ဒီပဲယင်းမှာ အိမ်မီးရှို့ခံထားရတဲ့ စစ်ပြေးပြည်သူတွေကို တစ်အိမ်ထောင် ဆန်(၃)ပြည် ထောက်ပံ့၊

ဒီပဲယင်းမှာ အိမ်မီးရှို့ခံထားရတဲ့ စစ်ပြေးပြည်သူတွေကို တစ်အိမ်ထောင် ဆန်(၃)ပြည် ထောက်ပံ့၊

MFP ၊ အောက်တိုဘာ - ၂၅

Photo - ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ နေအိမ်မီးရှို့ ဖျက်ဆီးခံထားရပြီး စစ်ပြေးနေရတဲ့ အိမ်ထောင်စု (၂၁၅)စုအတွက် လတ်တလော စားသောက်ရေး အဆင်ပြေစေရန် တစ်အိမ်ထောင် ဆန်(၃)ပြည်နှုန်း ထောက်ပံ့ကူညီပေးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

"ပြည်သူမှပြည်သူ ဖေးလို့ကူ" အစီအစဉ်အဖြစ် အလှူခံ ရရှိထားတဲ့အထဲက ဆန်တင်း(၄၀)ကို အရေးပေါ် အကူအညီ လိုအပ်နေတဲ့ စစ်ပြေးပြည်သူ မိသားစု (၂၁၅)စုကို ခွဲဝေထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။

"နိုင်ငံရေး၊ စီးပွားရေးကျဆင်းမှုများကြားမှ အကြမ်းဖက်စစ်ကောင်စီ၏ မကြာခဏ စစ်ကြောင်းထိုးခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခံရခြင်းများကြောင့် အသက်ရှင်သန်နေထိုင်ရေး၊ အခြေခံ စားဝတ်နေရေး အတွက် အညာဒေသ ကျေးရွာများမှ ပြည်သူအများ ရုန်းကန်လှုပ်ရှားနေရသည်မှာ အားလုံးအသိပင်ဖြစ်ပါသည်။ ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့အနေဖြင့် အနယ်နယ်အရပ်ရပ်မှ စေတနာရှင်၊ အလှူရှင်များ၏ ပါဝင်လှုဒါန်းမှုများဖြင့် အဆိုပါ စစ်ဘေး မီးဘေးသင့်ပြည်များအနက် ဒီပဲယင်းမြို့နယ် ကျေးရွာတစ်ရွာမှ အိမ်ထောင်စု (၂၁၅) စုအတွက် လတ်တလော စားဝတ်နေရေး အခက်အခဲများ ပြေလည်နိုင်ရန် အခြေခံစားသောက်ကုန်အဖြစ် ဆန်များ ခွဲဝေလှူဒါန်းပေးခဲ့ပါသည်။ ယခုကဲ့သို့ ကူညီထောက်ပံ့နိုင်ရန် ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ထံမှတစ်ဆင့် ယုံကြည်စွာ ပါဝင်လှူဒါန်းပေးလျက်ရှိကြသော ပြည်တွင်းပြည်ပ အလှူရှင် အဖွဲ့အစည်းများအား ပြည်သူများကိုယ်စား ကျေးဇူးတင်ရှိပါသည်။ လက်ရှိ ဒီပဲယင်းမြို့နယ်အတွင်း ကျေးရွာများမှ နေအိမ်မီးရှို့ဖျက်ဆီးခံထားရသော မီးဘေးသင့်ပြည်သူ ထောင်ပေါင်းများစွာ အကူအညီလိုအပ်နေဆဲဖြစ်ပါသည်" လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ဖော်ပြပါတယ်။

ဒီပဲယင်းမြိုကနယ် အပါအဝင် စစ်ကိုင်းတိုင်းထဲ စစ်အုပ်စုက ဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ထားကာ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ လုယက် ဓားပြတိုက် သောင်းကျန်း သတ်ဖြတ် မီးရှို့နေပါတယ်။ စစ်အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း ဒီပဲယင်းမြို့နယ် အပါအဝင် စစ်ကိုင်းတိုင်း မြို့နယ် (၃၀)ကျော်က နေအိမ်အလုံး (၂၀,၀၀၀)ကျော်ကို စစ်အုပ်စုက ပြာကျသည်အထိ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဒီပဲယင်း #ပြည်သူ #အိမ်မီးရှို့ #စစ်ပြေး 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ