ကန့်ဘလူနယ်မှာ နှစ်ရက်အတွင်း စစ်ပြေးပြည်သူ သုံးဦး ပိုးထိ၊ ငါးလအတွင်း (၂၀)ကျော် ပိုးထိကာ နှစ်ဦး အသက်ဆုံးပါးခဲ့ပြီး မြွေဆိပ်ဖြေဆေး အရေးပေါ် လိုအပ်နေ၊

ကန့်ဘလူနယ်မှာ နှစ်ရက်အတွင်း စစ်ပြေးပြည်သူ သုံးဦး ပိုးထိ၊ ငါးလအတွင်း (၂၀)ကျော် ပိုးထိကာ နှစ်ဦး အသက်ဆုံးပါးခဲ့ပြီး မြွေဆိပ်ဖြေဆေး အရေးပေါ် လိုအပ်နေ၊

MFP၊ အောက်တိုဘာ - ၉

စစ်ကိုင်းတိုင်း ကန့်ဘလူမြိုနယ်ထဲ စစ်အုပ်စုက ရွာစဉ်ပတ်မွှေ လုယက် သောင်းကျန်း သတ်ဖြတ်နေလို့ အိမ်မှာ မနေဝံ့ဘဲ ထွက်ပြေးနေရတဲ့ စစ်ပြေးပြည်သူတွေ မြွေဆိုးအန္တရာယ် ဆိုးရွားစွာ ရင်ဆိုင်နေရပြီး နှစ်ရက်အတွင်း စစ်ပြေးပြည်သူ သုံးဦး ပိုးထိ (မြွေကိုက်ခံရ)တယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ဖော်ပြပါတယ်။

အောက်တိုဘာ(၉)ရက် မနက်ပိုင်း ကန့်ဘလူနယ် မြောက်ခြမ်းက အသက်(၃၀)နှင့် အသက်(၁၄)နှစ်အရွယ် စစ်ပြေးပြည်သူ အမျိုးသားနှစ်ဦး ပိုးထိခဲ့သလို ဒီနေ့ အောက်တိုဘာ(၁၀)ရက်မှာလည်း အသက်(၂၃)နှစ်အရွယ် လူငယ်တစ်ဦး ထပ်မံ မြွေကိုက်ခံရတယ်လို့ ဆိုပါတယ်။

ပိုးထိထားတဲ့ (၁၄)နှစ်အရွယ်ကလေးမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေရှိပြီး ဒေသခံ စေတနာ့ဝန်ထမ်း ကျန်းမာရေးအဖွဲတွေက ကုသစောင့်ရှောက်မှုပေးထားတယ်လို ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

"ကိုက်တာက မြွေပွေးပါဗျ။ ကျွန်တော်တို ဒေသအခေါ် ပိုးထိတာလိုလည်း ခေါ်ပါတယ်။ လောလောဆယ်တော့ ကလေးကို တခြားလွှဲရတာမျိုးတော့ မရှိသေးပါဘူး"လို အဲဒီဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

ဒီမနက် ပိုးထိတဲ့ အသက်(၂၃)နှစ်အရွယ် လူနာကိုမူ မြွေဆိပ်ဖြေဆေး သုံးလုံး ထိုးပေးထားပြီး သက်သာတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုပါတယ်။

''အခုလက်ထဲမှာ မြွေဆိပ်ဖြေဆေး သုံးလေးလုံးသာ လက်ထဲကျန်တော့တာ ၊ ဒါပြီးရင် နောက်လူနာ နှစ်ယောက်ဆို အသက်ကယ်လို့ရတော့မှာ မဟုတ်ဘူး ၊ ဒါ့ကြောင့် ပြည်တွင်းပြည်ပ အဆက်အသွယ်ရှိသူတွေကို မြွေဆိပ်ဖြေဆေး လှူဒါန်းပေးကြဖို့ ပြောချင်ပါတယ်၊ မြွေဆိပ်ဖြေဆေးကတော့ BPI နဲ့ India ထုတ် နှစ်မျိုးရှိတာ ၊ BPI ကတော့ ပိုကောင်းတာပေါ့ ထိုးရတဲ့ အလုံးအရေအတွက်က နည်းတယ် ၊ India ထုတ်ကတော့ Antitoxin (မြွေဆိပ်ခုခံနိုင်သည့်)ပမာဏပါတာ နည်းတော့ ထိုးရတဲ့အလုံးအရေတွက် များတာပေါ့။ (၁၆)လုံး၊ (၁၈)လုံးအထိ ထိုးရတာမျိုးတွေ ရှိတယ်'' လို့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဒေသခံ ကျန်းမာရေး ဝန်ထမ်းက ပြောတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ဖော်ပြပါတယ်။

မြွေကိုက်ခံရသူများအား မြွေဆိပ်ဖြေဆေး ထိုးပေးရာတွင် ယခင်က ဆေးတစ်လုံးကို ကျပ် (၅၀,၀၀၀)ခန့်သာ ရှိခဲ့ရာမှ ယခု ဆေးတစ်လုံးကို ကျပ် (၈၅,၀၀၀)အထိပေးနေရပြီး လူနာတစ်ဦးလျှင် အနည်းဆုံးဆေးသုံးလုံးမှ အများဆုံး ခုနစ်လုံးအထိ ထိုးနှံပေးရတယ်လို အကူအညီပေးနေသူတွေက ဆိုပါတယ်။

ကန့်ဘလူမြိုနယ်မြောက်ခြမ်းမှ စစ်ဘေးရှောင်ပြည်သူများတွင် ၂၀၂၂ ခုနှစ် ဇွန်လမှ ယခုအောက်တိုဘာအထိ စစ်ဘေးရှောင်ရင်း မြွေကိုက်ခံရသူ (၂၀)ဦးရှိခဲ့ပြီး ယင်းအနက် နှစ်ဦးမှာ အသက်ဆုံးရှုးခဲ့ရပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကန့်ဘလူ #မြွေပွေး #မြေါဆိပ်ဖြေဆေး 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ