မန္တလေးမှာ နေ့ခင်းကြောင်တောင် ဖုန်းဆိုင်နှစ်ဆိုင် ဓားပြတိုက်ခံရပြီး ကျပ်သိန်း (၇၀၀)ကျော်ဖိုး ပါသွား၊

မန္တလေးမှာ နေ့ခင်းကြောင်တောင် ဖုန်းဆိုင်နှစ်ဆိုင် ဓားပြတိုက်ခံရပြီး ကျပ်သိန်း (၇၀၀)ကျော်ဖိုး ပါသွား၊

MFP ၊ အောက်တိုဘာ - ၂၅

မန္တလေးမြို့မှာ ဒီနေ့ အောက်တိုဘာ (၂၅) ရက် တစ်နေ့တည်း ဖုန်းဆိုင်နှစ်ဆိုင်ကို ဓားပြတိုက်မှု ဖြစ်ပွါးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ဦးပွါးခုံးကျော် အနောက်ဘက်၊ ရေစင်ကွေ့နား ငါးစို့ဘုန်းကြီးကျောင်းနဲ့ မျက်နှာချင်းဆိုင်၊ လူသွားလူလာများတဲ့ လမ်းပေါ်မှာရှိတဲ့ မိုဘိုင်းဖုန်းဆိုင်တစ်ဆိုင်ထဲကို ဒီနေ့ အောက်တိုဘာ(၂၅)ရက် မွန်းလွဲ (၂) နာရီလောက်မှာ လူကိုးယောက် ဆိုင်ထဲဝင်လာပြီး လက်နက်ပြကာ ရှိသမျှဖုန်းတွေ အကုန်လုယက် သွားတယ်လို့ ဆိုင်ပိုင်ရှင်ဖြစ်သူက အသိပေးထားပါတယ်။

“ ကျွန်တော့်မိတ်ဆွေညီလေး ဖုန်းဆိုင်၊ နေ့လယ် (၂) နာရီ ဝန်းကျင်မှာ လူကိုးယောက် သေနတ်တွေ ဓါးတွေနဲ့ ဓါးပြတိုက်သွားပါတယ်။ သိန်း (၇၀၀)ကျော်ဖိုးလောက် ပါသွားပါတယ် “ လို့ နီးစပ်သူတစ်ဦးကလည်း အသိပေးပြောဆိုပါတယ်။

ဒါ့အပြင် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ (၆၉)လမ်း၊ (၃၈)နဲ့ (၃၉)လမ်းကြားက မိုဘိုင်းဖုန်းဆိုင်ကိုလည်း လူတစ်ဦးက သေနတ်ပြ ခြိမ်းခြောက် ဓားပြတိုက်ခဲ့ပြီး သေနတ်အတုမှန်းသိပြီး ပတ်ဝန်းကျင်ကို အကူအညီတောင်းလို့ ဘာမှ ပါမသွားဘူးလို့ ပိုင်ရှင်က အသိပေးပါတယ်။

“ ကြောက်တတ်ရင် သတိမမူဘဲ ပါသွားတော့မှာ၊ သေနတ်တုပြပြီး ဓားပြတိုက်လို့ လာတာက တစ်ယောက်တည်း၊ သေနတ်အတုမှန်းသိပြီး ပတ်ဝန်းကျင်ကပါ ဝိုင်းဖမ်းပေးလို့ ဘာမှ ပါမသွားဘူး၊ သတိထားစေချင် “ လို့ မိုဘိုင်းဖုန်းဆိုင်ပိုင်ရှင်က ဆိုပါတယ်။

မန္တလေးမြို့မှာ စစ်အာဏာသိမ်းပြီးနောက် ဓားပြမှု၊ လုယက်မှု၊ လူသတ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး တချို့သော လုယက်၊ ဓားပြမှုတွေမှာ စစ်အုပ်စု ကိုယ်တိုင်ပါဝင်နေတယ်လို့ ဒေသခံတွေ့ ယူဆကြပါတယ်။

အာဏာသိမ်းစစ်အုပ်စုကလည်း နိုင်ငံတဝန်း အကျဉ်းထောင်တွေထဲက ခိုး၊ ဆိုး၊ လု၊ နှိုက်၊ လူသတ်၊ မုဒိန်း စတဲ့ ရာဇဝတ်ကောင်တွေ အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ထောင်က ပြန်လွှတ်ပေးထားပါတယ်။

ဒါ့အပြင် လောင်ကစားသမား၊ မူးယစ်ဆေးရောင်းသူနှင့် ထောင်ထွက်လူမိုက်တချို့ကို စစ်အုပ်စုက ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးတွေအဖြစ် ခန့်အပ်ထားတာတွေလည်း ရှိတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

မန္တလေးမှာ ဒီနေ့ ဓားပြတိုက်ခ့ခဲ့ရတဲ့ ဖုန်းဆိုင် နှစ်ဆိုင်/Photo - S

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဖုန်းဆိုင် #ဓားပြတိုက် #သေနတ်အတု

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ