“ဟိုင်ဂင် သဘောတူညီချက်” က အညာအတွက် “ကျိန်စာ” ဖြစ်လာမလား

“ဟိုင်ဂင် သဘောတူညီချက်” က အညာအတွက် “ကျိန်စာ” ဖြစ်လာမလား

ဟိုင်ဂင် သဘောတူညီချက်” က အညာအတွက် “ကျိန်စာ” ဖြစ်လာမလား

ရေးသူ - သက်တန့် (MFP)၊ ဆောင်းပါး

ဟိုင်ဂင် သဘောတူညီချက်” ကို လက်မှတ်ထိုးကာ ကိုးကန့်နဲ့ ပလောင်ဒေသကို ညီနောင်သုံးဖွဲ့ထံ ထိုးအပ် လိုက်ရပြီးနောက် အာဏာသိမ်း စစ်အုပ်စု အနေနဲ့ ရှမ်းမြောက်မှာ စစ်ရှုံးနေကြောင်း ကမ္ဘာသိ ဝန်ခံ လိုက်ရပါတယ်။

ကချင်၊ ချင်း၊ ကရင်နီနဲ့ ရခိုင်ပြည်မှာလည်း စစ်ပွဲရှုံးနိမ့်ကာ မြို့ရွာတွေ၊ စခန်းတွေ လက်လွတ် ဆုံးရှုံးနေရပေမယ့် စစ်အုပ်စုက သူတို့ကိုယ် သူတို့ “Standard Army” အဖြစ် ကြွေးကြော်နေဆဲ အချိန်မှာ ရှမ်းမြောက်မှာ စတင်လာတဲ့ ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးက စစ်အုပ်စုကို အရှက်တကွဲ အကျိုးနည်း ဖြစ်စေခဲ့ပါတယ်။ ရှမ်းမြောက်က စစ်အုပ်စု လက်နက်ကိုင်တွေ ထောင်နဲ့ချီပြီး တပ်ရင်းအလိုက်၊ တပ်မအလိုက် လက်နက်ချတာ၊ ဘက်ပြောင်း ခိုလှုံတာတွေ ရှိလာချိန်မှာတော့ စစ်အုပ်စုဟာ တရုတ်ကို အကူအညီတောင်းပြီး ရှမ်းမြောက်မှာ အပစ်ရပ်ဖို့ ကြိုးစားခဲ့ရတာ ဖြစ်ပါတယ်။

အဲ့ဒီလို ရှမ်းမြောက်ဒေသက အရှက်တကွဲ ရှုံးနိမ့်မှုတွေကို အဖတ်ဆယ်ဖို့အတွက် စစ်အုပ်စုက အညာမှာ ပိုပြီး ရက်စက်ကြမ်းကြုတ် သတ်ဖြတ်ပြကာ နှိပ်ကွပ် လာနိုင်ချေရှိတယ်လို့ အညာဒေသ တော်လှန်ရေး အင်အားစုတွေက သုံးသပ်ပါတယ်။

စစ်အုပ်စုဟာ အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားဒေသတွေမှာ စစ်ရှုံးတိုင်း အညာမှာ ရွာမီးရှို့တာ၊ သတ်ဖြတ်တာတွေ လုပ်ဆောင်ပြီး စစ်အုပ်စု တပ်ဖွဲ့အတွင်း Moti (စိတ်အားတွက်ကြွမှု) ဖြစ်အောင် လုပ်လေ့ရှိတာ ထုံးစံလို ဖြစ်လာတယ်လို့ အညာ တော်လှန်ရေး အင်အားစုတွေက ဆိုပါတယ်။

“ဟိုင်ဂင်” သဘောတူညီချက် လက်မှတ်ထိုးပြီး တစ်ပါတ်အတွင်းမှာပဲ စစ်အုပ်စုက အညာ ပြည်သူတွေအပေါ် ယခင်ထက် ပိုမို ရက်စက် ကြမ်းကြုတ်တဲ့ ဖိနှိပ်သတ်ဖြတ်မှုတွေ ကျူးလွန်လာတယ်လို့လည်း ဆိုပါတယ်။

399853529_350661207541118_750165431695412283_n.jpg

ဒီပဲယင်းနယ်က စစ်ပြေးပြည်သူတွေ/Photo - CJ

၂၀၂၃ တစ်နှစ်ပတ်လုံး အညာတခွင် ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ မုဒိန်းကျင့်၊ ရွာမီးရှို့တာတွေ ကျူးလွန်ခဲ့တဲ့ ဘီလူးစစ်ကြောင်း၊ ကျားဘီလူးစစ်ကြောင်း အမည်ခံ စစ်အုပ်စုဟာ ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကာလ ရှမ်းမြောက်မှာ တိုက်ပွဲတွေ ပြင်ထန်းနေတဲ့ နိုဝင်ဘာနဲ့ ဒီဇင်ဘာအတွင်း ငြိမ်ငုပ်နေခဲ့ရာက ရှမ်းမြောက်မှာ အပစ်ရပ်ပြီးနောက် ဇန်နဝါရီ(၁၂)ရက်က စတင်ပြီး စစ်ကိုင်းတိုင်းထဲ တကျော့ပြန် လှုပ်ရှားလာတယ်လို့ ဆိုပါတယ်။

ကျားဘီလူးစစ်ကြောင်း အမည်ခံ စစ်အုပ်စုဟာ ဇန်နဝါရီ(၁၂)ရက်ကနေ (၁၉)ရက်အထိ တစ်ပါတ်အတွင်း ရွှေဘိုခရိုင် ခင်ဦးနဲ့ ဒီပဲယင်းမြို့နယ် ကျေးရွာတွေက ကိုယ်ဝန်ဆောင် မိခင် အပါအဝင် ဒေသခံပြည်သူ ကိုးဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ပါတယ်။

photo_2024-01-13_14-36-31_2.jpg

ဇန်နဝါရီ(၁၂)ရက်က ရေဦးမြို့နယ် ကျွန်းတောကြီးရွာကို စစ်ကြောင်းထိုး စီးနင်းလုယက် အကြမ်းဖက်တဲ့ စစ်အုပ်စုက အသက်(၃၀)ကျော်အရွယ် ကိုယ်ဝန်ဆောင်သည် မိခင်ကို  ဖမ်းဆီးသတ်ဖြတ်ခဲ့စဉ်/Photo - CJ

အဲ့ဒီ ပြည်သူ ကိုးဦးကို စစ်အုပ်စုက သတ်ဖြတ်ရာမှာ ဖမ်းဆီးပြီးမှ သွေးအေးအေးနဲ့ ညှဉ်းပန်း သတ်ဖြတ်တာ ဖြစ်ပြီး ဒီပဲယင်းနယ် မဲအိုးရွာက ဒေသခံတွေကိုတော့ ဖမ်းဆီးထားကြောင်း နာမည်တွေ၊ ဓာတ်ပုံတွေနဲ့ သတင်းဖြန့်ပြီးမှ ပေါ်တင် သတ်ဖြတ် ပြတာလည်း ဖြစ်ပါတယ်။

  • တကျော့ပြန် စစ်ကြောင်းထိုးခံနေရတဲ့ အညာ

ရှမ်းမြောက်မှာ အပစ်ရပ်ပြီး ချက်ချင်းဆိုသလိုပဲ စစ်အုပ်စုက စစ်ကိုင်းတိုင်းက မြို့ရွာတွေကို စစ်ကြောင်း ငါးကြောင်း ထက်မနည်း ဖြန့်ခွဲကာ စတင် စစ်ကြောင်းထိုးပါတယ်။ ဇန်နဝါရီ(၁၂)ရက်က စတင်ပြီး စစ်ကိုင်းတိုင်း စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ မုံရွာခရိုင်၊ ယင်းမာပင်ခရိုင်၊ ကောလင်းခရိုင်နဲ့ ကသာခရိုင်တွေမှာ စစ်အုပ်သု တကျော့ပြန် စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အနောက်မြောက်တိုင်း စစ်ဌာနချုပ် - နမခ အခြေစိုက်ရာ မုံရွာမြို့ကနေ ချင်းတွင်းမြစ်ကို ကူးပြီး ယင်းမာပင် ခရိုင်ထဲ စစ်အုပ်စု စစ်ကြောင်း မထိုးတာ ပြီးခဲ့တဲ့ အောက်တိုဘာ နှောင်းပိုင်းကနေ အခုနှစ် ဇန်နဝါရီ လဆန်းအထိ နှစ်လကျော် ကြာမြင့်ခဲ့ပါတယ်။

မုံရွာမြို့နဲ့ မြစ်တစ်စင်းသာခြားတဲ့ ယင်းမာပင် ခရိုင်ထဲက မြို့ရွာတွေကို စစ်အုပ်စုက အနည်းဆုံး တစ်လတစ်ကြိမ် ပုံမှန် စစ်ကြောင်းထိုးပြီး ရွာမီးရှို့၊ လူသတ်၊ လုယက်တာတွေ ကျူးလွန်လေ့ ရှိရာက ၁၀၂၇ စစ်ဆင်ရေးကာလမှာ နှစ်လကျော်ကြာ စစ်ကြောင်းမထိုးဘဲ ရပ်နားနေခဲ့တာပါ။

ဒါပေမယ့် ယခု ဇန်နဝါရီ(၁၆)ရက်မှာတော့ မုံရွာ နမခ က စစ်အုပ်စု အင်အား(၁၀၀)လောက် ချင်းတွင်းမြစ်ကို ကူးဖြတ်ပြီး ဆားလင်းကြီးနယ် ကျေးရွာတွေကို တကျော့ပြန် စစ်ကြောင်းထိုးလာပါတယ်။ အဲ့ဒီ စစ်အုပ်စုဟာ ဇန်နဝါရီ(၂၀)ရက် ညနေပိုင်းမှာ ဆားလင်းကြီးနယ် ကျွဲခိုတောရွာက ပြည်သူတွေကို လက်နက်ကြီးနဲ့ ထုလို့ နှစ်နှစ်အရွယ် ကလေးငယ် အပါအဝင် စစ်ပြေးပြည်သူ သုံးဦး သေဆုံးပြီး ခုနှစ်ဦး ဒဏ်ရာရပါတယ်။ စစ်အုပ်စု ရန်ကြောင့် ဆားလင်းကြီးနယ် ရွာ(၂၀)ကျော် ထွက်ပြေးနေရတယ်လို့ ညောင်ပင်ကြီးရွာခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

photo_2024-01-21_10-47-10.jpg

ဆားလင်းကြီးနယ်ထဲ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုက ဇန်နဝါရီ(၂၀)ရက် ညနေပိုင်း ကျွဲခိုတောရွာက ပြည်သူတွေကို လက်နက်ကြီးနဲ့ ထုလို့ နှစ်နှစ်အရွယ် ကလေးငယ် အပါအဝင် စစ်ပြေးပြည်သူ သုံးဦး သေဆုံးကာ ခုနှစ်ဦး ဒဏ်ရာရခဲ့/Photo - CJ

ဆားလင်းကြီးနယ်ကို စစ်အုပ်စု စစ်ကြောင်းဝင်ပြီ ဆိုတာနဲ့ ယင်းမာပင်ခရိုင် ဖြစ်တဲ့ ကနီ၊ ပုလဲနဲ့ ယင်းမာပင်ကိုပါ ဆက်ဝင်လေ့ရှိလို့ အခြေအနေကို စောင့်ကြည့်နေရတယ်လို့ ယင်းမာပင်နယ် အခြေပြု Young Ranger Force-YRF ပြန်ကြားရေးတာဝန်ခံ ကိုဖီးနစ်က ပြောပါတယ်။

ယင်းမာပင်မှာ ငြိမ်နေတုန်းပဲ။ စစ်ကြောင်းမထိုးတာ ရှမ်းမြောက် ဖြစ်ကတည်းက။ အခုက ဆားလင်းကြီးကို ပြန်ထိုးလာပြီ ဆိုတော့ အဲဒီဘက် ထိုးရင် ဒီဘက် ရောက်လာနိုင်တယ်”

ရွှေဘိုခရိုင်ထဲက ရွှေဘို၊ ခင်ဦး၊ ရေဦးနဲ့ ဒီပဲယင်းနယ်ထဲ တကျော့ပြန် စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာလည်း ဇန်နဝါရီ(၁၂)ရက်က ခင်ဦးမြို့နယ် ကျေးရွာသုံးရွာက ကိုယ်ဝန်ဆောင် မိခင် တစ်ဦး အပါအဝင် ဒေသခံ လေးဦးကို ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့ပါတယ်။

စစ်အုပ်စုဟာ ခင်ဦးနယ် ကျွန်းတောကြီးရွာက အသက်(၃၀)ကျော်အရွယ် ကိုယ်ဝန်ဆောင် မရင်ရင်သွေးကို ဖမ်းဆီးကာ ဦးခေါင်း သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး မြင်းကျရွာဘက် ဆက်လက် စီးနင်းချိန် အသက်(၆၀)ကျော် ဦးလှဝင်းနဲ့ ဦးမြင့်ဆွေတို့ နှစ်ဦးကိုလည်း ဖမ်းဆီးကာ တစ်ဦးကို သေနတ်နဲ့ ပစ်သတ်၊ တစ်ဦးကို လည်ပင်းလှီး သတ်ဖြတ်ခဲ့ပါတယ်။ ဆက်လက်ပြီး ကားဆိပ်ရွာက အသက်(၄၀)ကျော် ဒေါ်ရင်မိုး ကိုလည်း ဖမ်းဆီးကာ ရင်ဘတ် သေနတ်နဲ့ ပစ်ကာ သတ်ဖြတ်ခဲ့ပါတယ်။ အဲ့ဒီ စစ်အုပ်စုဟာ ပြည်သူတွေကို သတ်ဖြတ်သလို နေအိမ်တွေကိုလည်း မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

photo_2024-01-13_14-36-31_2.jpg

ဇန်နဝါရီ(၁၂)ရက်က ရေဦးမြို့နယ် ကျွန်းတောကြီးရွာကို စစ်ကြောင်းထိုး စီးနင်းလုယက် အကြမ်းဖက်တဲ့ စစ်အုပ်စုက အသက်(၃၀)ကျော်အရွယ် ကိုယ်ဝန်ဆောင်သည် မိခင်ကို  ဖမ်းဆီးသတ်ဖြတ်ခဲ့စဉ်/Photo - CJ

photo_2024-01-12_22-09-43.jpg

ဇန်နဝါရီ(၁၂)ရက်က ရေဦးမြို့နယ် မြင်းကျရွာကို စစ်ကြောင်းထိုး စီးနင်းလုယက် အကြမ်းဖက်တဲ့ စစ်အုပ်စုက အသက်(၆၀)ကျော်အရွယ် အမျိုးသားကြီး နှစ်ဦးကို  ဖမ်းဆီးသတ်ဖြတ်ခဲ့စဉ်/Photo - CJ

အဲ့ဒီ စစ်အုပ်စုဟာ ဇန်နဝါရီ(၁၈)ရက်မှာ ဒီပဲယင်းနယ် မဲအိုးရွာကို ဆက်လက် စီးနင်းပြီး ဒေသခံ (၁၅)ဦး ထက်မနည်းကို ဓားစာခံအဖြစ် ဖမ်းခေါ်ကာ နောက်ရက်တွေမှာ ငါးဦးကို သတ်ဖြတ်ခဲ့ပါတယ်။ စစ်အုပ်စုဟာ ဓားစာခံ ဖမ်းထားတဲ့ မဲအိုးရွာခံ ပြည်သူတွေထဲက အမျိုးသား သုံးဦးနဲ့ အမျိုးသမီးတစ်ဦးကို လက်ယက်ကုန်း ရွာထဲမှာ သတ်ဖြတ်ထားခဲ့ပြီး ပိဋကတ်ကျရွာထဲမှာ နောက်ထပ် အမျိုးသားတစ်ဦး၊ စုစုပေါင်း ငါးဦးကို သတ်ဖြတ်ထားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

photo_2024-01-19_13-29-13.jpg

ဒီပဲယင်းနယ် မဲအိုးရွာက ပြည်သူတွေကို စစ်အုပ်စုက ဓားစာခံ လူသားဒိုင်းကာအဖြစ် ဖမ်းခေါ်လာကာ လက်ယက်ကုန်းကျေးရွာ အရောက်  အပိုင်းပိုင်း ခုတ်ထစ်သတ်ဖြတ်ခဲ့စဉ်/Photo - CJ

အဲ့ဒီ ဒီပဲယင်းနယ် မဲအိုးရွာက ပြည်သူတွေကို ဖမ်းထားကြောင်း စစ်အုပ်စုက ဓာတ်ပုံတွေ၊ နာမည်တွေနဲ့တကွ တယ်လီဂရမ် ချန်နယ်တွေကနေ သတင်းဖြန့်ပြီးနောက် ပေါ်တင် သတ်ဖြတ်ပြတာ ဖြစ်ပြီး အမျိုးသားတွေကို ဦးခေါင်းဖြတ်၊ ခြေတွေ၊ လက်တွေ ဖြတ်ကာ ကိုယ်ခန္ဓာကို အပိုင်းပိုင်း ဖြတ်တောက်ထားခဲ့တာပါ။ အမျိုးသမီး အလောင်းကိုတော့ မီးရှို့ဖျက်ဆီးထားလို့ အဓမ္မပြုကျင့်ပြီးမှ မီးရှို့သတ်ဖြတ် အလောင်းဖျောက်ခဲ့တာ ဖြစ်မယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သူတို့(စစ်အုပ်စု) Rape (အဓမ္မပြုကျင့်မှု) လုပ်တဲ့ ကိစ္စတွေ ဖျောက်ခဲ့ချင်လို့ ဖြစ်နိုင်တယ်ပေါ့။ အမျိုးသားတွေ ဆိုရင် သတ်ဖြတ်ပြီးတော့ မီးမရှို့ခဲ့ဘူး။ အမျိုးသမီးကျတော့ သတ်ဖြတ်ပြီးတော့ မီးရှို့ထားခဲ့တာ ဆိုတော့ အဲဒီလို (အဓမ္မပြုကျင့်တာ) ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြတာပေါ့။ အကြမ်းဖက် စစ်ကောင်စီရဲ့ လုပ်နေကျကလည်း ဒါမျိုးတွေ လုပ်တာ ဆိုတော့လေ။ အသတ်ခံရသူတွေ အားလုံးက သာမန် ပြည်သူတွေပါပဲ။ ဘာမှ သူတို့မှာ အပြစ် မရှိကြဘူး။ သူတို့အတွက်လည်း ကျွန်တော်တို့ စိတ်မကောင်း ဝမ်းနည်း ဖြစ်နေရတယ်”လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင် ထောက်ပံ့ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

420201698_391152313492007_9130174520775651360_n.jpg

ဒီပဲယင်းနယ် မဲအိုးရွာက ပြည်သူတွေကို စစ်အုပ်စုက ဓားစာခံ လူသားဒိုင်းကာအဖြစ် ဖမ်းခေါ်လာကာ လက်ယက်ကုန်းကျေးရွာအရောက်  မီးရှို့သတ်ဖြတ်ခဲ့စဉ်/Photo - CJ

ဒီပဲယင်းနယ် မဲအိုးရွာက ဒေသခံပြည်သူ (၁၅)ဦးထက်မနည်းကို စစ်အုပ်စုက ဖမ်းဆီးသွားတာ ဖြစ်ပြီး လက်ရှိမှာ ငါးဦးရဲ့ အလောင်းကိုသာ ပြန်လည် တွေ့ရှိရကာ ကျန်သူတွေ အဆက်အသွယ် ပြတ်နေဆဲလို့ ဆိုပါတယ်။

“နောက်ထပ် ပျောက်ဆုံးနေတဲ့ ဒေသခံ(၁၀)ဦးပေါ့။ သူတို့နဲ့လည်း အဆက်အသွယ် မရသေးဘူး”

စစ်ကိုင်းခရိုင်မှာတော့ စစ်ကိုင်းနဲ့ မြင်းမူမြို့နယ်ထဲ စစ်အုပ်စု စစ်ကြာင်းထိုးနေပြီး မုံရွာခရိုင်မှာတာ့ ဘုတလင်၊ အရာတော်နဲ့ ချောင်းဦးနယ် ကျေးရွာတွေကို စစ်အုပ်စု စစ်ကြောင်းထိုးကာ ရွာမီးရှို့၊ လုယက်၊ ဓားစာခံ ဖမ်းတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ မြို့သိမ်းခံလိုက်ရတဲ့ ကောလင်းမြို့မှာလည်း ယခု ဇန်နဝါရီ(၁၈)ရက်က စတင်ပြီး စစ်အုပ်စု အင်အား(၂၀၀)လောက်နဲ့ ကောလင်းမြို့ကို ဝိုင်းကာ ပြန်လည် တိုက်ခိုက်လာမယ့် အခြေအနေ ရှိတယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

ဒါ့အပြင် မြို့သိမ်းတိုက်ပွဲ မပြီးပြတ်သေးတဲ့ ကသာခရိုင် ထီးချိုင့်မြို့မှာလည်း ဇန်နဝါရီ(၁၃)ရက်က စတင်ပြီး စစ်အုပ်စုက လက်နက်အင်အား၊ လူအင်အား ဖြည့်တင်းကာ နယ်မြေ ပြန်လည် စိုးမိုးနိုင်ရေး ကြိုးစားနေတယ်လို့ မြေပြင်တိုက်ပွဲဝင် ရဲဘော်တွေက ပြောပါတယ်။

420224312_391242740149631_3712858878682725283_n.jpg

ဒီပဲယင်းနယ်က စစ်ပြေးပြည်သူတွေ/Photo - CJ

ပြီးခဲ့တဲ့ နိုဝင်ဘာနဲ့ ဒီဇင်ဘာ နှစ်လလုံးလုံး အညာမှာ စစ်အုပ်စု စစ်ကြောင်းထိုးပြီး လူသတ်၊ လုယက်၊ မီးရှို့တာတွေ သိသိသာသာ လျော့နည်းသွားခြင်းဟာ ညီနောင်မဟာမိတ်သုံးဖွဲ့ ဦးဆောင်ပြီး ရှမ်းမြောက်မှာ ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် ဖြစ်နိုင်ပြီး အခုလို တကျော့ပြန် စစ်ကြောင်းထိုးတာကလည်း ရှမ်းမြောက်မှာ အပစ်အခတ် ရပ်စဲလိုက်တာကြောင့် အညာကို ပြန်ဖိဖို့ ကြိုးစားတာ ဖြစ်မယ်လို့ အညာ တော်လှန်ရေး အဖွဲ့တွေက သုံးသပ်ပါတယ်။

  • ဟိုင်ဂင် သဘောတူညီချက်များ (သို့မဟုတ်) စစ်အုပ်စုနဲ့ ညီနောင်သုံးဖွဲ့ အပစ်ရပ်စာချုပ်

ညီနောင် မဟာမိတ် သုံးဖွဲ့ ဖြစ်တဲ့ တအာင်း (PSLF/TNLA)၊ ကိုးကန့် (MNTJP/MNDAA)နဲ့ ရက္ခိုင် (ULA/AA) တို့က အောက်တိုဘာ(၂၇)ရက်မှာ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီလို့ ကြေညာပြီး ရှမ်းမြောက်က အာဏာသိမ်း စစ်အုပ်စုကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။

စစ်ဆင်ရေးကာလ နှစ်လကျော်အတွင်း ရှမ်းမြောက်က ကိုးကန့်ဒေသ တစ်ခုလုံးနဲ့ ပလောင်ဒေသ အများစု အပါအဝင် မြို့(၁၇)မြို့၊ စစ်အုပ်စု စခန်း (၄၀၀)ကျော်နဲ့ တရုတ် -မြန်မာ နယ်စပ် ကုန်သွယ်ရေးဇုန် လေးခုကို ညီနောင် မဟာမိတ် သုံးဖွဲ့နဲ့ မဟာမိတ်တွေက သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ၁၀၂၇ စစ်ဆင်ရေး (၇၇) ရက်မြောက်နေ့ ဖြစ်တဲ့ ဇန်နဝါရီ(၁၁)ရက်မှာတော့ ညီနောင်သုံးဖွဲ့နဲ့ စစ်အုပ်စုတို့ ရှမ်းမြောက်မှာ အပစ်အခတ် ရပ်စဲဖို့ ဖြစ်လာခဲ့ပါတယ်။ တရုတ်နိုင်ငံက ညီနောင်သုံးဖွဲ့ကိုရော စစ်အုပ်စုကိုပါ တရုတ်နိုင်ငံဘက် ခေါ်ယူပြီး မျက်နှာချင်းဆိုင် တွေ့ဆုံစေကာ ရှမ်းမြောက်မှာ နှစ်ဖက် အပစ်အခတ် ရပ်စဲဖို့ ကြားပွဲစားလုပ် ဖိအားပေးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပင် တရုတ်က ညီနောင်သုံးဖွဲ့ကိုရော စစ်အုပ်စုကိုပါ မြန်မာနိုင်ငံတွင်းက တရုတ် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ တရုတ် နိုင်ငံသားတွေကို ကာကွယ်ဖို့ ဝန်ခံကတိပြု လက်မှတ် ရေးထိုးစေခဲ့တယ်လို့ ညီနောင်သုံးဖွဲ့က ထုတ်ပြန် အသိပေးပါတယ်။

"ရှမ်းမြောက်ဒေသအတွင်း မိမိတိုနှင့် စစ်ကောင်စီအကြား ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကို ရပ်တန့်စေရမည့် အပစ်အခတ် ရပ်စဲရေးကို ရှောင်လွှဲမရသည့် အနေအထားအောက်တွင် ပြုလုပ်ခဲ့ရသည်” လို့ ညီနောင် သုံးဖွဲ့က အပစ်ရပ်ပြီး နောက်တစ်နေ့ ဇန်နဝါရီ(၁၃)ရက်၊ ၁၀၂၇ စစ်ဆင်ရေး (၇၉)ရက်မြောက်နေ့မှာ ထုတ်ပြန်ပါတယ်။

photo_2024-01-12_22-04-20.jpg

ရှမ်းမြောက်မှာ အပစ်အခတ် ရပ်စဲဖို့ အာဏာသိမ်း စစ်အုပ်စုနဲ့ ညီနောင်သုံးဖွဲ့တို့ လက်မှတ်ရေးထိုးခဲ့တဲ့ ဟိုင်ဂင်သဘောတူညီချက်/Photo - ညီနောင်သုံးဖွဲ့

“Haigeng Agreement” ဟိုင်ဂင် သဘောတူညီမှု အသေးစိတ် အချက်အလက် တွေကိုလည်း ညီနောင် သုံးဖွဲ့က ဇန်နဝါရီ(၁၂)ရက်မှာ ထုတ်ပြန် ဖော်ပြပါတယ်။

“တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီ၏ အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိင်းရေးကော်မတီ (NSPNC) နှင့် ညီနောင်မဟာမိတ် (၃) ဖွဲ့ ဖြစ်ကြသော MNDAA၊ TNLA နှင့် AA တိုသည် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၀) နှင့် (၁၁) ရက်နေ့များတွင် " ဟိုင်ဂင် သဘောတူညီမှုများ" ကို နှစ်ရက်တာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။

ဤတွေ့ဆုံမှုသည် တတိယအကြိမ် ဆွေးနွေးပွဲဖြစ်ပြီး တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် -

(၁) ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၁၁) ရက်၊ ညနေ (၉) နာရီခန့်မှ စတင်၍ နှစ်ဖက်တပ်များ ချက်ချင်းအပစ်ရပ်စဲရေး၊

(၂) နှစ်ဖက်တပ်ဖွဲဝင်အချင်းချင်းကြားတွင် ပစ်ခတ်တိုက်ခိုက်မှုနှင့် ထိတွေ့မှုမရှိစေရေး၊

(၃) အကယ်၍ အငြင်းပွားဖွယ်ရာများနှင့် လိုလားချက်များ (ပစ်ခတ်မှုများ) ဖြစ်ပေါ်လာခဲ့ပါက တွေ့ဆုံဆွေးနွေးမှု လမ်းစဉ် ဖြင့်ဖြေရှင်းရေး စသည့်အချက်များအပေါ် သဘောတူညီမှုများ ရရှိခဲ့ကြပါသည်။

ထိုသို့ သဘောတူညီမှု ရရှိစေရန်အတွက် ညီနောင်မဟာမိတ် သုံးဖွဲ့မှ ရှမ်းမြောက်ရှိ စစ်ကောင်စီ၏ စခန်းများ၊ ဗျူဟာကုန်းများအား ထိုးစစ်ဆင် တိုက်ခိုက်မှုများကို စတင် မပြုလုပ်ရန် သဘောတူခဲ့ပြီး စစ်ကောင်စီ ဘက်မှလည်း ရှမ်းမြောက်ဒေသရှိ မိမိတို့၏ ထိန်းချုပ်၊ သိမ်းပိုက်ထားသော နေရာများအားလုံးသို လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု မလုပ်ရန် သဘောတူခဲ့ကြသည်။

ထို့အတူ နှစ်ဘက်အဖွဲအစည်းမှ တရုတ်-မြန်မာ နယ်စပ်ဒေသရှိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသားများနှင့် မြန်မာနိုင်ငံ အတွင်းရှိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုံခြုံရေးကို မထိခိုက်ကြစေရန်နှင့် မဖျက်ဆီးကြရန် သဘောတူညီခဲ့ကြသည်။ နှစ်ဦးနှစ်ဖက်မှ ချက်ချင်း အပစ်ရပ်စဲရေးဆိုင်ရာ အစီအမံနှင့် အခြားကိစ္စရပ်များကို ဆက်လက် ဆွေးနွေးသွားရန် သဘောတူခဲ့ကြသည်” လို့ ဆိုပါတယ်။

  • ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်သာမက အညာမှာပဲ စစ်အုပ်စုရဲ့ ရှုံးနိမ့်မှု

၁၀၂၇ စစ်ဆင်ရေးအတွင်း အညာမှာ ရွာမီးရှို့၊ လူသတ်၊ လုယက်၊ မုဒိန်းကျင့်နေတဲ့ စစ်အုပ်စုတချို့ ရှမ်းမြောက်ကို အပို့ခံရပြီး တပ်ရင်းလိုက် သေတာတွေ ရှိခဲ့တယ်လို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယနေ့ဖြစ်တဲ့ အောက်တိုဘာ(၂၈)ရက်မှာပဲ စစ်ကိုင်းကနေ ရှမ်းမြောက်ကို လေယာဉ်နဲ့ တင်ခေါ်လာတဲ့ စစ်ကိုင်းမြို့ အခြေစိုက် တပ်မ-၃၃ လက်အောက်ခံ၊ ဖြေမြန်တပ်ရင်း (ခမရ) - ၁၃ က စစ်အုပ်စု အင်အား(၇၀)ကို တိုက်ခိုက် ချေမှုန်းခဲ့ရာ စစ်အုပ်စု အလောင်း(၄၀)ကျော် ရရှိတယ်လို့ ဗမာပြည်သူ့ လွတ်မြောက်ရေး တပ်တော် - BPLA က ထုတ်ပြန်ပါတယ်။ တိုက်ပွဲအတွင်း ဗိုလ်ကြီး နေလင်းအောင် အပါအဝင် စစ်သုံ့ပန်း တချို့ ဖမ်းမိသလို လက်နက်ခဲယမ်း အများအပြား သိမ်းဆည်း ရရှိတယ်လို့ BPLA က ဆိုပါတယ်။

ညီနောင် သုံးဖွဲ့နဲ့ BPLA ရဲ့ တိုက်ခိုက်ချေမှုန်း ခံလိုက်ရတဲ့ စစ်ကိုင်း တပ်မ(၃၃) လက်အောက်ခံ ခမရ(၁၃)က စစ်အုပ်စုဟာ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းထဲ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ စစ်အုပ်စု ဖြစ်တယ်လို့ အညာ ဒေသခံတွေက ပြောပါတယ်။

6_-_copy.jpg

စစ်ကိုင်းမြို့က စစ်အုပ်စု ခမရ - ၁၃/Photo - CJ

“BPLA က ရတဲ့ ပစ္စည်းတွေကို ကြည့်ရတာတော့ တစ်ရင်းစာ ရလိုက်တာပဲ။ (၁၃)ကတော့ တပ်တွင်း အိုနာကျိုးကန်းပဲ ကျန်မယ်ထင်တယ်။ အင်အား (၇၀)ဆိုတာ တပ်ထွက်အင်အား အကုန်နေမယ်။ (၄၀)သေတဲ့ သတင်းအရ တပ်ရင်းစာ ပြုတ်တာနေမယ်” လို့ စစ်ကိုင်းဒေသခံ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မန္တလေး ရွှေဘို - မြစ်ကြီးနား ရထားလမ်း၊ စစ်ကိုင်း - ဝက်လက် လမ်းပိုင်ကို ပြင်နေတဲ့ စစ်အုပ်စုလည်း ရှမ်းမြောက် အပို့ခံရပြီး ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ဝက်လက်နဲ့ စစ်ကိုင်းနယ်ထဲ စစ်အုပ်စု စစ်ကြောင်းထိုး၊ ရွာမီးရှို့၊ လူသတ်၊ လုယက်တာ မရှိသလောက် နည်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးကာလ ရှမ်းမြောက်မှာ တိုက်ပွဲပြင်းထန်နေချိန် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာလည်း ဒေသခံ တော်လှန်ရေးတပ်တွေက မြို့သိမ်းစခန်းသိမ်း တိုက်ပွဲတွေ ဆင်နွှဲခဲ့ရာ ကောလင်းမြို့၊ မော်လူးမြို့၊ တမူးနယ် ခမ်းပါတ်မြို့၊ ဟုမ္မလင်းနယ် ရွှေပြည်အေးမြို့ စတဲ့ မြို့တွေကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သလို မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲတွေ အောင်မြင်ခဲ့ပါတယ်။

PDF တွေ၊ ပကဖတွေ စတဲ့ NUG ဦးဆောင်တဲ့ တပ်ရင်းတပ်ဖွဲ့တွေ သာမက NUG လက်အောက်ခံ မဟုတ်တဲ့ တော်လှန်ရေး တပ်တွေကပါ အညာဒေသ စစ်ကိုင်းနဲ့ မကွေးတိုင်းထဲ မြို့သိမ်းစခန်းသိမ်း တိုက်ပွဲတွေ ဆင်နွှဲရာ စစ်အုပ်စု အနေနဲ့ အညာက အင်အားနည်းတဲ့ စခန်းတွေကို စွန့်ခွါထွက်ပြေးပြီး အင်အားများတဲ့ မြို့ပေါ် စခန်းတွေမှာ သွားရောက်ပူးပေါင်းတာတွေ ရှိခဲ့ပါတယ်။

ယင်းမာပင်နယ် ပန်းတိမ်ပြင်သစ်ကွင်းက စစ်အုပ်စုတွေ နိုဝင်ဘာလ အတွင်းက စခန်းစွန့်ခွာ ထွက်ပြေးသလို ဂန့်ဂေါမြို့နယ် တောင်ခရန်းရွာ ရဲစခန်းက စစ်အုပ်စုလည်း စခန်းစွန့်ခွာ ထွက်ပြေးပြီး ဘယ်အချိန် ထွက်ပြေးမှန်းတောင် မသိလိုက်ရဘူးလို့ Spring Guerrilla Platoon အဖွဲ့ခေါင်း ကိုဝေလင်းထွန်းက MFP ကို ပြောခဲ့ပါတယ်။

ခင်ဦးနယ်၊ ခင်ဦး-ရေဦး လမ်းပေါ်က မူးတိမ်ချောင်းတံတား အထိုင်စခန်း၊ ရွာသစ်ကုန်းပျူရွာ စခန်းနဲ့ အင်းပတ်ကွေ့ ဈေးတန်း အထိုင်စခန်းတွေက စစ်အုပ်စုလည်း စခန်းစွန့်ခွါ ထွက်ပြေးပြီး ရေဦးမြို့ပေါ် သွားပေါင်းခဲ့တယ်လို့ ရွှေဘိုခရိုင် PDF တပ်ရင်း(၂၂) တပ်ရင်းမှူးက ပြောပါတယ်။

420047201_390508360223069_2616474013346938909_n.jpg

ဒီပဲယင်းနယ်က စစ်ပြေးပြည်သူတွေ/Photo - CJ

  • မစည်းလုံးသေးတဲ့ အညာ

လက်ရှိမှာတော့ ရှမ်းမြောက်မှာ အပစ်ရပ်ပြီး အသက်ရှု၊ အနားရသလို ဖြစ်သွားတဲ့ စစ်အုပ်စုက အညာမှာ လူသတ်၊ လုယက်၊ မီးရှို့၊ ဖိနှိပ်တာတွေ တကျော့ပြန် လုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း ကြက်ပျောက်ငှက် ပျောက်သွားတဲ့ စစ်ကိုင်းနဲ့ ဝက်လက်ကြား ရထားလမ်းပိုင်း ပြုပြင်ရင်း စစ်ကြောင်းထိုး၊ လူသတ်၊ လုယက်လေ့ ရှိတဲ့ အင်အားရာနဲ့ချီတဲ့ စစ်အုပ်စုဟာ ယခု ဇန်နဝါရီ လလယ်ပိုင်းမှာ ပြန် လှုပ်ရှားလာတာ တွေ့ရတယ်လို့ စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က ဆိုပါတယ်။

အညာဒေသ အထူးသဖြင့် စစ်ကိုင်းတိုင်းထဲ ယခုရက်ပိုင်း စစ်အုပ်စု ပြန်လည်လှုပ်ရှားလာတာ တွေ့ရတယ်လို့ ရွှေဘိုခရိုင် PDF တပ်ရင်း (၁၅) တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက ပြောပါတယ်။

မင်းအောင်လှိုင်က မဟာမိတ် ညီနောင်တွေနဲ့ အပစ်အခတ် ရပ်နားတယ်။ ရပ်နားပြီးတော့ အညာကို ပြန်ပြီးတော့ လိုချင်တဲ့ ပုံစံမျိုးနဲ့ လှုပ်ရှားတယ်လို့တော့ ထင်တယ်”

400205554_350661147541124_6432484933802962748_n.jpg

ဒီပဲယင်းနယ်က စစ်ပြေးပြည်သူတွေ/Photo - CJ

စစ်အုပ်စု အနေနဲ့ အညာကို ပြန်ဖိမယ်ဆိုတာ သေချာပေမယ့် လတ်တလောမှာတော့ ရှမ်းမြောက်က တပ်တွေ ပြန်ရုပ်သိမ်းပြီး အညာကို စစ်ကြောင်းထိုး ဝင်လာတာမျိုး မတွေ့ရသေးဘူးလို့ အညာမှာ စစ်ရေး လှုပ်ရှားနေတဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်း - ERO တစ်ဖွဲ့ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

ရှမ်းမြောက်မှာ အပစ်ရပ်လိုက်လို့ အညာဒေသ ပိုဖိခံရနိုင်ပေမယ့် စစ်အုပ်စု အနေနဲ့ ယခင်ကတည်းက စစ်ကိုင်း အပါအဝင် အညာကို ဖိနှိပ်ဖို့အတွက် အစီအစဉ် ရှိပြီး ဖြစ်မယ်လို့ သူက သုံးသပ်ပါတယ်။

“စစ်ကိုင်းတိုင်းထဲ စစ်ကြောင်းထိုးပြီး လုပ်ရှားဖို့ အတွက်တော့ နဂိုကတည်းက သူတို့ Plan (အစီအစဉ်) ရှိထားဦးမှာပဲ။ သူတို့ Plan ထဲမှာ ကောလင်းကို ပြန်သိမ်းဖို့ ပါကိုပါလိမ့်မယ်။ လက်ရှိ ကောလင်းကို သူတို့က ပတ်ချာလည် ဝိုင်းထားတဲ့ အနေအထားမှာ ရှိတယ်။ ထီးချိုင့်ကိုလည်း မကျအောင် ခုခံမယ်ဆိုတဲ့ အနေအထား ရှိတယ်။ ဆိုတော့ သေချာတယ်၊ စစ်ကိုင်းတိုင်းကိုတော့ သူတို့ ဖိနှိပ်ထားမှာပဲ”

စစ်အုပ်စုဟာ ရှမ်းမြောက် အပါအဝင် ကချင်၊ ချင်း၊ ရခိုင်နဲ့ ကရင်နီပြည်မှာလည်း အစွမ်းကုန် ခုခံခဲ့ပြီး ဘယ်လိုမှ မနိုင်လို့သာ အရှုံးပေးရတာ ဖြစ်ပြီး စည်လုံးမှု အားနည်းသေးတဲ့ အညာကိုတော့ လက်လွတ်မခံဘဲ ပိုမို ထိန်းချုပ်နိုင်ဖို့ ကြိုးစားလိမ့်မယ်လို့ အထက်ပါ ERO တာဝန်ရှိသူက မှတ်ချက်ပြုပါတယ်။

399780754_350661074207798_3034953433387308836_n.jpg

ဒီပဲယင်းနယ်က စစ်ပြေးပြည်သူတွေ/Photo - CJ

စစ်ကိုင်း၊ မကွေး စတဲ့ အညာမှာ တော်လှန်ရေး အားကောင်းပေမယ့် စည်းလုံး ညီညွတ်မှု မရှိသေးတာကြောင့် မြို့သိမ်းတာ၊ စခန်းသိမ်တာလို့ ကြီးမားတဲ့ အောင်မြင်မူတွေ ရရှိဖို့တော့ ခက်ခဲဦးမယ်လို့ သူက ပြောပါတယ်။

အညာ ဖိနှိပ်ခံရရင်တောင် အဲ့တာက တခြားသော စစ်ရေး အခြေအနေတွေထက် အညာက တော်လှန်ရေး အင်အားစု အချင်းချင်းကြား စည်းလုံးညီညွတ်မှု အားနည်းနေသေးတာကြောင့် ဖြစ်မယ်လို့ ERO တာဝန်ရှိသူက ဆိုပါတယ်။

လက်ရှိ အညာမှာ အင်အားသိပ်မများလှတဲ့ ပျူစခန်းတွေကို မသိမ်းနိုင်သေးတာ၊ အင်အား (၈၀)လောက်သာ ပါတဲ့ စစ်ကြောင်းက ရွာမီးရှို့၊ လူသတ်၊ လုယက်နေတာတွေ မဟန့်တားနိုင်သေးတာ စတဲ့ အခြေအနေတွေက အညာ တော်လှန်ရေး အင်အားစုတွေကြား တပ်ပေါင်းစုလိုမျိုး ညီညွတ်မှု မတည်ဆောက် နိုင်သေးတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

399803187_350083890932183_692135505286216244_n.jpg

ဒီပဲယင်းနယ်က စစ်ပြေးပြည်သူတွေ/Photo - CJ

အညာက တော်လှန်ရေး အင်အားစုတွေကြား ညီညွတ်မှု မတည်ဆောက်နိုင်သေးတာ၊ ခိုင်အာမားကောင်းတဲ့ တပ်ပေါင်းစု မရှိတာ စတဲ့ အခြေအနေတွေက စစ်အုပ်စု အကြိုက် ဖြစ်ပြီး အညာမှာ စစ်အုပ်စုက ဆက်လက် ကြီးစိုး သောင်းကျန်းနေမှာ ဖြစ်သလို အညာတော်လှန်ရေး အင်အားစုတွေရဲ့ မညီညွတ်ခြင်းရဲ့ အကျိုးဆက်ကို အညာပြည်သူတွေလည်း ဆက်လက် ခံစားနေရလိမ့်ဦးမယ်လို့ ERO တာဝန်ရှိသူက သတိပေးပါတယ်။

မညီညွတ်ခြင်းရဲ့ ပြဿနာက အများကြီး အကျိုးဆက် ခံစားရဦးမှာပဲ”

#Mandalay_Free_Press_MFP

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ