ကလောင်စွမ်းနဲ့ အမှောင်ခွင်းဖို့ ကြိုးစားနေတဲ့ မသန်စွမ်း သတင်းထောက်

ကလောင်စွမ်းနဲ့ အမှောင်ခွင်းဖို့ ကြိုးစားနေတဲ့ မသန်စွမ်း သတင်းထောက်

ရေးသူ - ကိုသူ (MFP)၊ ဆောင်းပါး၊

စစ်အာဏာသိမ်းပြီးနောက် သတင်းမီဒီယာ လွတ်လပ်ခွင့် ဆိတ်သုဉ်းခဲ့ပေမယ့် မြန်မာနိုင်ငံက ရာထောင်ချီတဲ့ သတင်းသမားတွေဟာ အသက် အန္တရာယ်ကြား‌ကပဲ သတင်းအလုပ်ကို ဆက်လက် လုပ်ကိုင် နေကြပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံ (၁၈၀)အနက် သတင်းမီဒီယာ လွတ်လပ်ခွင့် အဆိုးရွားဆုံး (၁၀)နိုင်ငံထဲမှာ ပါဝင်တယ်လို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ - RSF က ၂၀၂၃ နှစ်ကုန်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ ဒီနေ့အထိ မြန်မာနိုင်ငံတဝန်း အာဏာသိမ်း စစ်အုပ်စုက ဖမ်းဆီးထောင်ချထားတဲ့ သတင်းထောက် (၆၂)ဦး ရှိတယ် လို့လည်း RSF က ဆိုပါတယ်။

စစ်အုပ်စုဟာ သူတို့ ဖမ်းမိတဲ့ သတင်းထောက်တွေကို အကြီးလေးဆုံး ပြစ်ဒဏ်တွေ ချမှတ်သလို လက်စဖျောက် သတ်ဖြတ်တာတွေပါ ရှိခဲ့ပါတယ်။

အဲ့ဒီလို အသက် အန္တရာယ်ပါ ကြုံရနိုင်တဲ့ အခြေအနေကြား သတင်းအလုပ်ကို ဆက်လက် လုပ်ကိုင်နေဆဲ မသန်စွမ်း သတင်းစာဆရာ တစ်ဦး ရှိပါတယ်။

သူက ချင်းလုံတူဒေး သတင်းဌာန (Chinlung Today) က ချင်းတိုင်းရင်းသား သတင်းထောက် ဆလိုင်းမားဇွန်း (Salai Mazawn) ပါ။

3.png

ချင်းတိုင်းရင်းသား မသန်စွမ်း သတင်းစာဆရာ ဆလိုင်း မားဇွန်း/ဓာတ်ပုံ - MFP

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ နေထိုင်တဲ့ မသန်စွမ်း သတင်းစာဆရာ ဆလိုင်းမားဇွန်း ဟာ ဒီနေ့အထိ သတင်း မီဒီယာ အလုပ်ကို ဆက်လက် လုပ်ကိုင်နေဆဲပါ။

မသန်စွမ်း သတင်းစာဆရာ ဆလိုင်းမားဇွန်း နေထိုင်တဲ့ ကလေးမြို့ဟာ နွေဦးတော်လှန်ရေးမှာ စစ်အုပ်စုကို ပထမဆုံး လက်နက်ကိုင် တော်လှန်ခဲ့ရာ နေရာဖြစ်သလို စစ်အုပ်စုက ပြည်သူတွေကို ဖမ်းဆီးတာ၊ ပစ်သတ်တာတွေ နေ့စဉ်နီးပါး ကျူးလွန်နေတဲ့ ဒေသပါ။ စစ်အာဏာသိမ်းတဲ့ သုံးနှစ်ကျော်အတွင်း ကလေးမြို့နယ်မှာ စစ်အုပ်စုရဲ့ ဖမ်းဆီးခံရသူ (၁၅၀၀)ကျော် ရှိသလို စစ်အုပ်စုရဲ့ သတ်ဖြတ်ခြင်း ခံရသူ (၃၀၀)ကျော် ရှိပါတယ်။ ဒါ့အပြင် သုံးနှစ်ကျော်အတွင်း စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ အကြိမ်ရေ ထောင်ချီ ဖြစ်ပွါးခဲ့ပါတယ်။

အဲ့ဒီလို အကြမ်းဖက်မှုတွေ တင်းကြမ်းပြည့်နေတဲ့ ကလေးမြို့နယ်မှာ နေထိုင်ရင်း ပြည်သူတွေ သတင်းမှန် သိနိုင်ဖို့ မသန်စွမ်း သတင်းထောက် ဆလိုင်းမားဇွန်းက ကြိုးစားနေပါတယ်။

အသက်(၂၅)နှစ်အရွယ် ဆလိုင်းမားဇွန်း (Salai Mazawn)ဟာ မွေးရာပါ မသန်းစွမ်းသူ တစ်ဦး ဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ သတင်းမီဒီယာ သမားအဖြစ် စတင် လုပ်ကိုင်ခဲ့သူပါ။

သူဟာ သတင်းလောက မ၀င်ရောက်ခင် ချင်းတိုင်းရင်းသား ဘာသာစကားနဲ့ ကဗျာ၊ ရသစာပေကို ဒေသတွင်းက ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ ရေးသားခဲ့ပြီးတော့ နိုင်ငံခြား သတင်းတွေကိုလည်း ချင်းဘာသာစကားနဲ့ ပြန်လည် ရေးသား ထုတ်ဝေတဲ့ အလုပ်တွေ လုပ်ကိုင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။

သတင်းသမားတစ်ယောက် ဖြစ်လာပုံနဲ့ ပတ်သက်ပြီး သူက

"ကျနော်တို့ တိုင်းရင်းသား ဘာသာစကားနဲ့ ခိုင်မာတဲ့သတင်းဌာန ရှိဖို့ ဆန္ဒရှိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာစကား နားမလည်တဲ့သူ အများကြီး ရှိတယ်။ ကျနော်တို့ ပတ်ဝန်းကျင်မှာ ဖြစ်၊ပျက်နေတဲ့ အရာတွေကို မှန်ကန်တဲ့ သတင်း သိရှိစေချင်တဲ့ ဆန္ဒနဲ့ သတင်းထောက်လောကကို ၀င်ရောက်ဖို့ရန် တွန်အား ဖြစ်စေခဲ့တယ်"

4.png

ချင်းတိုင်းရင်းသား မသန်စွမ်း သတင်းစာဆရာ ဆလိုင်း မားဇွန်း/ဓာတ်ပုံ - MFP

သူဟာ သတင်းထောက်ဘ၀ စတင် ခြေလှမ်းနိုင်ဖို့ ရန်ကုန်မှာ ရှိတဲ့ သတင်း ပညာ သင်ကြားပေးတဲ့ သင်တန်းကျောင်း သုံးကျောင်းမှာ အချိန်ပိုင်း တက်ရောက်ခဲ့ပါတယ်။

ဒီလို သင်ယူပြီးနောက်မှာတော့ ချင်းလုံတူဒေး မီဒီယာကို တည်ထောင်ပြီး ချင်းတိုင်းရင်းသား၊ ဖလမ်းဘာသာ စကားနဲ့ လက်ရှိအချိန်ထိ ရေးသားထုတ်ဝေနေပါတယ်။ ၂၀၁၇ ကတည်းက တည်ထောင်ခဲ့တဲ့ Chinlung Today (ချင်းလုံတူဒေး) သတင်းဌာနဟာ ဒေသတွင်း သတင်းတွေကို ချင်းတိုင်းရင်းသား ဖလမ်း ဘာသာစကားနဲ့ နေ့စဉ် ထုတ်ဝေနေပါတယ်။

အခုလို သတင်းအလုပ်ကို ကျားကုတ်ကျားခဲ လုပ်ကိုင်နေတဲ့ သူ့ကို စစ်အုပ်စုက ဖမ်းဆီးဖို့ စောင့်ကြည့်တာတွေ၊ ရပ်ကွက်အတွင်း သွားလာနေချိန် နောက်ယောင်ခံ၊ ခြေရာခံ လိုက်တာတွေ၊ သတင်းရင်းမြစ်တွေကို ဖုန်းဆက်သွယ် မေးမြန်းချိန် ကြားဖြတ် နားထောင်တာတွေ ကြုံတွေ့ရတယ်လို့ ဆလိုင်း မားဇွန်းက ပြောပါတယ်။

"စစ်တပ်က လူငယ်တွေ ဖမ်းကြတယ်။ ဖမ်းခံရတဲ့ သူတွေကို ကျနော့် ဓါတ်ပုံကို ပြပြီး သူ့ကို သတင်းထောက် ဟုတ်သလား။ သူ့ကို သိသလားဆိုတာ မေးခဲ့တယ်။ သူတို့ ပြန်လွတ်လာတဲ့ အချိန်မှာ ကျနော်ကို ပြောပြတာပေါ့"

စစ်အာဏာသိမ်းပြီးနောက် သတင်းရယူဖို့ ကြိုးစားရင်း အသက်အန္တရာယ် ကျရောက်နိုင်တဲ့ အခြေအနေ တချို့လည်း ကြုံခဲ့ရတယ်လို့ သူက ပြောပါတယ်။

"အမှတ်တရကတော့ အများကြီးပေါ့။ ကျနော်တို့ မရောက်ခင်မှာ စစ်တပ်က ဆန္ဒပြသပိတ် ဖြိုခွဲတယ်။ လူမရှိတော့ဘူး။ အဲ့ဒီအချိန်မှာ ကျနော်တို့ ဘာလုပ်မလဲဆိုတာ စဉ်စားပြီးတော့ စစ်တပ် အပြန်လမ်းကို အနီးကပ်နဲ့ လိုက်ပြီးတော့ လက်ကတုန်ကရင်နဲ့ ဓါတ်ပုံရိုက်ခဲ့တယ်။ အဲ့ဒီအချိန်မှာ ကျနော်တို့ ဘေးမှာ ဆိုင်ကယ်တစ်စီးက လမ်းဖြတ်ကူးတာကြောင့် ကျနော့် ဆိုင်ကယ်အရှိန်ကို မထိန်းနိုင်လို့ ကျနော်တို့က လဲခါနီးလေး ကျနော်က ခြေထောက်လဲ မကောင်းဘူးဆိုတော့ ဖုန်းတစ်လုံးနဲ့ ဓါတ်ပုံ ခိုးရိုက်တယ်ဆိုတော့ ကျနော်က ဆိုင်ကယ်ကနေ ကျခါနီးနီးပေါ့။ အဲလိုဖြစ်သွားတာ။ ကျနော့်အသက်တောင် ရှုံးခါနီးနီး ဖြစ်သွားတာပေါနော့် အသက်တောင် ရှုံးခါနီးနီးဖြစ်သွားတာပေါ့”

“တစ်နေ့တော့ ဧပြီလမှ တရုတ်အလံကို မီးရှို့တဲ့ အချိန်မှာ ဓါတ်ပုံရိုက်ဖို့သွားခဲ့တယ်။ အဲ့ဒီအချိန်မှာ သူတို့က ခံတပ်သမားတွေ တူမီးသေနတ်ဖောက်တယ်ဆိုတော့ ၊ကျနော်တို့လည်း အကြောက်အလန့်နဲ့ သစ်ပင်အောက် ပုန်းနေတာပေါ့နော်။ အဲ့လိုဖြစ်သွားတယ်။ အဲ့ဒါလဲ အမှတ်တရတစ်ခု ဖြစ်သွားတယ်"

5.png

ချင်းတိုင်းရင်းသား မသန်စွမ်း သတင်းစာဆရာ ဆလိုင်း မားဇွန်း/ဓာတ်ပုံ - MFP

လက်ရှိမှာတော့ သူ တည်ထောင်ထားတဲ့ ချင်းလုံတူ‌ဒေး မီဒီယာဟာ ဆက်လက် ရပ်တည်ဖို့အတွက် ငွေကြေး၊ သတင်းထောက် ရှားပါးမှုနဲ့ ကြုံနေရပြီး ပိတ်သိမ်းရတော့မယ့် အခြေအနေ ကြုံနေရတယ်လို့ သူက ပြောပါတယ်။

"ကျနော်တို့ မီဒီယာက ကိုယ့်အိတ်စိုက်နဲ့ အလုပ်လုပ်နေခဲ့တယ်။ သတင်းသမားတွေလည်း မခေါ်နိုင်ဘူး။ ကိုယ် တစ်ယောက်တည်း အလုပ်လုပ်နေရတယ် ဆိုတော့ တဖက်မှာတော့ မလွယ်ဘူး။ အလုပ်တောင်နားဖို့ စဉ်းစားနေတယ်"

ဒီလို အခက်ခဲတွေ ရှိနေပေမယ့် သတင်းလောကကို မစွန့်ခွာနိုင်သေးတာကြောင့် အခက်အခဲ၊ အန္တရာယ်ကြားက ဆက်လက် သတင်းရေးသားနေတယ်လို့ သူက ပြောပါတယ်။

"ကျနော်က ခြေထောက်လည်း မကောင်းဘူးဆိုတော့ ဆိုင်ကယ်စီးလည်း မစီးနိုင်ဘူး။ သတင်းယူသွားမယ့် သူငယ်ချင်းတွေ ရှိရင်တော့ ကျနော့်ကို ခေါ်ဖို့ ပြောတယ်။ သူတို့နဲ့ အတူတူ သွားတာ အဆင်မပြေဘူးဆိုရင် လိုက်ပို့ပေးရန် သူငယ်ချင်းတွေ အကူအညီ တောင်းတယ်။ လုံခြုံရေး ဂိတ် အများကြီး ရှိတယ်။ လုံခြုံရေးဂိတ်တွေရှိတဲ့ နေရာဆိုရင် လုံခြုံရေး ဂိတ်ကို ရှောင်ပြီး သွားတယ်။ သွားလို့ မရတဲ့ အခြေအနေမှာတော့ ဖုန်းနဲ့ဆက်တယ်"

1.png

ချင်းတိုင်းရင်းသား မသန်စွမ်း သတင်းစာဆရာ ဆလိုင်း မားဇွန်း/ဓာတ်ပုံ - MFP

သူဟာ တိုက်ပွဲဇာတ်လမ်း၊ ထောက်လှမ်းရေးရုပ်ရှင်၊ ပရီးမီးယား ဘောလုံးပွဲ ကြည့်ရတာတွေကို ဝါသနာပါပြီးတော့ သူ့ခြေထောက် ကောင်းရင် စစ်အုပ်စုကို ဆန်ကျင်တဲ့ တော်လှန်ရေးသမားတစ်ဦး ဖြစ်မယ်လို့ သူက ပြောပါတယ်။

"ကျနော် ခြေထောက် ကောင်းတယ်ဆိုရင်တော့ တော်လှန်ရေးသမား တစ်ယောက် ဖြစ်လာမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တော်လှန်ရေးသမားတွေ‌ လေးစားပါတယ်။ အထင်ကြီးပါတယ်။ ကျနော်က ငယ်ငယ်တုန်းကနေ အခုထိ တိုက်ပွဲ ဇာတ်လမ်း၊ ထောက်လှမ်းရေး ဇာတ်လမ်းတွေ ကျနော် စိတ်၀င်စားပါတယ်”

သူဟာ လက်ရှိအချိန်ထိ သတင်းရေးသား ထုတ်ဝေနေပြီးတော့ အနာဂါတ်မှာ ချင်းပြည်နယ်အတွက် အားထားရတဲ့ သတင်းဌာနတစ်ခု တည်‌ထောင်ဖို့ ဆန္ဒရှိတယ်လို့ ပြောပါတယ်။

“ကျနော်တို့ဘက်မှာ တိုက်ပွဲက အမြဲဖြစ်နေကြတယ်။ ပြည်သူတွေက သတင်းအမျိုးမျိုး သိကြတယ်။ တချို့တွေက သတင်း အမျိုးမျိုးကြောင့် ကြောက်လန့်နေတယ်။ ဘယ်လိုမျိုး နေထိုင် ရမလဲဆိုတာ မစဉ်းစား နိုင်လောက်အောင် ဖြစ်နေကြတယ်။ ဒါကြောင့်မို့လို့ သတင်းမီဒီယာတွေက ပြည်သူတွေကို ဒီလို မဖြစ်အောင် သတင်း အမှန် ရေးဖို့ လိုအပ်တယ်။ ကိုယ့်အသိုင်းအဝိုင်း၊ ကိုယ့်ဘာသာစကား၊ ကိုယ်ဖတ်တတ်တဲ့ သတင်း အမှန်ကို သိဖို့ လိုအပ်ပါတယ်"

2.png

ချင်းတိုင်းရင်းသား မသန်စွမ်း သတင်းစာဆရာ ဆလိုင်း မားဇွန်း/ဓာတ်ပုံ - MFP

#Mandalay_Free_Press_MFP

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ