MFP ၊ သြဂုတ် - ၃
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် လက်ပံကျင်ရွာကို ရဟတ်ယာဉ်တွေနှင့်ရော မြေပြင်ကပါ ပစ်ခတ်ပြီး အကြမ်းဖက်စီးနင်းခဲ့တဲ့ စစ်အုပ်စုဟာ ကလေးသူငယ်နှင့် အမျိုးသမီးတွေ အပါအဝင် ဒေသခံ (၁၀၀)ကျော်ကို နှစ်ရက်ကြာ ဖမ်းဆီးခဲ့ပြီးနောက် ဒေသခံ(၁၀)ဦး ထက်မနည်းကို သတ်-ဖြတ်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒါ့အပြင် ဖမ်းဆီးထားသူတွေထဲက (၁၄)ဦးကို စစ်ဝတ်စုံ ဝတ်ခိုင်းပြီး ပစ္စည်းတွေ ထမ်းပိုးခိုင်းကာ ဓားစာခံ လူသားဒိြင်းအဖြစ် ဖမ်းခေါ်သွားသလို တစ်ရွာလုံးက နေအိမ်တွေကိုလည်း ဖောက်ထွင်းလုယက် ခိုးယူသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အကြမ်းဖက် စစ်အုပ်စုဟာ သြဂုတ်(၁)ရက် မနက်(၁၀)ကျော်မှာ မြင်းမူမြို့နယ် လက်ပံကျင်းရွာကို ရဟတ်ယာဉ် လေးစီးနဲ့ ဝိုင်းညှပ်ပိတ်ဆို့ ပစ်ခတ် စီးနင်းခဲ့တာဖြစ်ပြီး ကျေးရွာစာသင်ကျောင်းမှာ စာသင်နေတဲ့ ဆရာ၊ဆရာမနှင့် ကျောင်းသားကျောင်းသူ ကလေးငယ်တွေ အပါအဝင် ဒေသခံ အမျိုးသမီး (၇၀)ကျော်နှင့် အမျိုးသား (၄၀)ကျော်ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
မနေ့က သြဂုတ်(၂)ရက် ညနေပိုင်းမှာ ဒေသကာကွယ်ရေးတပ်တွေက ဖမ်းဆီးခံထားရသူတွေကို ကယ်ထုတ်ဖို့ သွားရောက်ချိန် လက်ပံကျင်းရွာထဲမှာ အလောင်း (၁၀)လောင်း တွေ့ရပြီး နေအိမ်(၁၅)လုံး မီးရှို့ဖျက်ဆီး ခံရသလို အိမ်တိုင်းစေ့ ဖောက်ထွင်း ခံထားရတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လေယဉ်ဖြင့်ပစ်ရာမှ ကွမ်းခြံတွင်း ပြည်သူတစ်ဦးသေဆုံး၊ အမျိုးသမီးတစ်ဦး သေဆုံး၊ ခွေးများမှ ဖုန်းတစ်လုံး ကောက်ရပြီး ဖုန်းထဲတွင် သေနတ်ကိုင် ရိုက်ထားသောပုံအား သိလားမေးရာ မသိဘူး ဖြေ၍ စာသင်ကျောင်း အနောက်ဖက်ခေါ်သွားကာ လက်ပြန်ကြိုးတုတ်ကာ ပစ်သတ်ခံရသူ အမျိုးသားတစ်ဦး၊ လေယဉ်နဲ့ပစ်လို့ ထွန်စက်မောင်းနေသူ ပြည်သူတစ်ဦး။ သြဂုတ်(၂)ရက် ရွာထဲတွင် အသ-တ်ခံလိုက်ရတဲ့ ပြည်သူ ခြောက်ဦး (နေရာအစုံ မရှာရသေးကြောင်း ဒါ့ထက်ပိုများနိုင်ကြောင်း သတင်းပို့လာပါတယ်) နှစ်ရက်ပေါင်း ပြည်သူချည်း (၁၀)ဦး အသတ်ခံထားရပြီး ပိုများနိုင်ပါတယ်” လို့ လက်ပံကျင်းရွာထဲ သွားရောက်စစ်ဆေးခဲ့တဲ့ ရဲဘော်တွေက ပြောကြောင်း မြောင် PDF CDSOM အဖွဲ့က ကိုနွေဦးက ဆိုပါတယ်။
စစ်အုပ်စုဟာ လက်ပံကျင်းရွာက ဓမ္မာရုံ၊ ဆေးပေးခန်းတွေကို ဖျက်ဆီးခဲ့သလို ကားတွေ၊ ဆိုင်ကယ်တွေကိုလည်း ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ စစ်အုပ်စုဟာ လက်ပံကျင်းရွာ ညောင်ပင်စုရပ်ကွက်က နေအိမ်(၁၅)လုံးကို မီးရှို့ဖျက်ဆီးပြီး ကျေးရွာတွင်း လက်ဝတ်လက်စားနှင့် ငွေသားတွေ မွှေနှောင်ခိုးယူသွားတာ အနည်းဆုံး ကျပ်သိန်း (၁၀၀၀)ကျော်ဖိုး ပါသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ဒေသခံရွာသား (၁၄)ဦးကိုလည်း အကြမ်းဖက် စစ်ကောင်စီ ဝတ်စုံများ ဝတ်စေပြီး ဓားစာခံအဖြစ် ဖမ်းဆီး ခေါင်ဆောင်သွားပါတယ်။ ယနေ့ ဩဂုတ်(၃)ရက်နေ့တွင် (၁၂)ဦး ပြန်လွှတ်ပေးခဲ့တယ်လို့ သတင်းရရှိပါသည်။ စစ်ကြောင်းဝင်တဲ့နေ့က ဖမ်းဆီးခံရတဲ့ ကလေးသူငယ် အပါအဝင် ပြည်သူ (၁၀၀)ကျော်လည်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့များမှ ကြိုးစားကယ်ထုတ်နိုင်ခဲ့လို့ လွတ်မြောက်ပြီလို့ သတင်းရရှိပါသည်” လို့ မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးက ဖော်ပြပါတယ်။
မြင်းမူမြို့နယ် လက်ပံကျင်းကျေးရွာထဲ တင်တိုင်းကျဲ လုယက်၊ သတ်-ဖြတ်၊ သောင်းကျန်းသွားတဲ့ စစ်အုပ်စုဟာ မနေ့က ညပိုင်းမှာ အရာတော်နယ် ကန်ရင်းကျေးရွာနှင့် မလဲသာရွာတွေထဲ ဆက်လက် ဝင်မွှေသောင်းကျန်းနေတယ်လို့ အရာတော်ပိုစ့်ကလည်း ဖော်ပြပါတယ်။
လက်ပံကျင်းရွာမှာ စစ်အုပ်စုက ကလေးသူငယ်တွေကို ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးထားမှုကနေ ပြန်လအတ်ပေးဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က မနေ့က စာထုတ် တောင်းဆိုခဲ့ပါသေးတယ်။
မြင်းမူမြို့နယ် လက်ပံကျင်းရွာထဲ စစ်အုပ်စု သောင်းကျန်းသွားစဉ်နှင့် အရာတော်မြို့အဝင်မှာ ပြည်သူတွေကို ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စု/Photo – CJ ၊ အရာတော်ပို့စ်
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြင်းမူ #လက်ပံကျင်းရွာ #ပြည်သူ #ဖမ်းဆီး