စိတ်ဖီစီးမှု လျော့ကျပြီး စိတ်ကျန်းမာရေး တိုးတက်ကောင်းမွန်စေဖို့ အကြံပြုချက်များ

စိတ်ဖီစီးမှု လျော့ကျပြီး စိတ်ကျန်းမာရေး တိုးတက်ကောင်းမွန်စေဖို့ အကြံပြုချက်များ

MFP ၊ စက်တင်ဘာ - ၁၈

စိတ်ကျန်းမာရေး ထိခိုက်မှုဆိုတာ အသက်အရွယ်၊ ကျား၊မ မရွေး၊ ဆင်းရဲချမ်းသာ မရွေး လူတိုင်းမှာ ဖြစ်ပေါ် ခံစားရနိုင်ပါတယ်။

လက်ရှိကာလ မြန်မာနိုင်ငံရေး အခြေအနေတွေက မြန်မာနိုင်ငံသား အများစုကို စိတ်ဖိစီးမှုတွေ ဖြစ်စေနိုင်ပြီး အဲ့ဒီကတဆင့် စိတ်ကျန်းမာရေး ထိခိုက်မှုတွေ ခံစားရ စေနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်တာ မရှိရင် ရေရှည်မှာ ပိုမိုဆိုးရွားတဲ့ စိတ်ကျန်းမာရေး ထိခိုက်မှုတွေ ဖြစ်စေနိုင်တာပါ။

စိတ်ကျန်းမာရေး ထိခိုက်ပြီဆိုရင် နေ့စဉ်လူနေမှု ဘဝထဲ ပြုမူဆက်ဆံပုံတွေက အစ ပေါင်းသင်းဆက်ဆံရေး၊ အဆုံး အရာအားလုံးကို ထိခိုက်စေနိုင်တာမို့ စိတ်ကျန်းမာရေး ကောင်းမွန်ဖို့က လူတိုင်းအတွက် အရေးပါ ပါတယ်။

စိတ်ကျန်းမာရေး ထိခိုက်မှုဆိုတာ ထိန်းမနိုင်၊ သိမ်းမရအောင် သတိလက်လွတ်၊ စိတ်လွတ် လက်လွတ် ဖြစ်တာကို ဆိုလိုတာ မဟုတ်ပါဘူး။ သာမန်ထက် စိုးရိမ်စိတ်တွေ သိသိသာသာ လွန်ကဲလာတာ၊ စိတ်ဓာတ်ကျ လွယ်တာ၊ စိတ်အတက်အကျ မြန်တာ၊ စိတ်ဖိစီးမှုတွေနဲ့ အသားကျနေတတ်တာ၊ ဖြတ်သန်းလာရတဲ့ ဘဝအတွေ့အကြုံတွေထဲက မေ့ဖျောက်ဖို့ခက်တဲ့ ဆိုးရွားတဲ့ ဖြစ်စဉ်တွေကြောင့် စိတ်ဒဏ်ရာတွေ ခံစားနေရတာ၊ အဖက်ဖက်က ဖိအားတွေကြောင့် အစာစားချင်စိတ်တွေ လွန်ကဲလာတာ စတာတွေဟာ စိတ်ကျန်းမာရေး ထိခိုက်တဲ့ လက္ခဏာတွေထဲက တချို့ဖြစ်ပါတယ်။

စိတ်ကျန်းမာရေး လက္ခဏာတွေထဲမှာ စိတ်ကျရောဂါနဲ့ စိုးရိမ်စိတ်လွန်ကဲတဲ့ ရောဂါလက္ခဏာတွေဟာ အတွေ့ရ အများဆုံး ဖြစ်တယ်လို့ နိုင်ငံတကာ စိတ်ကျန်းမာရေး ပညာရှင်တွေ၊ လေ့လာမှု စစ်တမ်းတွေမှာ ဖော်ပြပါတယ်

ကမ္ဘာ့လူဦးရေ သန်း(၇၀၀၀)ကျော်အနက် သန်း(၃၀၀)ကျော်ဟာ စိတ်ကျရောဂါ ခံစားနေကြရပြီး အမျိုးသားတွေထက် အမျိုးသမီးတွေမှာ စိတ်ကျရောဂါ ခံစားနေရတာ ပိုမို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

စိတ်ဖိစီးမှုတွေကြောင့် စိတ်ကျန်းမာရေး ထိခိုက်လာပြီဆိုရင် စိတ်ပိုင်းဆိုင်ရာ အမူအကျင့်တွေက မသိမသာကနေ သိသိသာသာ ပြောင်းလဲလာတတ်ပါတယ်။ ထင်ရှားတဲ့ အချက်တွေကတော့

- စိတ်ခံစားမှုတွေ အချိန်တိုအတွင်း မကြာခဏ ပြောင်းလာတာ (စိတ်အတက်အကျ မြန်လွန်းလာတာ)

- အာရုံစိုက်မှုတွေ လျော့နည်းလာတာ

- အိပ်တဲ့ အမူအကျင့်တွေ ပြောင်းလာတာ (အိပ်ချိန် နည်းလာတာ၊ များလာတာ ၊ ပြောင်းလဲလာတာ)

- အားအင်တွေ ကုန်ခမ်းလွယ်လာတာ

- တခုခုကို တုံံ့ပြန်မယ်ဆိုရင် ခက်ခဲနေတတ်တာ (ဆုံးဖြတ်ချက်တွေ အလွယ်တကူ မချနိုင်တာ)

- အစားစားချင်စိတ်တွေ ခဏခဏဖြစ်နေတာ (ခန္ဓာကိုယ်အလေးချိန် ပြောင်းလဲလာတာ)

- အသေးအမွှားလေးက အစ ကိုယ့်စိတ်ကို မထိန်းချုပ်နိုင်တာ တွေ ဖြစ်ပါတယ်။

စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အချက်တွေ အများကြီးထဲက အဓိကကျတဲ့ အချက် သုံးချက် ရှိပါတယ်။ မျိုးရိုးလိုက်တာ၊ တွေ့ကြုံဖြတ်သန်းခဲ့ရတဲ့ စိတ်ဒဏ်ရာတွေ (ကလေးဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ဆိုးတွေ ကြောင့် ဖြစ်နိုင်သလို လတ်တလော ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဖြစ်ရပ်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။)၊ ဦးနှောက်အတွင်းက ဇီဝကမ္မဖြစ်စဉ် (ဓာတ်တွေ) အချိုးအစား ပမာဏ ညီမျှမှု မရှိတာ စတဲ့ သုံးချက် ဖြစ်ပါတယ်။

စိတ်ဖိစီးမှု လျော့ကျပြီး စိတ်ကျန်းမာရေး တိုးတက်ကောင်းမွန်စေဖို့ လူတိုင်း အလွယ်တကူ လိုက်ပါ ဆောင်ရွက်သင့်တဲ့ အချက်(၁၀)ချက်ကို မီချီဂန်တက္ကသိုလ်က ကျန်းမာရေးဝန်ဆောင်မှု အနေနဲ့ ဖော်ပြထားတာ ရှိပါတယ်။ အဲ့တာတွေကတော့ -

(၁) မိမိကိုယ်မိမိ တန်ဖိုးထားပါ။ (တခြားသူတွေနဲ့ နှိုင်းယှဉ်တာ မလုပ်ပါနဲ့)

(၂) ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကိုလည်း ကျန်းမာအောင် ဂရုစိုက်ပါ။

(နေ့စဉ် စားသောက်နေထိုင်ပုံကို စနစ်တကျစီမံပြီး ကျန်းမာစေရေး ဂရုစိုက်ပါ။)

(၃) ကိုယ့်အကျိုး လိုလားသူ၊ အမှန်တကယ် ကိုယ့်အပေါ် ကောင်းတဲ့သူတွေကိုသာ ကိုယ့်ဘေးမှာထားပါ။

(၄) ကိုယ့်အတွက်ကိုယ် အချိန်ပေးပါ။

(ကိုယ်လုပ်ချင်တာတွေ၊ ကိုယ်ပျော်မယ့်အရာတွေကို အချိန်ပေးပြီး နေ့စဉ်လုပ်ပါ။)

(၅) စိတ်ဖိစီးမှုတွေ ဝင်လာရင် သတိထားပြီး ကိုယ့်စိတ်ကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ပါ။

(၆) စိတ်ကို အချိန်တော်တော်များများ တည်ငြိမ်အောင် ထားပါ။

(တတ်နိုင်ရင် အသက်ရှုလေ့ကျင့်ခန်းလုပ်တာ၊ တရားထိုင်တာတွေ နေ့စဉ်အချိန်ပေးလုပ်ပါ။)

(၇) ဖြစ်နိုင်ချေရှိတဲ့ လက်တွေ့ဆန်တဲ့ ရည်မှန်းချက်တွေကိုသာ ထားပါ။

(မဖြစ်နိုင်တဲ့ အလှမ်းဝေးလွန်းတဲ့ အရာတွေကို ရဖို့အတွက် ဖိအားတွေ ထပ်မဖြစ်ပါစေနဲ့။)

(၈) ကိုယ်လုပ်နေကျ အလုပ်တွေနဲ့ ကွဲထွက်တဲ့ (လုပ်နေကျ မဟုတ်တဲ့၊ အန္တရာယ်လည်း မရှိတဲ့) အသစ်အဆန်း အရာတွေကို လုပ်ဆောင်ကြည့်ပါ။ (ဥပမာ - မစားဘူးတဲ့ စားသောက်ဆိုင်မှာ စားတာ၊ မရောက်ဖူးသေးတဲ့ နေရာကို သွားတာ ၊ မချက်ဘူးသေးတဲ့ ဟင်းတစ်မျိုးမျိုးကို ချက်ကြည့်တာ…စသဖြင့် )

(၉) အရက်တွေ ၊မူးယစ်စေတဲ့ ဆေးဝါးတွေကို တတ်နိုင်သမျှ ရှောင်ပါ။

(ဒါတွေဟာ ဖြစ်ပေါ်နေတဲ့ စိတ်ဖိစီးမှုတွေကို လတ်တလောမှာ ပြေပျောက်စေနိုင်တယ်လို့ ထင်ကောင်း ထင်ရနိုင်ပေမယ့် နောက်ပိုင်းမှာ အရက်စွဲတာ၊ ဆေးစွဲတာတွေကြောင့် စိတ်ကျန်းမာရေးကို ပိုပြီး ထိခိုက် စေနိုင်ပါတယ်။)

(၁၀) ကိုယ့်ရဲ့ စိတ်ကျန်းမာရေး တိုးတက်ကောင်းမွန်လာအောင် ဆွေးနွေးတိုင်ပင်ဖို့ အထောက်အပံ့ လိုတယ်လို့ ယူဆနေရင်လည်း ဆွေးနွေးဖို့ အထောက်အပံ့ရယူပါ။

စိတ်ကျန်းမာရေး ပြဿနာတွေနဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေအတွက် ပြည်သူတွေ အခမဲ့ လာရောက် တိုင်ပင်ဆွေးနွေးဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)ရဲ့ ကျန်းမာရေးဝန်ကြီးဌာန ကလည်း အသိပေး ကြေညာထားပါတယ်။

- တယ်လီကျန်းမာ အခမဲ့ အွန်လိုင်းဆေးခန်း

- တိုင်ပင်ဖော် ဝန်ဆောင်မှု

- Mind Healers -စိတ်ခွန်အားပေးသူများ

စတဲ့ နေရာတွေကို ဖေ့စ်ဘွတ်ခ်နှင့် လူမှုကွန်ယက်တွေကတဆင့် ဆက်သွယ်ချိတ်ဆက်ပြီး စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေကို အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်တယ်လို့ NUG က အသိပေး ကြေညာထားပါတယ်။

Ref - 7 Signs of a Mental Health Condition – ThinkHealth

Ten Things You Can Do for Your Mental Health – University Health Service, University of Michigan.

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #စိတ်ကျန်းမာရေး #mentalhealth

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ