အင်တာနက် ငတ်ကြသူများ

မြန်မာနိုင်ငံတွင်း တပ်ဆင်အသုံးပြုနေတဲ့ Starlink အင်တာနက်/Photo - CJ
မြန်မာနိုင်ငံတွင်း တပ်ဆင်အသုံးပြုနေတဲ့ Starlink အင်တာနက်/Photo - CJ
အင်တာနက် ငတ်ကြသူများ

အင်တာနက် ငတ်ကြသူများ (သို့မဟုတ်) အမှောင်ချ ချောင်ပိတ်ခံနေရတဲ့ အညာလူထု

ရေးသူ - သက်တန့် (MFP)၊ ဆောင်းပါး

အင်တာနက် အသုံးပြုခွင့် မရတာ နှစ်ချီ ကြာမြင့်နေပြီဖြစ်တဲ့ လူငယ်တသိုက်ဟာ အာဏာသိမ်း စစ်ခေါင်းဆောင် “မင်းအောင်လှိုင်” ကို ကျိန်ဆဲရင်း ဆိုင်ကယ်တွေပေါ် အလုအယက် တက်ကြပါတယ်။

သူတို့က ရွာနဲ့ လေး၊ငါးမိုင် အကွာမှာ ရှိတဲ့ အင်တာနက် အသုံးပြုလို့ ရပြီဆိုတဲ့ နေရာကို သွားကြမှာပါ။

ခေါင်ခိုက်နေတဲ့ ဓာတ်ဆီဈေးကြောင့် အကုန်အကျ သက်သာအောင် အင်တာနက် သုံးချင်တဲ့ လူငယ်တွေ စုကာ ဆိုင်ကယ် တစ်စီးကို နှစ်ယောက် ဒါမှမဟုတ် သုံးယောက်ပိုး စီးပြီး ဆီဖိုးကို မျှခံကြပါတယ်။ သူတို့နယ်မှာ ဓာတ်ဆီစျေးက ရေသန့်တစ်ဗူး (တစ်လီတာ)ကို ကျပ် (၃၅၀၀)ကနေ (၄၀၀၀)အထိ စျေးပေါက်ပါတယ်။

photo_2024-02-01_22-49-10.jpg

အင်တာနက် ဖြတ်တောက်ခံထားရတဲ့ အညာမှာ 2G အင်တာနက် ရဖို့ သစ်ပင်ပေါ် တက်ပြီး သုံးနေရတဲ့ ဒေသခံတွေ/Photo - ပေးပို့

အင်တာနက် သုံးလို့ရတဲ့နေရာကို ရောက်ပြီဆိုတာနဲ့ ဆိုင်ကယ်ပေါ်က ဆင်းပြီး စကားမပြောဘဲ ကိုယ်စီပါလာတဲ့ အရာကို နှိုက်ကြတော့ပဲလို့ အသက်(၃၀)ဝန်းကျင် ဆရာလေး ဆိုသူက ပြောပြပါတယ်။

အင်တာနက် သုံးတဲ့နေရာ ရောက်ပြီဆိုတာနဲ့ သိတဲ့တိုင်း ငတ်နေတဲ့ ကောင်တွေ ဆိုတော့ သိပ် စကား မပြော ဖြစ်ဘူးဗျ။ လိုင်းမကောင်းရင် တစ်ယောက်နဲ့ တစ်ယောက် ထဆဲတာမျိုးလည်း ရှိတယ်”

တစ်ယောက်နဲ့ တစ်ယောက် ထဆဲတယ် ဆိုတာက ထပြီး ရန်ဖြစ်တာမျိုး မဟုတ်ပါဘူး။ ရွာကနေ အင်တာနက် သုံးဖို့ ခရီးအဝေးကို တကူးတက လာရတာ၊ ဆိုင်ကယ် ဆီဖိုးကုန်တာ၊ အင်တာနက်လိုင်းကလည်း မကောင်းဘူး ဆိုရင် မင်းအောင်လှိုင်ကို ငါကိုင်တုတ် ဆဲကြတာကို ဆိုလိုတာပါ။

နေ့စဉ်ဘဝမှာ အကြောင်းကိစ္စတစ်ခုခု အဆင်မပြေတိုင်းလည်း မင်းအောင်လှိုင်က ဆဲစရာတစ်ခု ဖြစ်လာတယ်လို့ ဆရာလေးက ဆိုပါတယ်။

ကျနော်တို့ နေ့စဉ်ဘဝမှာ တစ်ခုခု အဆင်မပြေတိုင်း အဲလူ (မင်းအောင်လှိုင်)ကိုပဲ ပိတ်ဆဲတော့တာ။ ဘာပဲဖြစ်ဖြစ် သူပဲကိုးဗျ။ ဟုတ်တယ်မို့လား။ အင်တာနက် အဝိုင်းလည်နေရင်လည်း မင်းအောင်လှိုင်ပဲ။ ဗီဒီယို ကြည့် မရရင်လည်း မင်းအောင်လှိုင်ပဲ။ တစ်ခါတစ်လေကျ See more ပြပြီး See more ကို နှိပ်ပြီး အကြားကြီး လုပ်နေရရင်လည်း မင်းအောင်လှိုင်ကြောင့်ပဲလေ”

အထက်ပါအတိုင်း ပြောပြတဲ့ ဆရာလေး ဆိုသူက မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်က အသက်(၃၀)ဝန်းကျင် CDM ကျောင်းဆရာ တစ်ဦးပါ။

photo_2024-02-01_22-49-10_2.jpg

အင်တာနက် ဖြတ်တောက်ခံထားရတဲ့ အညာမှာ 2G အင်တာနက် ရဖို့ အိမ်ပေါ် တက်ပြီး သုံးနေရတဲ့ ဒေသခံတစ်ဦး/Photo - ပေးပို့

မြိုင်မြို့နယ်ဟာ မကွေးတိုင်းထဲက ပခုက္ကူ၊ ရေစကြို၊ ဂန့်ဂေါနဲ့ ပေါက်မြို့နယ်၊ စစ်ကိုင်းတိုင်းထဲက ပုလဲနဲ့ ဆားလင်းကြီးနယ်တွေနဲ့ ထိစပ်နေတဲ့ အညာဒေသ မြို့နယ်တစ်ခုပါ။ မြိုင်နယ်ဟာ အညာက တခြားသော မြို့နယ်တွေလိုပဲ မိုးခေါင်ရေရှား၊ ဆင်းရဲနွမ်းပါးတဲ့ ဒေသဖြစ်ပြီး ဒေသခံတွေဟာ စိုက်ပျိုးရေး၊ ထန်း၊ ယက္ကန်း စတဲ့ လုပ်ငန်းတွေနဲ့ အဓိက အသက်မွေးကြပါတယ်။ ဒါပေမယ့် မြိုင်နယ်ဟာ နွေဦးတော်လှန်ရေးမှာတော့ ထိပ်ဆုံးက တက်တက်ကြွကြွ ပါဝင်နေတဲ့၊ လက်နက်ကိုင် လှုပ်ရှားမှုရော လူထုသပိတ် လှုပ်ရှားမှုတွေမှာပါ အားအကောင်းဆုံး မြို့နယ်တွေထဲက တစ်ခု ဖြစ်ပါတယ်။

အဲ့ဒီလို တော်လှန်ရေးမှာ ရှေ့ရောက်တက်ကြွတာကြောင့်ပဲ အာဏာသိမ်း စစ်အုပ်စုက ၂၀၂၁ စက်တင်ဘာ ကတည်းက မြိုင်မြို့နယ်ကို ဖုန်းနဲ့ အင်တာနက် လိုင်းတွေ ဖြတ်တောက် ခဲ့ပါတယ်။

စစ်အုပ်စုဟာ မြိုင်နယ် အပါအဝင် မကွေးတိုင်းက လေးမြို့နယ်၊ စစ်ကိုင်းတိုင်း (၃၇)မြို့နယ် ရှိတဲ့အနက် စစ်အုပ်စု အခြေစိုက်စခန်းတွေ ရှိတဲ့ စစ်ကိုင်း၊ မုံရွာ၊ ရွှေဘိုနဲ့ ကလေးမြို့နယ်က လွဲပြီး ကျန်တဲ့ မြို့နယ် (၃၀)ကျော်ကို ၂၀၂၁ စက်တင်ဘာက စတင်ပြီး ဖုန်းနဲ့ အင်တာနက်တွေ ဖြတ်တောက်ခဲ့ပါတယ်။ တနိုင်ငံလုံးမှာ စစ်အုပ်စုက ဖုန်း၊ အင်တာနက်နဲ့ အင်တာနက် မြန်နှုန်း လျော့ချဖြတ်တောက်ထားတဲ့ မြို့နယ် (၅၄)မြို့နယ် ရှိတယ်လို့ ၂၀၂၂ မေလမှာ ထုတ်ပြန်တဲ့ အသံ - လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှု အဖွဲ့ရဲ့ “အမှောင်ကြားက အင်တာနက်၊ အန္တရာယ်ကြားက လူ့အသက်” ဆိုတဲ့ သုတေသန စာတမ်းမှာ ဖော်ပြပါတယ်။ (အသံ အဖွဲ့ဟာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်အတွက် လှုပ်ရှား ဆောင်ရွက်နေတဲ့ အရပ်ဘက် အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။)

1.png

နိုင်ငံတဝန်း အင်တာနက် ဖြတ်တောက်ခံထားရတဲ့ မြို့နယ်ပြ မြေပုံ - Ref - အသံ အဖွဲ့

အာဏာသိမ်း စစ်အုပ်စုဟာ နွေဦးတော်လှန်ရေးမှာ တက်တက်ကြွကြွ ပါဝင်နေတဲ့ အညာက မြို့တွေ၊ ရွာတွေကို အင်တာနက် ဖြတ်တောက်ပြီး လူသတ်၊ လုယက်၊ မီးရှို့ဖျက်ဆီး၊ အဓမ္မပြုကျင့် စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ထင်တိုင်းကျဲ ကျူးလွန်ပါတယ်။ စစ်အုပ်စုဟာ အညာကို သတင်းအမှောင်ချဖို့အတွက် နေအိမ်တွေမှာ တပ်ဆင်ထားတဲ့ ဂြိုဟ်တုစလောင်းတွေကို ဖြုတ်ခိုင်းတာ၊ ဖျက်ဆီးတာတွေလည်း တော်လှန်ရေး အစပိုင်းမှာ လုပ်ခဲ့ပါသေးတယ်။

မြိုင်နယ်က ဆရာလေးတို့ လူငယ်တသိုက် အပါအဝင် အညာက ဒေသခံ ပြည်သူတွေဟာ စစ်အုပ်စုရဲ့ ရည်ရွယ်ချက် ရှိရှိ အင်တာနက် ဖြတ်တောက်ပြီး သတင်းအမှောင်ချ၊ ကမ္ဘာနဲ့ အဆက်အသွယ် အဖြတ်ခံထားရတဲ့ နှစ်နှစ်ကျော် အတွင်း မင်းအောင်လှိုင်ကို ကျိန်ဆဲရင်းနဲ့သာ နေ့စဉ်ဘဝကို ဖြတ်သန်းနေရပါတယ်။

ပြီးခဲ့တဲ့ လပိုင်းမှာတော့ အညာပြည်သူတွေ အင်တာနက် သုံးခွင့်ရနိုင်မယ့် အခွင့်အရေးတချို့ စတင် ပေါ်ပေါက် လာခဲ့ပါတယ်။ Starlink အင်တာနက်ပါ။

photo_2024-02-01_06-34-57_-_copy_2.jpg

Starlink အင်တာနက် မြန်မာနိုင်ငံမှာ တပ်ဆင် သုံးစွဲနေစဉ်/Photo - CJ

ဆရာလေးတို့ မြိုင်မြို့နယ်မှာ သိပ်မကြာခင် လပိုင်းက Starlink အင်တာနက် အသုံးပြုလို့ရမယ့် စက်ကြီး တစ်လုံးကို လုပ်ငန်းရှင်တစ်ဦးက ဝယ်လိုက်ပါတော့တယ်။

မြိုင်နယ်ကို Starlink ကြီး ရောက်လာတော့ အင်တာနက် သုံးဖူးတယ်ရှိအောင် သုံးမယ်ဆိုပြီး အားခဲ ထားကြတယ်လို့ ဆရာလေးက ပြောပြပါတယ်။ Starlink ဝယ်ထားတဲ့ ရွာနဲ့ (၁၄)မိုင်၊ (၁၅)မိုင်လောက် ဝေးပေမယ့် လူငယ်တွေကတော့ အဲ့ဒီ ရွာကို လမ်းမကြုံကြုံအောင်၊ အရောက်သွားပြီး အင်တာနက် သုံးကြတယ်လို့ ဆိုပါတယ်။

အဲ့ဒီ မြိုင်နယ်က Starlink ရှိတဲ့ ရွာကို စစ်ကိုင်းတိုင်းက လူတွေတောင် သွားသုံးဖို့ အားခဲ နေကြတယ်လို့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်က ကိုလွင်ကိုဦးက ပြောပါတယ်။

ပုလဲနယ်ကိုလည်း စစ်အုပ်စုက အင်တာနက် ဖြတ်တောက်ထားတာ နှစ်နှစ်ကျော်၊ သုံးနှစ်နီးပါး ရှိနေပြီ ဖြစ်ပြီး ကိုလွင်ကိုဦးတို့ နယ်ခံတွေဟာလည်း မြိုင်နယ်မှာ အင်တာနက် သုံးလို့ရတယ်ဆိုတာကို သတင်းအနံ့ရလို့ တစ်နေ့ သွားသုံးဖို့ အားခဲထားတယ်လို့ ဆိုတယ်။ ကိုလွင်ကိုဦးကတော့ အင်တာနက်အသုံးပြုခ စျေးနှုန်းကိုတောင် စုံစမ်း မေးမြန်းထားပြီး (3GB) ကို ကျပ်(၁၅၀၀)လို့ ကြားသိရတဲ့အတွက် သွားလာစရိတ်နဲ့ ကုန်ကျငွေကို တွက်ချက် နေပြီး အခွင့်အခါ သာတဲ့ရက် သွားမယ်လို့ ပြောပါတယ်။

“သွားမသုံးဖူးသေးဘူး။ ကောင်းလှလို့ပြောတယ်။ ဖုန်းအသစ်မှာထားတယ်။ ရရင်တော့ သွားသုံးဦးမှာ”

ပုလဲမြို့နယ်က ကိုလွင်ကိုဦး နေတဲ့နေရာနဲ့ မြိုင်နယ်က Starlink သုံးလို့ရမယ့် နေရာနဲ့ဆို (၁၀)မိုင်၊ (၁၅)မိုင်လောက် ဝေးပေမယ့် သူ့လိုပဲ ပုလဲကနေ မြိုင်ကို အင်တာနက် သွားသုံးဖို့ အားခဲထားသူတွေ ရှိတယ်လို့ ကိုလွင်ကိုဦးက ပြောပါတယ်။

405239262_324226297136736_22308220879754632_n.jpg

ကရင်နီပြည် တစ်နေရာမှာ Starlink အင်တာနက် တပ်ဆင် သုံးစွဲနေစဉ်/Photo - Federal FM

ဆရာလေးတို့၊ ကိုလွင်ကိုဦးတို့ အပါအဝင် အညာက ပြည်သူတွေဟာ ပြီးခဲ့တဲ့ နှစ်နှစ်ကျော်အတွင်း အင်တာနက် သုံးစွဲခွင့် မရကြဘဲ တချို့က ကိုယ့်ရွာအနီးက အင်တာနက်လိုင်းကောင်းမယ် ထင်ရတဲ့၊ 2G ရတဲ့ နေရာတွေ၊ တောင်ကုန်းပေါ်၊ သစ်ပင်ပေါ်၊ ဘုန်းကြီးကျောင်းထဲက 2G လိုင်းကောင်းတယ်ဆိုရင် ဘုန်းကြီးကျောင်းထဲ စသဖြင့် ရသလောက်လေး၊ စာဖတ်ရုံလောက်ကိုပဲ မနည်း ကြံဖန် သုံးကြရပါတယ်။

ဒေသတွင်း စစ်အုပ်စု စစ်ကြောင်းထိုးပြီဆိုရင်တော့ 2G အင်တာနက် သာမက ဖုန်းလိုင်းတွေပါ ထပ်ဆင့် ဖြတ်တောက် ခံရလို့ ဖုန်းကိုပင် ခေါ်လို့မရဘဲ အာလုံးနဲ့ အဆက်အသွယ် ပြတ်ရတယ်လို့ အညာ ဒေသခံတွေက ဆိုပါတယ်။ အဲ့ဒီလို ဖုန်းနဲ့အင်တာနက် ဖြတ်တောက်ခံရပြီး သတင်းအချက်အလက် မရဘဲ ​ပြေးမိပြေးရာ ပြေးရင်းက စစ်အုပ်စုနဲ့ ထိပ်တိုက်တိုးပြီး ဖမ်းဆီးသတ်ဖြတ်ခံရသလို တချို့လည်း ရွာထဲ စစ်ကြောင်း ဝင်လာတာကိုပင် မသိလိုက်လို့ လွတ်အောင်မပြေးနိုင်ဘဲ သတ်ဖြတ်ခံရတာတွေလည်း ဒုနဲ့ဒေးပဲလို့ ဆိုပါတယ်။ စစ်အုပ်စုကတော့ အညာဒေသ ရွာတွေကို မီးရှို့တာ၊ ပြည်သူတွေကို သတ်ဖြတ်တာ၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာ အစရှိတဲ့ လူအခွင့်အရေး ချိုးဖောက်မှုတွေ ထင်တိုင်းကျဲ ကျူးလွန်နိုင်ဖို့ စစ်ကြောင်းထိုးတဲ့ ဒေသတွင်း ဖုန်းတောင် ခေါ်လို့မရအောင် ဖြတ်ချလိုက်တော့တာလို့ ကိုလွင်ကိုဦးက ပြောပါတယ်။

“အခုတောင် စစ်ကြောင်းက ပုလဲမြို့ပေါ် ရောက်နေတော့ ဖုန်းလိုင်းက မကောင်းချင်တော့ဘူး”

တကယ်တော့ Starlink အင်တာနက်က ဆရာလေးတို့ မြိုင်နယ်မှာသာမက စစ်ကိုင်း၊ မကွေးစတဲ့ အညာဒေသက မြို့၊ရွာတွေမှာ ၂၀၂၃ အတွင်း စတင် ရေးပန်းစာလာပါတယ်။ အင်တာနက် သုံးလို့ မရတဲ့ အညာမှာ တဆင့်စကား တဆင့်နားနဲ့ Starlink အင်တာနက် အကြောင်း အညာသားတွေ တစထက်တစ ပိုမို သိရှိ လာကြပါတယ်။

373623405_619229577037177_615435616665863873_n.jpg

ချင်းပြည်မှာ Starlink အင်တာနက် တပ်ဆင် သုံးစွဲနေစဉ်/Photo - CJ

ပြီးခဲ့တဲ့ နှစ်က စတင်တဲ့ ရုရှားနဲ့ ယူကရိန်း စစ်ပွဲမှာ ယူကရိန်းမှာ အင်တာနက်လိုင်း ဖြတ်တောက်ခံရပြီးနောက် Space-X ကုမ္ပဏီပိုင်ရှင် အီလွန်မတ်စ်က ယူကရိန်းအတွက် Starlink အင်တာနက် တပ်ဆင်ပေးလိုက်ချိန်မှာတော့ မြန်မာ့ တော်လှန်ရေး အင်အားစုတွေနဲ့ မြန်မာပြည်သူတွေကြား Starlink အိပ်မက် စမက်ပြီး အကောင်အထည် ဖော်လာကြသလို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်နဲ့ ရေပန်းစားလာတာလို့ ဆိုပါတယ်။

လက်ရှိ အညာက တော်လှန်ရေး ရဲဘော်တွေနဲ့ ပြည်သူတွေကြား Starlink ဆိုတဲ့ ဝေါဟာရနဲ့ ကျွမ်းဝင် ရင်းနှီးသူတွေ အတော်လေး ပေါများနေပါပြီ။

တော်လှန်ရေးအစိုးရ ဖြစ်တဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကလည်း ၂၀၂၂ နှစ်ကုန်ပိုင်းက စတင်ပြီး Federal Net အစီအစဉ် အကောင်အထည်ဖော်ကာ နိုင်ငံအတွင်း ကိုယ်ပိုင် အင်တာနက် ရဖို့ လုပ်ဆောင်ပါတယ်။

Federal Net ကမ်ပိန်းအရ ၂၀၂၂ စက်တင်ဘာကနေ ၂၀၂၃ စက်တင်ဘာအထိ တစ်နှစ်အတွင်း စစ်ကိုင်း၊ မကွေး၊ ကရင်နီနဲ့ ကရင်ပြည်နယ် မြို့နယ်(၄၀)ကျော်က နေရာ(၆၁)နေရာမှာ အင်တာနက် တပ်ဆင် ပေးထားနိုင်ပြီလို့ NUG နည်းပညာ ဝန်ကြီး ဦးထင်လင်းအောင် က ၂၀၂၃ ဒီဇင်ဘာ(၅)ရက်က လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ယခု ၂၀၂၄ မှာ အင်တာနက်တွေ ထပ်မံ တိုးချဲ့တပ်ဆင်ဖို့ လုပ်ဆောင်နေပြီး ငွေကြေး လိုအပ်ချက်တော့ ရှိနေတယ်လို့ သူက ဆိုပါတယ်။

လက်ရှိ အခြေအနေအရ NUG ရဲ့ Federal Net ဟာ တော်လှန်ရေး အဖွဲ့အစည်းအတွက် အဓိက ဖြစ်နေပြီး ပြည်သူတွေကြား ကျယ်ကျယ်ပြန့်ပြန့် သုံးနိုင်တဲ့ အခြေအနေ ရောက်ဖို့တော့ အလှမ်းဝေးနေပါသေးတယ်။

NUG လက်အောက်ခံ မဟုတ်ဘဲ အညာမှာ သီးခြား ရပ်တည်နေတဲ့ တော်လှန်ရေး အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ဗမာအမျိုးသား တော်လှန်ရေး တပ်မတော် - BNRA ရဲ့ ခေါင်းဆောင် ဗိုလ်နဂါးကလည်း အညာမှာ Starlink အင်တာနက် ငါးခု တပ်ဆင်ထားပြီးပြီလို့ ၂၀၂၃ စက်တင်ဘာက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးပါတယ်။

“အာဏာလု စစ်အုပ်စုဟာ မြန်မာနိုင်ငံသူ နိုင်ငံသားများအား ကမ္ဘာကြီးနှင့် အဆက်အသွယ် ဖြတ်၍ အစွမ်းကုန် ပိတ်လှောင် ရက်စက်နေချိန် ဖြစ်ပါတယ်။ ထိုသို့​သော အခြေအနေမှာ Starlink နည်းပညာသည် ကမ္ဘာကြီးနှင့် မြန်မာနိုင်ငံသူ နိုင်ငံသား ဒုက္ခသည်များအား တိုက်ရိုက် ချိတ်ဆက်၍ အကူအညီ ရရှိစေနိုင်ရန်အတွက် ကောင်းစွာသော အထောက်အကူ တရပ် ဖြစ်စေခဲ့ပါပြီ” လို့ ဗိုလ်နဂါးက ဆိုပါတယ်။

378233811_279336108371468_1593059624487690782_n.jpg

အညာမှာ Starlink အင်တာနက် တပ်ဆင် သုံးစွဲနေစဉ်/Photo - ဗိုလ်နဂါး

အညာမှာ Starlink အင်တာနက် ရေပန်းစားလာပြီးနောက် ၂၀၂၃အတွင်း အညာက မြို့ရွာတချို့မှာ Starlink ကို ပုဂ္ဂလိကပိုင် ဝယ်ယူ အသုံးပြုသူတွေပါ ရှိလာပါတယ်။ တချို့သော Starlink ဝယ်ယူထားသူတွေက ဒေသခံ အချင်းချင်း မျှဝေ သုံးစွဲကြပါတယ်။

Starlink အင်တာနက်က တပ်ဆင်စရိတ် စျေးကြီးမြင့်သလို သယ်ယူဖို့၊ တပ်ဆင်ဖို့ကလည်း အချိတ်အဆက် ကောင်းကောင်း ရှိဖို့ လိုအပ်ပါတယ်။ Starlink အင်တာနက် ဝယ်ယူတပ်ဆင်ဖို့ နိုင်ငံတကာမှာ ရောက်ရှိနေသူ တစ်ဦးဦးက တာဝန်ခံ ဝယ်ယူပေးဖို့၊ လစဉ်ကြေး ပေးဆောင်ဖို့ လိုအပ်ပြီး ကနဦး တပ်ဆင်စရိတ်က ကျပ်သိန်း(၅၀)နဲ့ (၁၀၀)ကြား၊ လစဉ်ကြေးက ကျပ်ငါးသိန်းနဲ့ (၁၀)သိန်းကြား ကုန်ကျတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်း NUG အောက်က အဖွဲ့အစည်း တချို့မှာတော့ NUG ရဲ့ Federal Net ကမ်ပိန်းအရ ၂၀၂၃ က စတင်ပြီး Starlink အင်တာနက် အသုံးပြုခွင့် ရလာပြီး အင်းတော်မြို့နယ်က ကိုမိုးသည်း ဆိုရင်လည်း NUG က တပ်ဆင်ပေးထားတဲ့ Starlink နဲ့ အင်တာနက် သုံးနေတာလို့ ဆိုပါတယ်။

Starlink မရခင်ကတော့ (4G) အင်တာနက် အသုံးပြုရဖို့အတွက် (၁၅)မိုင်၊ မိုင်(၂၀)လောက် ဝေးတဲ့ အင်တော်မြို့နယ်နဲ့ ကချင်ပြည်နယ်အစပ်ကို သွားသုံးကြရတယ်လို့ ကိုမိုးသည်းက ပြောပါတယ်။

“NUG အဖွဲ့အစည်းတွေက ဝယ်ထားတယ်။ တစ်နာရီကို (၁၀၀၀)တို့၊ (၂၀၀၀)တို့ ကောက်တာတွေတော့ ရှိတာပေါ့။ ကျနော်တို့ကတော့ မပေးရပါဘူး။ မကောက်သေးတာပေါ့။ နောင်ကို ကောက်ချင်လည်း ကောက်မှာပေါ့”

415000219_122116224458125160_2916973922287252429_n.jpg

Starlink အင်တာနက်/Photo - CJ

အာဏာသိမ်း စစ်အုပ်စုဟာ အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီ(၁)ရက် မနက်ပိုင်းကတည်းက နိုင်ငံတဝန်း အင်တာနက် ဖြတ်တောက်တာတွေ လုပ်ခဲ့ပါတယ်။ စစ်အုပ်စုက နိုင်ငံတဝန်း အင်တာနက် ဖြတ်တောက်ရာမှာ မြန်နှုန်းလျော့ချတာ၊ စျေးနှုန်းမြင့်တင်တာ၊ နေရာဒေသအလိုက် ဖြတ်တောက်တာမျိုး ပုံစံမျိုးစုံ၊ အဆင့်မျိုးစုံနဲ့ လုပ်နေတာလို့ အသံအဖွဲ့က ဆိုပါတယ်။

စစ်အုပ်စုဟာ နွေဦးတော်လှန်ရေးမှာ ခုခံတော်လှန်မှု အားကောင်းတဲ့ စစ်ကိုင်းတိုင်းက အရာတော်၊ ဘုတလင်၊ ကနီ၊ ကောလင်း၊ ပုလဲ၊ ပင်လည်ဘူး၊ ဝန်းသိုနဲ့ ယင်းမာပင်မြို့နယ် ရှစ်မြို့နယ်ကို ၂၀၂၁ စက်တင်ဘာ လဆန်း ကတည်းက အင်တာနက် ဖြတ်တောက်ခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၂၁ စက်တင်ဘာ လကုန်ပိုင်းက စတင်ပြီး အထက်ပါ မြို့နယ်တွေ အပါအဝင် စစ်ကိုင်းတိုင်းက (၃၁)မြို့နယ်၊ မကွေးတိုင်းက လေးမြို့နယ်၊ မန္တလေးတိုင်းက နှစ်မြို့နယ်၊ ချင်းပြည်က ကိုးမြို့နယ်၊ ကယား (ကရင်နီ)ပြည်က ခြောက်မြို့နယ်၊ ကချင်နဲ့ ရှမ်းက တစ်မြို့နယ်စီ၊ စုစုပေါင်း (၅၄)မြို့နယ်ကို စစ်အုပ်စုက အင်တာနက် ဖြတ်တောက်ထားတယ်လို့ အသံ အဖွဲ့ရဲ့ “အမှောင်ကြားက အင်တာနက်၊ အန္တရာယ်ကြားက လူ့အသက်” ဆိုတဲ့ သုတေသန စာတမ်းမှာ ဖော်ပြပါတယ်။

275066714_331324662376934_1058126869750040155_n.jpg

စစ်အုပ်စုက အင်တာနက် ဖြတ်တောက်ားတဲ့ စစ်ကိုင်းတိုင်းက မြို့နယ်တချို့/Photo - CJ

2.png

စစ်အုပ်စုက အင်တာနက် ဖြတ်တောက်ထားတဲ့ စစ်ကိုင်းတိုင်းက မြို့နယ်တချို့/Photo - အသံ အဖွဲ့

အင်တာနက်သည် ဒီမိုကရေစီ အခွင့်အရေး၊ လူ့အခွင့်အရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အရေးတို့ကို မြင့်တင်ရာတွင် ဆက်သွယ်မှု ကြားခံကိရိယာတစ်ခုအဖြစ် လွန်စွာမှ အရေးပါသည်။ နေ့စဉ် လူနေမှုဘဝတွင် အင်တာနက်သည် မရှိအဖြစ် ဖြစ်လာပြီး ဆက်သွယ်ရေး၊ သတင်းအချက်အလက် မျှဝေရေး၊ ပညာရေး၊ ကျန်းမာရေးမှ စကာ နိုင်ငံသားတစ်ဦး နိုင်ငံအရေးများတွင် ပါဝင်လာနိုင်သည်အထိ ပြောဆိုခြင်း၊ ရေးသားခြင်း၊ သတင်းအချက်အလက် ဖြန့်ဖြူးခြင်း စသည့် လုပ်ငန်းဆောင်တာများတွင် မရှိမဖြစ် ဖြစ်သည်။ ကမ္ဘာနှင့် အဝန်းတွင်လည်း အင်တာနက် ရရှိခြင်းသည် အခြေခံကျသော လူ့အခွင့်အရေး (ရပိုင်ခွင့်) တစ်ခု ဖြစ်လာသည်။ သို့သော်လည်း အာဏာရှင် နိုင်ငံများနှင့် အာဏာရှင်ဆန်သော နိုင်ငံရေးခေါင်းဆောင်များသည် လူထု၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်ရန်၊ ဖိနှိပ်ရန် အင်တာနက်ကို လက်နက်သဖွယ် အသုံးချလာကြသည်” လို့ အသံ - လွတ်လပ်စွာ ထုတ်ဖော်ပြာဆိုခွင့် လှုပ်ရှားမှု အဖွဲ့ရဲ့ သုတေသန စာတမ်းက ဆိုပါတယ်။

မြန်မာပြည်သူတွေဟာ အာဏာမသိမ်းခင် ပြီးခဲ့တဲ့ ဆယ်စုနှစ် တစ်ခုနီးပါး အင်တာနက်နဲ့ပဲ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စတာတွေကို ဖြေရှင်း လုပ်ဆောင်ခဲ့ကြတာပါ။

photo_2024-02-01_22-51-06_3.jpg

အင်တာနက် ဖြတ်တောက်ခံထားရတဲ့ အညာမှာ 2G အင်တာနက် ရဖို့ သစ်ပင်ပေါ် တက်ပြီး သုံးနေရတဲ့ ဒေသခံတွေ/Photo - ပေးပို့

272163019_3184058745170372_5191592267756320433_n.jpg

အင်တာနက် ဖြတ်တောက်ခံထားရတဲ့ အညာမှာ 2G အင်တာနက် ရဖို့ သစ်ပင်ပေါ် တက်ပြီး သုံးနေရတဲ့ ဒေသခံတွေ/Photo - ပေးပို့

အာဏာသိမ်းလိုက်ချိန်မှာ နိုင်ငံသား တစ်ဦးရဲ့ အခြေခံရပိုင်ခွင့်တွေထဲက တစ်ခုဖြစ်တဲ့ အင်တာနက်ကိုတောင် ကောင်းကောင်း မွန်မွန် သုံးလို့ မရတော့ဘဲ ဖိနှိပ် ဖြတ်တောက် ခံနေရတယ်လို့ မြိုင်နယ်သား ဆရာလေးက ပြောပါတယ်။

အင်တာနက် ပြန်ရဖို့ အပါအဝင် နိုင်ငံသားတွေရဲ့ အခြေခံ ရပိုင်ခွင့်တွေ ပြန်ရဖို့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်အောင် တိုက်ဖျက်မှာလို့ ဆရာလေးက ကြုံးဝါးပါတယ်။

အင်တာနက် မရှိတဲ့၊ ဖုန်းလိုင်း ပြတ်တောက်တဲ့ နေရာတွေမှာလည်း တော်လှန်ရေး လုပ်တယ်ဆိုတာက ကျနော်တို့ ဒီအခွင့်အရေးတွေပါ ပြန်ရအောင် လုပ်နေတာလေ။ ကျနော်တို့ကတော့ ထူးပြီးတော့ စိတ်ညစ်မှာမျိုး ဘာမှ မရှိပါဘူး။ ဒါကျနော်တို့ ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေ၊ အခွင့်အရေးဆိုတာ သူပေးထားတာ မဟုတ်ဘူးဗျ။ သူပေးမှ မဟုတ်ဘူး၊ ကျနော်တို့က ရအောင်ယူမှာ”

#Mandalay_Free_Press_MFP

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ