ ပစ္စည်း သွားထုတ်တာ။ (၁၂)နာရီလောက်မှာ ထမင်းစားပြီးတော့ ချက်ချင်း ပြန်ထွက်သွားတယ်။ အဲ့ဒါ နောက်ဆုံး တွေ့ဖြစ်တာပါ"

ဒါကတော့ ဒေးဗစ် နဲ့ နောက်ဆုံး တွေ့ဆုံခဲ့ရတဲ့အကြောင်းကို ဇနီးဖြစ်သူ မဇူဇီ က ပြန်ပြောပြနေတာပါ။

အသက်(၃၄)နှစ်အရွယ် ဆလိုင်းဒေးဗစ်နယူး (Salai David New)ဟာ စစ်အာဏာမသိမ်းခင်က ခရစ်ယာန် ဓမ္မတေး သီဆိုသူ ဖြစ်ခဲ့ပါတယ်။

နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ မကင်းတဲ့ ဒေးဗစ်ဟာ စစ်အာဏာမသိမ်းခင်က ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲချုပ်ပါတီ (Chin National League for Democracy Party) ရဲ့ လူငယ် အတွင်းရေးမှုး အဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာတော့ သူဟာ ချင်းပြည်၊ ဖလမ်းမြို့နယ် သပိတ်ဦးဆောင်သူ ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီနောက် နွေဦးတော်လှန်ရေးမှာ ကျရာကဏ္ဍက ပါဝင်ရင်း ချင်းအမျိုးသား ကာကွယ်ရေးတပ် - CNDF ရဲ့ ဒုတိယ စစ်ဦးစီးချုပ်‌ ဖြစ်လာခဲ့သူ။

သူဟာ စစ်အုပ်စုနဲ့ ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲ (၁၀၀)ကျော် ဦးဆောင် တိုက်ခိုက်ခဲ့ပြီး ရဲဘော်ရဲဘက်တွေကို သနားညှာတာ တတ်တဲ့ စံပြခေါင်းဆောင်တစ်ဦး ဖြစ်တယ်လို့ ရဲဘော်ရဲဘက် တစ်ဦးဖြစ်တဲ့ CNDF ပြန်ကြားရေး တာ၀န်ခံ တစ်ဦးက‌ ပြောပါတယ်။

"တိုက်ပွဲသွားတဲ့ အချိန်တိုင်း သူက ရဲရဲရင့်ရင့်ပဲ။ သေလည်း ဒီခန္ဓာ ပြည်သူလူထုအတွက် ပေးဆပ် ဆိုပြီးတော့ သွားကြတာဆိုတော့လေ၊ တခါဆိုရင်သူ ၂၀၂၂ ဇန်နဝါရီ ၂၃ရက်တုန်းက အပြင်မှာ ရင်းနှီးပြီးသားပေါ့။ သူနဲ့ ခင်တဲ့ရဲဘော်။ သူနဲ့ အထက်အောက် ဖြစ်သွားတာပေါ။ သူလည်း ဒဏ်ရာရတယ်။ လက်နက်ကြီးဒဏ်ရာ နည်းနည်းရတယ်။ အဆိုးရွားကြီးတော့ မဟုတ်ပေမယ့် သူ့သူငယ်ချင်း အလောင်းကျသွားတော့ အဲ့ဒါကို သူက အေးဆေးသွားယူကြမယ် ပြောတာ။ သူကတော့ မရဘူး။ ဒီအလောင်း မယူရင် မရဘူးဆိုပြီး အန္တရာယ်ကြားက သွားယူတာတွေ အမှတ်တရရှိတယ်‌"

1.png

လွတ်လပ်၊ ငြိမ်းချမ်းပြီး တရားမျှတတဲ့ နိုင်ငံသစ်ကို မျှော်ရည်ကာ တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တဲ့ CNDF ဒု-စစ်ဦးစီးချုပ် ဆလိုင်းဒေးဗစ်နယူး (Salai David New)/ Photo - ပေးပို့

CNDF ဒု-စစ်ဦးစီးချုပ်ဟာ တိုက်ပွဲဖော်ဆောင်ဖို့ စစ်မြေ‌ပြင်ကို သွားရောက်ရင်း ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီ (၂၃)ရက်က ကလေးမြို့နယ် တောင်ပိုင်း၊ တောင်သာရွာအနီး စစ်အုပ်စုနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ သူရဲ့ ကိုယ်ရံ‌တော် ရဲဘော် ဆလိုင်းအာမိုစ့်၊ အမျိုးသမီးရဲမေ မအားငယ်တို့အတူ စစ်မြေပြင်မှာ ကျဆုံးခဲ့ပါတယ်။

"သူက ရဲဘော်တွေကို တွေ့ဆုံပြီး အပြန်မှာ အဲ့ဒီဘက်က ပျူရွာဆိုတော့လေ သတင်းပေါက်သွားတယ် တူပါတယ်။ ရွာထဲမှာ သူတို့ ဝိုင်းခံရတယ်။ ကင်းပုန်း ထိုင်ခံရတယ်ပေါ့။ အဲ့ဒီမှာ သူရယ်၊ သူညီအစ်ကို နှစ်ယောက်ရယ်ဆို သုံးယောက်ပဲ ပါတယ်။ အဲ့လို ပစ်ခတ်ရင်းနဲ့ သူက ပြန်ပစ်ရတာက အဖမ်းခံရတာ မဟုတ်ဘဲ စစ်ကောင်စီ ဘက်ကလည်း တစ်ယောက်ကျတယ်။ အပြန်အလှန် ပစ်ခတ်ရင်း ကျသွားတာပါ" လို့ CNDF -ပြန်ကြားရေး တာ၀န်ခံက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ မြောက်ဘက်ပိုင်း၊ ချင်းတောင်တန်းတွေပေါ်မှာ အခြေပြုတဲ့ ချင်းအမျိုးသား ကာကွယ်ရေးတပ် - CNDF ဟာ စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ တော်လှန်ရေး တပ်ဖွဲ့တွေထဲက အားကောင်းတဲ့ တပ်ဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။

CNDF အနေနဲ့ အာဏာရှင်စနစ် အမြတ်ဖြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ် တည်ဆောက်ရေးအတွက် အသက်၊ သွေး၊ ချွေးတွေ နေ့စဉ် ပေးဆပ်ကာ တိုက်ပွဲဝင်နေပြီး နွေဦးတော်လှန်ရေး ကာလ သုံးနှစ်အတွင်း CNDF နဲ့ အာဏာသိမ်း စစ်အုပ်စုကြား တိုက်ပွဲ (၁၇၀)ကျော် ဖြစ်ပွါးခဲ့ပါတယ်။ အဲ့ဒီတိုက်ပွဲတွေအတွင်း CNDF က စစ်အုပ်စု စခန်းတွေ၊ မြို့ရွာတွေ သိမ်းပိုက်နိုင်ခဲ့တာ ရှိသလို CNDF တပ်ဖွဲ့၀င် တော်လှန်ရေး ရဲဘော် (၄၈)ဦး ကျဆုံးကာ ကိုယ်လက်အင်္ဂါ ဆုံးရှုံးပြီး မသန်းစွမ်းသူ ဖြစ်ရတဲ့ ရဲဘော် (၄၂)ဦး ရှိတယ်လို့ CNDF တည်ထောင်ခြင်း သုံးနှစ်ပြည့်မှာ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီ ကျဆုံးသူတွေထဲ CNDF တပ်ဖွဲ့ရဲ့ ဒုတိယ စစ်ဦးစီးချုပ် ဆလိုင်းဒေးဗစ်နယူး (Salai David New) လည်း ပါဝင်ခဲ့ပါတယ်။

2.png

လွတ်လပ်၊ ငြိမ်းချမ်းပြီး တရားမျှတတဲ့ နိုင်ငံသစ်ကို မျှော်ရည်ကာ တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တဲ့ CNDF ဒု-စစ်ဦးစီးချုပ် ဆလိုင်းဒေးဗစ်နယူး (Salai David New)/ Photo - ပေးပို့

CNDF ဒု-စစ်ဦးစီးချုပ် ဆလိုင်းဒေးဗစ်နယူး (Salai David New) ဟာ လွတ်လပ်၊ ငြိမ်းချမ်းပြီး တရားမျှတတဲ့ နိုင်ငံသစ်ကို မျှော်ရည်ကာ တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တာလို့ ကျန်ရစ်သူတွေက ပြောပါတယ်။

ထွက်ခွာသွားသူနဲ့ ကျန်ရစ်ခဲ့သူမှာ ကျန်ရစ်ခဲ့သူက ပိုကြေကွဲရတယ်လို့ မဇူဇီက ပြောပါတယ်။ ချစ်သူသက်တမ်း ငါးနှစ်နဲ့ အိမ်ထောင်သက် သုံးနှစ်ကျော်၊ ရှစ်နှစ်ကျော်ကြာ အတူရှိခဲ့တဲ့ ဘ၀လက်တွဲဖော် တစ်ဦး ဆုံးရှုံးခဲ့ရတဲ့အပေါ် ဒီနေ့တိုင် မယုံကြည်နိုင်ဘဲ၊ အိမ်မက်ပမာ ဖြစ်နေရတယ်လို့ ဇနီးဖြစ်သူ မဇူဇီက ပြောပါတယ်။

"ကျွန်မလေ အခုထိတောင်မှလေ စိတ်ထဲမှာ မယုံနိုင်ဘူး ဖြစ်တယ်။ သူတို့ရဲ့ အလောင်းလည်း မရသလို၊ သူတို့ရဲ့ အရိုးပြာလည်း မရလိုက်ဘူးဆိုတော့လေ။ စိတ်ထဲမှာ သူတို့ကတော့ ပုံမှန် ရှေ့တန်းထွက် ဆိုတော့လေ တစ်လကြာလိုက်၊ နှစ်ပတ်သုံးပတ်ကြာလိုက် ပြန်လာလိုက်ပြီးမှ ပြန်ထွက် အဲ့လိုမျိုး အိမ်ထောင်သက်တန်း နှစ်နှစ်နဲ့ ကိုးလမှာ သူက ပုံမှန် ရှေ့တန်းမှာ အနေများတယ်လေ။ သူညီလေးတွေနဲ့ ဆိုတော့လေ။ စိတ်ထဲမှာ ခံစားရတာက ရှေ့တန်းတစ်နေရာရာမှာ ရောက်နေသလို စိတ်ထဲမှာ ခံစားရတယ်။ အခုထိပဲ"

CNDF ဒု-စစ်ဦးချုပ် ဆလိုင်းဒေးဗစ်နယူးဟာ တော်လှန်ရေးကာလမှာတော့ သူ့ရဲဘော်တွေကို ဇနီးနဲ့သားထက်တောင်မှ ပိုချစ်တတ်သူ ဖြစ်တယ်လို့ ဇနီးဖြစ်သူ မဇူဇီက ပြောပါတယ်။

"သူရဲဘော်၊ရဲဘက် ဆိုရင် သူက ပိုချစ်တယ်။ မိသားစုထက်တောင်မှ ပိုချစ်တယ်လို့ ခံစားရတယ်။ သူ့ညီလေးတွေ တစ်ခုခု ဒဏ်ရာရသွားရင်လည်း သူက မအိပ်နိုင်ဘူး။ ရှေ့တန်းမှာ မသွားဖြစ်ရင်တောင်မှလေ။ သူညီလေးတွေ ရှေ့တန်းမှာ တိုက်ပွဲဖြစ်ပြီဆိုရင် ညလုံး၀ မအိပ်နိုင်ဘူး။ သူ ဘာလုပ်မှန်းလဲ မသိ။ ထိုင်လိုက်၊ ထလိုက်။ ဘယ်လိုလဲ အဆင်ပြေကြမလား။ ဖုန်းပြောလိုက်၊ တစ်ခါတစ်လေ သူတို့လည်း တိုက်ပွဲပြင်းထန်တဲ့ အချိန်မှာဆိုရင် ဖုန်း‌ခေါ်လို့လည်း မရတဲ့အချိန် ရှိတယ်လေ။ သူ့ညီလေးတွေ ကျဆုံးသွားတယ်ဆိုလည်း သူက မခံစားနိုင်ဘူး"

CNDF ဒု-စစ်ဦးစီးချုပ် ဆလိုင်းဒေးဗစ်နယူးဟာ အနာဂါတ်မှာ ၀ဥစိုက်ပျိုးကာ၊ ဘ၀ကို ငြိမ်းချမ်းစွာ ဖြတ်သန်းချင်သူ တစ်ဦးဖြစ်တယ်လို့ ဇနီးသည်က ဆိုပါတယ်။

"သူပုံမှန် ပြောဖူးတယ်။ ကျနော်တို့က တိုင်းပြည်နဲ့ လူမျိုးအတွက် သွေးသစ္စာဆိုပြီးမှ သစ္စာကျိမ်ပြီးမှ အသက်နဲ့ ရင်းပြီးမှ လုပ်မယ်။ အသက်နဲ့ရင်းပြီးမှ တိုက်ခိုက်မယ် ဆိုပြီးမှ သွေးသစ္စာဆိုတဲ့အတွက် ဘာမှ အနာဂါတ်မှာ မျှော်လင့်ချက် တခြား ဘာမှ မရှိဘူး။ ဘာရာထူးမှလည်း မမက်မောဘူး။ တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးဖို့ပဲ သူညီလေးတွေ ရဲဘော်တွေ ပြောဖူးတယ်။ ဆုံးရှုံးမှုဟာဆိုရင် ကိုယ့်ရဲ့ အမျိုးသား၊ ကိုယ်ရဲ့ အိမ်ထောင်ဦးစီး တစ်ယောက် မရှိတော့တဲ့ အချိန်ကြတော့၊ အခုကြတော့ အိမ်ကြီးလည်း လစ်လစ်ဟာဟာ ရှိနေပြီဆိုတော့လေ၊ စိတ်ထဲကနေ ဘယ်လိုမျိး ပြောရမယ် မသိဘူး။ ဟာတာတာကြီး”

4.png

CNDF ဒု-စစ်ဦးစီးချုပ် ဆလိုင်းဒေးဗစ်နယူး (Salai David New) နဲ့ ဇနီး မဇူဇီ/ Photo - ပေးပို့

ဒေးဗစ် အပါအဝင် အသက်ပေး တိုက်ပွဲဝင်သွားတဲ့ ရဲဘော်တွေအတွက်၊ ချစ်သူတွေ၊ ခင်ပွန်းတွေ၊ သားသမီးတွေ ဆုံးရှုံးခဲ့ရတဲ့ ကျန်ရစ်သူတွေအတွက် အတူတူ ဂုဏ်ပြု အောင်ပွဲခံနိုင်ဖို့ စစ်အာဏာရှင် အမြစ်ဖြတ်ရေး ဆက်လက် တိုက်ပွဲဝင်ကြရမယ်လို့လည်း မဇူဇီက ပြောပါတယ်။

သူတို့က အသက်နဲ့သွေးနဲ့ တိုင်းပြည်နဲ့ လူမျိုးအတွက် ဆုံးရှုံးပြီးပြီ၊ ပေးဆပ်ပြီးပြီဆိုတော့ ကျန်တဲ့အချိန်မှာ ဒီတိုက်ပွဲ အောင်ကို အောင်ရမယ်။ နိုင်ကို နိုင်ရမယ်ဆိုတော့ လက်မလျောကြပါနဲ့၊ ဇွဲမလျော့ကြပါနဲ့။ ပြီးအောင် အကုန် စည်းစည်းလုံးလုံးနဲ့ အတူတူ အောင်ပွဲခံကြရအောင်။ အတူတူရှေ့ဆက်ကြရအောင်"

329737f4-a1b1-4376-930e-d8160ef5faec.jpg

လွတ်လပ်၊ ငြိမ်းချမ်းပြီး တရားမျှတတဲ့ နိုင်ငံသစ်ကို မျှော်ရည်ကာ တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တဲ့ CNDF ဒု-စစ်ဦးစီးချုပ် ဆလိုင်းဒေးဗစ်နယူး (Salai David New)/ Photo - ပေးပို့



#Mandalay_Free_Press_MFP

 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ