ဆင့်ကို ဖြူစေညွှန်းလေရော့သလား

ဆင့်ကို ဖြူစေညွှန်းလေရော့သလား

MFP ၊ အောက်တိုဘာ - ၂၉

ကိုရင်ကြက်တောတစ်ယောက် သတင်းတွေဖတ်ရင်း မျက်မမြင်ပုဏ္ဏားတွေ ဆင်စမ်းတဲ့ပုံပြင်ကိုတောင် သတိရမိတယ်။ အခု ဘုရင်ဖြစ်ချင်နေတဲ့ ကြင်စိုးရဲ့အဖြစ်ဟာ မျက်မမြင်ပုဏ္ဏားတွေအတိုင်းပဲ၊ ဆင်ဖြူဆိုတာ ဟိုလိုလေး ဖြစ်မယ်၊ ဒီလိုလေးဖြစ်မယ်လို့ တွေးနေရတဲ့အဖြစ်။

ရခိုင်နယ် တောင်ကုတ်မှာ မွေးလာတဲ့ ဆင်ကလေးကို ဖြူပဟဆိုပြီး အရိပ်တကြည့်ကြည့်လုပ်နေလိုက်တာ မသိရင် မယားငယ်က မွေးထားတဲ့သားအတိုင်းပဲ၊ သားလေးမွေးရင် ကိုယ့်နာမည်ပေးပါတို့၊ သမီးလေးမွေးရင် ဒီလက်စွပ်ကလေးရောင်းပြီး အသက်မွေး၊ သားလေးမွေးရင်တော့ ငါ့ဆီလိုက်ခဲ့လို့ ဆိုသလိုပေါ့။ ဟော ဟိုနေ့ကပဲ ဆင်သားအမိကို နေပြည်တော် ပင့်ခေါ်လိုက်ပြီတဲ့။

ဒီတိုင်းပြည်မှာက ခေတ်အဆက်ဆက် အာဏာရှင်တွေဟာ ဆင်ရူးရူးခဲ့ကြတယ်ထင်ရဲ့။ စာဖတ်နေသူကြီးတုန်းကလည်း ဆင်ရူးရူးခဲ့တယ်၊ သူ့တုန်းကလည်း ရခိုင်မှာမွေးတဲ့ဆင်တွေကို ဖြူတယ်ဆိုပြီး ရန်ကုန်ကို ခေါ်ထား၊ ဟော အခုကျတော့ အဲဒီဆင်တွေဟာ ကျွေးမွေးစောင့်ရှောက်သူ မရှိတော့တဲ့အတွက် ပိန်လှီခြောက်ကပ်လို့ ဖြူတဲ့နေရာက ဟိုနေရာပဲ ရှိတော့တယ်လို့ ပြည်သူတွေက လှောင်ပြောင်နေကြပြီ။

အခု ကြင်စိုးရဲ့ဆင်ဖြူလေးကတော့ ဘယ်လိုလာဦးမလဲမသိဘူး၊ လောလောဆယ်တော့ မိခင်နှင့်အတူ ကျန်းမာပျော်ရွှင်လျှက်ရှိဆိုပြီး ဘုန်းတော်ဘွဲ့တွေ ရေးပေးနေရပြီ။ နေပြည်တော်ရောက်ပြီး မကြာခင် နာမည်ပေးကင်ပွန်းတပ်တော့မယ်ဆိုပဲ။ ဟိုနေ့က ဓာတ်ပုံတွေမှာဆို ဆင်သားအမိကို အစာကျွေးနေတဲ့အချိန် ရှေ့က ရေပုံးလေးကပဲ ဖြူတယ်လို့ ပြောသူကလည်း ပြောနေပြီ။ ရခိုင်မှာ ဖြူတယ်ဆိုတဲ့ဆင်ဟာ လမ်းတစ်လျှောက် နေပူခံရလို့ နေပြည်တော်အရောက်မှာ မည်းသွားပုံပဲ။ အပြစ်မရှိတဲ့ ဆင်ကလေးကိုတော့ မထိခိုက်စေချင်ပါဘူး။ ဒါပေမယ့် ဆင်မြင်ရင် ငမ်းငမ်းတက်နေတဲ့ ဘုရင်ရူးကို ပြောချင်တာပါ။

မကြာခင် ဆင်ဖြူရှင်ဘွဲ့များ ခံဦးမလားမသိဘူး။ ရလေလိုလေ အိုတစ္ဆေဆိုသလို ဇွတ်ဖြူထားတဲ့ဆင်တစ်ကောင်နဲ့တင် တစ်စီးရှင်ဘဝနဲ့ မတင်းတိမ်လို့ နောက်ထပ် ဆင်ဖြူတွေတွေ့တဲ့သူကို ဆုတော်လာဘ်တော်တွေ ချီးမြှင့်မြှောက်စားမယ်လို့ မှာကြားထားသေးသတဲ့။ စာဖတ်နေသူကြီးတုန်းကဆို ဆင်ဖြူတော်ပါဆိုပြီး (၉)ကောင်တောင် ထားခဲ့တာကိုး။ ကိုးစီးရှင် ရွှေရွှေပေါ့။

တိုင်းပြည်ကို မင်းကောင်းမင်းမြတ်ဖြစ်ချင်ရင် ဆင်ဖြူတော်ပေါ်ထွန်းတယ်လို့ ဘယ်သူ ဂျင်းထည့်မှန်းမသိတဲ့ အယူအဆကြောင့် တစ်စီးရှင်တော့မယ့် ကြင်စိုးဟာ သူ့ဆရာထက်မသာတောင် သူ့ဆရာနဲ့ တန်းတူ ဖြစ်ချင်နေပုံပါပဲ။ အဲဒါကြောင့် ဆင်ဖြူထပ်ရှာပေးဆိုတော့ အောက်က မင်းမြှောင်တွေကလည်း ဘယ်နေလိမ့်မတုန်း၊ ဟော ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်ထဲမှာ ဆင်ဖြူတစ်ကောင်တွေ့တယ်ဆိုပြီး အရူးဘုံမြှောက်ပေးကြပြန်ရော။ သူ့အရပ်နဲ့ သူ့ဇာတ်ပေါ့ဗျာ။

အော်၊ ဆင်ဖြူတွေ့တိုင်းသာ မင်းကောင်းမင်းမြတ်ဖြစ်မယ်၊ တိုင်းပြည်သာယာအေးချမ်းမယ်ဆို ဆင်ဖြူတွေ့ခဲ့တဲ့ သီပေါမင်းလက်ထက် တိုင်းပြည်ဘာဖြစ်ခဲ့သလဲ၊ ဦးနုတို့၊ မှော်ဝန်းသား ပရိုမီနာတို့ကော ဘာဖြစ်သွားကြသလဲဆိုတာ သမိုင်းတွေမှာ ပြန်ကြည့်ရင် အသိသာကြီးပဲ၊ အိမ်နီးချင်း ထိုင်းနိုင်ငံမှာဆို ဆင်ဖြူတွေ မနည်းဘူး၊ ဆင်ဖြူမပြောနဲ့ ကျွဲဖြူတွေပါ ရှိသေး။ ဒါကို ထိုင်းတွေက သိပ်ပြီး ဂုဏ်ဆာနေတာမျိုး မရှိဘူး။ ဆင်ဖြူတာ မမြင်ဖူးလို့ ကြည့်ချင်တဲ့သူတွေဆီက ပိုက်ဆံရမယ်၊ ဒီလောက်ပဲ။

ဟော အခုတော့ ခေတ်အဆက်ဆက် အာဏာရှင်မှိုတက်အတွေးတွေနဲ့ ဆင်အကြောင်းပြုပြီး ဘုရင်ဘွဲ့ခံဖို့ လုပ်နေသူက ရှိနေပြီ။ မှော်ဝန်းသား ပရိုမီနာ ဘုန်းမီးနေလဖြစ်နေချိန် ဆင်ဖြူတွေ့တယ်ဆိုပြီး နဝရတ်ကိုးပါးရေတွေဘာတွေနဲ့ ဆင်ကို ဖျန်းတာ၊ ရှိခိုးတာတွေလုပ်တော့ သတင်းဌာနတစ်ခုက ဆရာကြီး ဒေါက်တာသန်းထွန်းကို အဲဒီကိစ္စအပေါ် အင်တာဗျူးလုပ်တဲ့အခါ ဆင်ဖြူဆင်မဲ အတူတူပဲ၊ လူမှာဆို ခရုသင်းစွဲသလိုပဲတဲ့၊ မယုံရင် အနင်းခံကြည့် ဆင်ဖြူနင်းလည်း သေမှာ၊ ဆင်မည်းနင်းလည်း သေမှာပဲတဲ့။ ဒါတင်မကသေးဘူး၊ ဆင်ဆိုတာ တိရစ္ဆာန်ဖြစ်လို့ တိရိစ္ဆာန်ကို ရှိခိုးရင် တိရိစ္တာန်ထက် နိမ့်ကျတဲ့လူဖြစ်သွားပြီတဲ့။ ဆရာကြီးက ရှင်းရှင်းလင်းလင်းပဲ ပြောခဲ့ပါသဗျာ။

အင်း၊ တစ်ခုတော့ ကောင်းပါတယ်။ မြို့ရွာအနှံ့မှာ ဆင်ဖြူတွေ့တယ်ဆိုပြီး သတင်းသာ လွှင့်လိုက်၊ ဘုရင်ရူးနေတဲ့ ကြင်စိုးက ဆင်ဖြူများလေ ပျော်လေဖြစ်ပြီး သူ့လူတွေအကုန် တောနင်းရှာခိုင်း၊ အဲဒီမှာ တော်လှန်ရေးရဲဘော်တွေက နေပြည်တော်ကို တက်ပြီးသိမ်း၊ အဲဒီတော့ နေပြည်တော်က အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးကို ရ၊ ဒေါက်တာဆာဆာပြောသလို နိုင်ငံတကာကထောက်ပံ့မယ့် လက်နက်တွေ မိုးရွာသလို ရွာချ၊ ဒီမှာတင် ဘုရင်ရူးနဲ့ မင်းမြှောင်မိစ္ဆာတွေ ဇာတ်သိမ်းသွား၊ ဇာတ်ပေါင်းချိန်မှာတော့ ဆင်ဖြူကလေးက တိုင်းပြည်ရဲ့ရိုးမော်ဒယ်လ်ဖြစ်သွားပြီး နိုင်ငံအနှံ့ လှည့်လည်အောင်ပွဲခံစေပေါ့။ အဲဒီလို အောင်ပွဲခံချိန် ဆင်ပေါ်တက်စီးမယ့်သူကတော့ ဟောဒီက ကိုရင်ကြက်တောပဲပေါ့ခင်ဗျား။

ကိုရင်ကြက်တော ရေးသည်။ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ