မန္တလေးမြို့ အောင်မြေသာစံ မင်းတဲအီကင်းက ပျူနှင့် အုပ်ကြီးတွေကို စစ်အုပ်စုက သေနတ် ထုတ်ပေး၊

မန္တလေးမြို့ အောင်မြေသာစံ မင်းတဲအီကင်းက ပျူနှင့် အုပ်ကြီးတွေကို စစ်အုပ်စုက သေနတ် ထုတ်ပေး၊

MFP ၊ သြဂုတ် - ၃

မန္တလေးမြို့မှာ ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းတယ်ဆိုပြီး အာဏာသိမ်း စစ်အုပ်စုက သူတို့ကို သစ္စာခံတဲ့ ပျူနှင့် အုပ်ကြီးတွေကို ဒိနေ့ နေ့လည်ပိုင်း အောင်မြေသာစံမြို့နယ် မင်းတဲအီကင်းရုံးထဲ ခေါ်ပြီး ယူနီဖောင်းနှင့် လက်နက်တွေ ထုတ်ပေးလိုက်တယ်လို့ စစ်လော်ဘီတွေက သတင်း ဖြန့်ပါတယ်။

“အောင်မြေသာစံမြိုနယ်၊ မင်းတဲအီကင်းရပ်ကွက်၊ (၁၉)လမ်း၊ (၈၉)လမ်းနှင့် လမ်း(၉၀)လမ်းကြားရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြည်သူ့လုံခြုံရေးအဖွဲ လက်နက်တပ်ဆင် အပ်နှင်းခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း” ဆိုပြီး စစ်လော်ဘီတွေက သတင်းဖြန့်ပါတယ်။

စစ်အုပ်စုက အခမ်းအနား လုပ်ခဲ့တဲ့ မင်းတဲအီကင်းရုံးဟာ ပြီးခဲ့တဲ့ ၂၀၂၁ နှစ်ဆန်းပိုင်းက မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ရပ်ကွက်ရုံးဖြစ်ပြီး စစ်အုပ်စုနှင့်ပေါင်းကာ သောင်းကျန်းခဲ့တဲ့ အဲ့ဒီ ရပ်ကွက်က အုပ်ကြီးလည်း ရှင်းလင်းခံခဲ့ရ ဖူးပါတယ်။ စစ်အုပ်စုဟာ အဲ့ဒီ ရပ်ကွက်ရုံးကို အစောင့်တွေနဲ့ ပြန်တည်ဆောက်ခဲ့ပြီးနောက် အခုလို အုပ်ကြီးနဲ့ ပျူတွေကို လက်နက် တပ်ဆင်ပေးတာ ဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဇူလိုင်(၃၀)ရက်ကလည်း မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ထွေအုပ်ရုံးမှာ ပျူနှင့် အုပ်ကြီးတွေကို ခေါ်ပြီး ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းတယ်လို့ သတင်းလွှင့်ကာ သေနတ်နှင့် ယူနီဖောင်းတွေ ထုတ်ပေးခဲ့ပါသေးတယ်။ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက် အုပ်ကြီး အပါအဝင် ပျူတွေကို သေနတ် အတို(၁၀)လက်နှင့် ကျည်(၇၀)တောင့် ထုတ်ပေးလိုက်တာလို့ စစ်လော်ဘီတွေက ဆိုပါတယ်။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှာ ပြည်သူ့စစ်အဖွဲ့ ဖွဲ့စည်းတယ်လို့ ဆိုပြီး စစ်အုပ်စုက ဒိနေ့ နေ့လည်ပိုင်း အရပ်ဝတ်တွေကို ယူနီဖောင်းနှင့် လက်နက်တွေ ထုတ်ပေးလိုက်တယ်လို့ စစ်လော်ဘီတွေက သတင်း ဖြန့်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ၂၀၂၁ နှစ်လည်ပိုင်းကတည်းက စစ်အုပ်စုက သူတို့ရဲ့ လက်ပါဒစေ ပျူနှင့် အုပ်ကြီးတွေကို သေနတ် ထုတ်ပေးထားတယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် အခုမှသာ တရားဝင် သေနတ်ထုတ်ပေးတာ ဖြစ်မယ်လို့ ဒေသခံတချို့က သုံးသပ်ပါတယ်။

စစ်အုပ်စုဟာ မန္တလေးမြို့မှာ ရပ်ကွက်တွေ၊ လမ်းတွေ ပိတ်ဆို့ စစ်ဆေးတာ၊ ပြည်သူတွေကို ဖမ်းဆီးငွေညှစ်တာ၊ ဥပဒေမဲ့ ထင်တိုင်းကျဲ သတ်-ဖြတ်တာတွေလည်း လုပ်ဆောင်နေပါတယ်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် မင်းတဲအီကင်းရပ်ကွက်ရုံးမှာ ပြည်သူ့လုံခြုံရေးအဖွဲ့ ဆိုပြီး စစ်အုပ်စုက ပျူနှင့် အုပ်ကြီးတွေကို သေနတ် ထုတ်ပေးစဉ်/Photo – S

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အောင်မြေသာစံ #မင်းတဲအီကင်း #ပြည်သူ့စစ်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ