စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း စစ်ပြေးရသူ ရှစ်သိန်းကျော် တိုးလာ၊ စစ်ကိုင်းတိုင်းမှာ စစ်ပြေးပြည်သူ နှစ်သိန်းခွဲကျော်ပြီး စားသောက်ရေးအတွက် စစ်ပြေးပြည်သူ အချင်းချင်း ပြန်ကူညီနေရ၊

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း စစ်ပြေးရသူ ရှစ်သိန်းကျော် တိုးလာ၊ စစ်ကိုင်းတိုင်းမှာ စစ်ပြေးပြည်သူ နှစ်သိန်းခွဲကျော်ပြီး စားသောက်ရေးအတွက် စစ်ပြေးပြည်သူ အချင်းချင်း ပြန်ကူညီနေရ၊

ရာဇီ/MFP ၊ သြဂုတ် - ၂

မြန်မာနိုင်ငံတဝန်း နေရပ်စွန့်ခွာ ရွှေ့ပြောင်းရသူ (၁၂)သိန်းကျော် ရှိလာပြီး အဲ့ဒီအထဲက ပြည်သူ ရှစ်သိန်းကျော်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ လက်နက်ကိုင် ပဋိပက္ခနှင့် လုံခြုံရေး အခြေအနေတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာလို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ် ညှိနိူင်းရေးရုံး (UNOCHA) က သတင်း ထုတ်ပြန်ပါတယ်။

UNOCHA က ဩဂုတ်(၁)ရက်မှာ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံ လူသားချင်း စာနာမှုဆိုင်ရာ သတင်းလွှာမှာ မြန်မာနိုင်ငံအတွင်း စစ်ပြေးပြည်သူ အရေအတွက် တိုးပွားမြင့်တက်လာနေကြောင်း ဖော်ပြထားပြီး စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ဖေဖော်ဝါရီ(၁)ရက်ကနေ လက်ရှိအချိန်အထိ နိုင်ငံတဝန်း စစ်ပြေးပြည်သူ (၈၆၆,၀၀၀)ကျော် ရှိလာတယ်လို့ ဆိုပါတယ်။

နိုင်ငံတဝန်း တိုးပွားလာတဲ့ စစ်ပြေးပြည်သူတွေအနက် မြန်မာ့နွေဦးတော်လှန်ရေးရဲ့ အမာခံနယ်မြေတစ်ခု ဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာ လူဦးရေ နှစ်သိန်းခြောက်သောင်းကျော် စစ်ပြေးနေရပြီး အများဆုံးဖြစ်သလို သောင်းချီတဲ့ စစ်ပြေးပြည်သူတွေရဲ့ နေအိမ်တွေ အပါအဝင် ဘုရားကျောင်းတွေ ၊ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေလည်း မီးရှို့ဖျက်ဆီး ခံခဲ့ရတယ်လို့ UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကိုင်းတိုင်းထဲက စစ်ပြေးပြည်သူတွေဟာ နီးစပ်ရာ တောတွေထဲမှာ တိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေနဲ့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

နေအိမ် မီးရှို့ခံရသူတွေ၊ စစ်အုပ်စုက အကြမ်းဖက်စီးနင်း ဝင်မွှေလို့ ထွက်ပြေးရတဲ့ စစ်ပြေးပြည်သူတွေကို အနီးဝန်းကျင် ကျေးရွာတွေကပဲ အချင်းချင်း တစ်လှည့်စီ ပြန်လည်ကူညီ နေကြရတဲ့ အခြေအနေ ဖြစ်တယ်လို့ ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကိုကျားကြီးက ပြောပါတယ်။

"အရင်က အင်တာနက်လိုင်း ရတုံးက ပြည်ပက အလှူရှင်တွေက ကူညီပေးတာ ရှိခဲ့တယ်။ အခုက အင်တာနက်လိုင်းကလည်း ဖြတ်ခံထားရတော့ ပြည်ပက အဖွဲ့အစည်းတွေနဲ့လည်း အဆက်သွယ် ပြတ်နေတယ်။ အခက်အခဲကတော့ အများကြီးပဲ ။ အတော်လေးကို ရုန်းကန်နေရတယ်”လို့ ကိုကျားကြီးက ပြောပါတယ်။

လက်ရှိမှာလည်း စစ်အုပ်စုက စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲ ထိုးစစ်ဆင်ကာ ရွာစဉ်ပတ်မွှေ အကြမ်းဖက် စီးနင်းပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ ၊ အရပ်သားတွေကို ဖမ်းဆီး သတ်-ဖြတ်တာတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။

နိုင်ငံတဝန်းက စစ်ပြေးပြည်သူတွေထဲ မြန်မာပြည် အရှေ့တောင်ပိုင်းနဲ့ အနောက်မြောက်ပိုင်းက မတည်ငြိမ်တဲ့ အခြေအနေတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ ပြည်သူတွေကို စိတ်ပိုင်းဆိုင်ရာ ပိုမိုဆိုးရွားစေပြီး အထူးသဖြင့် အဆိုပါဒေသက ကလေးသူငယ်တွေအတွက် ကာကွယ်စောင့်ရှောက်ရေး အစီအမံတွေလည်း လိုအပ်နေတယ်လို့ UNOCHA က ဆိုပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အဓမ္မ တပ်သားသစ် စုဆောင်းတာ၊ ခြိမ်းခြောက်ငွေညှစ်တာနဲ့ မြေမြုပ်မိုင်းတွေဟာ နေရပ်စွန့်ခွာ တိမ်းရှောင်ရတဲ့ ပြည်သူတွေအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင်တွေ ခိုလှုံဖို့ နေရာအခက်အခဲတွေ ရှိနေဆဲ ဖြစ်ပြီး ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်က ရခိုင့်တပ်တော်(AA) ထိန်းချုပ်နယ်မြေတွေမှာလည်း ရေရရှိရေး လိုအပ်ချက်တွေ ရှိနေဆဲပဲလို့ UNOCHA က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ပဲခူးတိုင်း အရှေ့ဘက်အခြမ်းက ကျောက်ကြီးမြို့နယ်မှာလည်း တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ပြည်သူတွေအတွက် အမိုးအကာတွေ၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ UNOCHA က ဆိုပါတယ်။

မြန်မာပြည်သူတွေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်း ဖြစ်ပွားနေဆဲ လက်နက်ကိုင် ပဋိပက္ခတွေရဲ့ ဆိုးကျိုးဒဏ်တွေအပြင် ယခုနှစ် မေလကစတင်ပြီး ငွေကြေးဖောင်းပွမှုနှင့် ကုန်ဈေးနူန်း မြင့်တက်ကာ နိုင်ငံစီးပွားရေး ယိုးယွင်းလာတဲ့ အခြေအနေတွေကိုလည်း ဆက်လက် ရင်ဆိုင်နေရတယ်လို့လည်း UNOCHA က ဆိုပါတယ်။

UNOCHA ရဲ့ထုတ်ပြန်ချက်တွေအရ ပြီးခဲ့တဲ့ ဇွန်လမှာ မြန်မာနိုင်ငံတွင်း စစ်ပြေးပြည်သူ (၇၅၈,၀၀၀) ရှိခဲ့ရာက ဇူလိုင်လမှာ ရှစ်သိန်းကျော် ရှိလာတဲ့အတွက် တစ်လအတွင်း စစ်ပြေးပြည်သူ တစ်သိန်းနီးပါး တိုးလာတာလည်း ဖြစ်ပါတယ်။

စစ်အုပ်စုက ရွာစဉ်ပတ်မွှေ ရန်ပြု သောင်းကျန်းနေလို့ ထွက်ပြေးနေရတဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်နှင့် ဒီပဲယင်းနယ်က စစ်ပြေးပြည်သူတွေ/Photo - ဗိုလ်သူရိန် ယင်းမာပင် PDF ၊ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေး အဖွဲ့

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #ယင်းမာပင် #ဒီပဲယင်း #စစ်ပြေး #ပြည်သူ #UNOCHA

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ