စစ်အုပ်စု အပိုင်စီးထားတဲ့ မြေတွေ ရောင်းချမှု ဒေါ်လာသန်း(၄၀)နီးပါး ရရှိထား၊ မန္တလေး ရေတံခွန်တောင်မြေကွက်တွေ ရောင်းကောင်းလို့ အကွက်(၂၀၀) ထပ်ရောင်းမယ်၊

စစ်အုပ်စု အပိုင်စီးထားတဲ့ မြေတွေ ရောင်းချမှု ဒေါ်လာသန်း(၄၀)နီးပါး ရရှိထား၊ မန္တလေး ရေတံခွန်တောင်မြေကွက်တွေ ရောင်းကောင်းလို့ အကွက်(၂၀၀) ထပ်ရောင်းမယ်၊

MFP ၊ အောက်တိုဘာ - ၃၁

စစ်အုပ်စု အပိုင်စီးထားတဲ့ မြေတွေကို နွေဦးတော်လှန်ရေး ရံပုံငွေ ရရှိဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က နွေဦးရင်းနှီးမြုပ်နှံမှု အစီအစဉ်အဖြစ် အကွက်ရိုက် ရောင်းချရာမှာ ရန်ကုန်နှင့် မန္တလေး စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း(၄၀)နီးပါး ရုံပုံငွေ ရရှိနေပြီလို့ NUG ရဲ့ အာဏာရှင် အဆုံးသတ် နိဂုံး (EOD) က သတင်း ထုတ်ပြန်ပါတယ်။

ရန်ကုန်မြို့က စစ်အုပ်စု အပိုင်စီးထားတဲ့ မြေတွေကို နွေဦးရန်ကုန် ရင်းနှီးမြုပ်နှံမှု စီမံကိန်းအဖြစ် Phase (၁)နှင့် Phase (၂)အဖြစ် ရောင်းချရာမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ (၂၇)သန်းနှင့်၊ မန္တလေးက စစ်အုပ်စု အပိုင်စီးထားတဲ့ မြေတွေကို နွေဦးမန္တလေး ရင်းနှီးမြုပ်နှံမှု စီမံကိန်းအဖြစ် ရောင်းချရာမှာ ဒေါ်လာ (၁၁)သန်း၊ နှစ်မြို့ပေါင်း စုစုပေါင်း ဒေါ်လာ (၃၉)သန်း ရရှိထားပြီး ဖြစ်တယ်လို့ EOD က အောက်တိုဘာ(၂၈)ရက်မှာ ထုတ်ပြန်ထားပါတယ်။

မန္တလေးမြို့မှာ စစ်အုပ်စု အပိုင်စီးထားတဲ့ မြေနေရာတွေထဲက သုံးနေရာဖြစ်တဲ့ မန္တလေးမြို့လယ် (၇၈)လမ်းနဲ့ (၇၃)လမ်းကြား၊ (၃၈)လမ်းနဲ့ မန္တလေး တက္ကသိုလ် ရေနီမြောင်းကြားက မြေနေရာကို နွေဦးနှင်းဆီ စီမံကိန်း၊ မန္တလေးတောင်ခြေက စစ်အုပ်စု အပိုင်စီးထားတဲ့ မြေနေရာကို နွေဦးတောင်ရိပ်ညို စီမံကိန်းနှင့် မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်၊ ရေတံခွန်တောင် ဂေါက်ကွင်းနဲ့ မန္တလေး နည်းပညာတက္ကသိုလ် (MIT) အနီးက မြေနေရာတွေကို နွေဦးရောင်စဉ် စီမံကိန်းအဖြစ် တော်လှန်ရေး ရန်ပုံငွေ ရရှိဖို့ အကွက်ရိုက် ရောင်းချနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ မန္တလေးမြို့က နွေဦးရောင်စဉ်လို့ အမည်ပေးထားတဲ့ ရေတံခွန်တောင်အနီးက မြေကွက်တွေ ရောင်းအားကောင်းနေလို့ ပေ(၄၀x၆၀) မြေကွက် အကွက် (၂၀၀) ထပ်တိုး ရောင်းချပေးမယ်လို့ NUG ရဲ့ EOD က ဒီနေ့ ထုတ်ပြန်ပါတယ်။

နွေဦးရောင်စဉ် စီမံကိန်းအဖြစ် ရေတံခွန်တောင်ခြေက စစ်အုပ်စု အပိုင်စီးထားတဲ့ မြေတွေကို အောက်တိုဘာ(၁)ရက်က စတင်ပြီး ပေ(၆၀x၈၀) မြေကွက်နဲ့ ပေ(၄၀x၆၀)တွေအဖြစ် အကွက်ရိုက်ရောင်းချရာမှာ ပေ(၄၀x၆၀) မြေကွက်တွေကို ဝယ်ယူသူများပြီး စုစုပေါင်း (၄၀၀) ရက်အနည်းငယ်အတွင်း ရောင်းကုန်သွားလို့ အခုလို ထပ်တိုးရောင်းချမှာလို့ ဆိုပါတယ်။

ပြည်သူတွေရဲ့ စိတ်ဝင်စားမှုတွေ ရှိနေသေးတဲ့အတွက် မန္တလေး နွေဦးရောင်စဉ် စီမံကိန်းက ပေ(၆၀x ၈၀) မြေကွက် (၁၀၀)ကို ပေ(၄၀x၆၀) မြေကွက် (၂၀၀)အဖြစ် ပြောင်းလဲရောင်းချမှာလို့ ဆိုပါတယ်။

"Spring Mandalay Investment ရဲ့ နွေဦးရောင်စဉ်@ Ye Dagun Taung ရဲ့ ပေ(၄၀x၆၀) မြေကွက် (၄၀၀) ဟာ စတင်ရောင်းချပြီး ရက်အနည်းအတွင်းမှာ အားတက်ဖွယ်ရာ ကောင်းလောက်အောင် ရောင်းကုန်သွားခဲ့ပါတယ်။ နွေဦးရောင်စဉ် ပေ(၄၀x၆၀) မြေကွက်များကို ဝယ်ယူရန် စိတ်ဝင်စားသည့် ပြည်သူများစွာ ရှိနေသည်ဟု အရောင်းကိုယ်စားလှယ်များထံမှ သိရှိရပါသည်။ နွေဦးရောင်စဉ်စီမံကိန်းကို ပညာရှင်များနှင့် ပြန်လည် သုံးသပ်ခဲ့ကြပါသည်။ ပေ(၆၀x၈၀) မြေကွက် (၁၀၀)ကို ပေ(၄၀x၆၀) မြေကွက် (၂၀၀)အဖြစ် ပြောင်း၍ ရကြောင်း၊ စီမံကိန်း၏ မူလရာထားသော အခင်းအကျင်းများကို မထိခိုက်နိုင်ပါဟု အကြံပြုကြပါသည်။ ထို့ကြောင့် နွေဦးရောင်စဉ်@ Ye Dagun Taung ရဲ့ ပေ(၄၀x၆၀) မြေကွက် (၂၀၀)ကို ထပ်မံ ရောင်းချ ပေးသွားမှာ ဖြစ်ပါသည်" လို့ EOD က ဖော်ပြပါတယ်။

အဲဒီလို ပြောင်းလဲပြီးနောက် ရေတံခွန်တောင်မြေကွက်တွေထဲက ပေ(၆၀x၈၀) အကွက် (၁၀၀)မှာ ရောင်းချဖို့ (၃၁) ကွက်သာ ကျန်ပြီး ပေ(၄၀x၆၀)အကွက် (၆၀၀)မှာ အခု ထပ်မံ ရောင်းချမယ့် အကွက်(၂၀၀)သာ ရောင်းဖို့ ကျန်တယ်လို့ ဆိုပါတယ်။

ရေတံခွန်တောင်မြေကွက်တွေကို ပေ(၆၀x၈၀) တစ်ကွက် အမေရိကန်ဒေါ်လာ လေးသောင်း၊ ပေ(၄၀x၆၀)တစ်ကွက် အမေရိကန်ဒေါ်လာ နှစ်သောင်း နှုန်းနဲ့ ရောင်းချပေးနေတာ ဖြစ်ပြီး တန်ဖိုးရဲ့ (၄၀) ရာခိုင်နှုန်းကို သုံးလအတွင်း သုံးခါခွဲ အရစ်ကျပေးချေရမှာ ဖြစ်ကာ ကျန်တဲ့ (၆၀) ရာခိုင်နှုန်းကို တော်လှန်ရေး အောင်မြင်ပြီးချိန်မှ ပေးချေရမယ်လို့ ထုတ်ပြန်ထားပါတယ်။

မန္တလေးမြို့က စစ်အုပ်စု အပိုင်စီးထားတဲ့ မြေကွက်တေါထဲက မန္တလေး နန်းမြို့တွင်းက မြေတွေကိုလည်း NUG က ဆက်လက် ရောင်းချဦးမယ်လို့ ထုတ်ပြန်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #နွေဦးမန္တလေး #နွေဦးရောင်စဉ် #ရေတံခွန်တောင် #EOD #NUG

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ