မန္တလေး အိုးဘိုထောင်က နိုင်/ကျဉ်း (၁၀၀)ကျော် တိတ်တဆိတ် ထောင်ပြောင်းရွှေ့ခံရ၊ စစ်အုပ်စုက နိုင်ငံရေး အကျဉ်းသားတွေကို အငြိုးထား ဖိနှိပ် ညှဉ်းပန်းနေ၊

မန္တလေး အိုးဘိုထောင်က နိုင်/ကျဉ်း (၁၀၀)ကျော် တိတ်တဆိတ် ထောင်ပြောင်းရွှေ့ခံရ၊ စစ်အုပ်စုက နိုင်ငံရေး အကျဉ်းသားတွေကို အငြိုးထား ဖိနှိပ် ညှဉ်းပန်းနေ၊

MFP ၊ အောက်တိုဘာ - ၁၁

မန္တလေးမြို့ ဗဟိုအကျဉ်းထောင် (အိုးဘို)က နိုင်ငံရေးအကျဉ်းသား (၁၀၀) ကျော်ကို အောက်တိုဘာ (၇) ရက် ညပိုင်းမှာ စစ်အုပ်စုက တိတ်တဆိတ် ထောင်ပြောင်းရွှေ့ခဲ့တယ်လို့ နိုင်/ကျဉ်းတွေနဲ့ နီးစပ်သူ သတင်း ရင်းမြစ်တွေက MFP ကို ပြောပါတယ်။

အောက်တိုဘာ(၇)ရက် ည(၁၁)နာရီခန့်မှာ စစ်အုပ်စုက မန္တလေး အိုးဘိုထောင်ထဲက နိုင်ငံရေး အကျဉ်းသားတွေကို အဆောင်တွေကနေ ဆွဲထုတ်ခေါ်ဆောင်ပြီး မနက်(၄)နာရီဝန်းကျင်မှာ သံခြေကျင်းခတ်၊ လက်ကြိုးတုတ်ပြီး (၁၀)ဘီးကားတွေနဲ့ ခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။

အိးဘိုထောင်က နိုင်/ကျဉ်းတွေကို မန္တလေးနဲ့ မိုင်ရာချီဝေးတဲ့ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ထဲက တောင်လေးလုံးထောင်ကို ရွှေ့ပြောင်းတာလို့ သိရပြီး ထောင်ထဲမှာ ဆန္ဒပြတဲ့အတွက် တိုက်ပိတ်ခံထားရသူတွေပါ ထောင်ပြောင်းခံရတဲ့အထဲ ပါဝင်သွားတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

“ တောင်ကြီးဘက်က တောင်လေးလုံးထောင်ကို ရွှေ့တာလို့ သိရတယ်၊ အသက်ကြီးတဲ့ သူတွေကော၊ အမျိုးသမီးတွေကော ပါတယ်။ ဗကသက ကိုမြတ်သူတို့၊ ကိုနောင်ထက်အောင်တို့လို တိုက်ပိတ်ခံထားရတဲ့သူတွေလည်း ပါသွားတယ်လို့ ကြားရတယ်၊ ထောင်ပြောင်းရွှေ့လိုက်ပြီ ဆိုတော့ ပထမဆုံး ထောင်ဝင်စာ ခက်ခဲသွားမယ်၊ ဒီကာလမှာ သွားရေးလာရေးကလည်း လွယ်ကူတာ မဟုတ်ဘူးလေ “ လို့ မန္တလေးမြို့က နိုင်ကျဉ်းဟောင်းတစ်ဦးက ပြောပါတယ်။

သတင်းရင်းမြစ်အချို့အဆိုအရ ထောင်ပြောင်းခံရတဲ့ နိုင်ကျဉ်း (၁၂၇) ဦးရှိတယ်လို့ ဆိုပြီး MFP အနေနဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင်(၂) ရက်ကလည်း မန္တလေး အိုးဘိုထောင်က နိုင်ကျဉ်း (၇၈) ဦးနဲ့ အခြား ပြစ်ဒဏ်ကျ (၂၂) ဦး၊ စုစုပေါင်း (၁၀၀) ဦးကို မြင်းခြံ၊ သရက်၊ ဒိုက်ဦး စတဲ့ အကျဉ်းထောင်တွေကို စစ်အုပ်စုက ပြောင်းရွှေ့ခဲ့တယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

“ မြင်းခြံမှာ ထောင်ပြောင်းခံရပြီးတဲ့နောက် ထောင်ဝင်စာ ခက်တယ်၊ အထဲမှာလည်း နိုင်/ကျဉ်းတွေကို ပိုပြီးတော့ နှိပ်စက်တာမျိုးတွေ လုပ်တယ်လို့ ပြောတယ်၊ အသက်ကြီးတဲ့ အမျိုးသမီး နိုင်/ကျဉ်းတွေကိုလည်း အလုပ်လုပ်ခိုင်းပြီး အလုပ်မလုပ်ချင်ရင် ထောင်ပိုင်ကို သုံးလေးသောင်းမျိုးအထိ ပေးရတယ်လို့ သိရတယ် “ လို့ မြင်းခြံထောင်ကို ရွှေ့ပြောင်းခံရတဲ့ နိုင်ကျဉ်းတစ်ဦးနဲ့ နီးစပ်သူက ဆိုပါတယ်။

တနယ်ထဲက နိုင်ကျဉ်းတွေ စုဆုံနေတာမျိုး မဖြစ်စေဖို့အတွက် နိုင်ငံရေး အကျဉ်းသားတွေကို မကြာခဏ ထောင်ပြောင်းရွှေ့တတ်တာ စစ်အုပ်စုရဲ့ လုပ်ရပ်ဖြစ်ပြီး မိသားစုတွေက ထောင်ဝင်စာမတွေ့နိုင်တဲ့ နိုင်ကျဉ်းတွေအတွက် ထောင်ထဲမှာ အခက်အခဲတွေ ဖြစ်အောင်လုပ်တာလို့ မန္တလေးမြို့ခံ နိုင်ကျဉ်းဟောင်းတစ်ဦးက ပြောဆိုပါတယ်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို ဥပဒေမဲ့ ထင်တိုင်းကျဲ ဖမ်းဆီးထောင်ချနေတဲ့ စစ်အုပ်စုက နိုင်ငံရေး အကျဉ်းသားတွေကို စိတ်ထင်တိုင်း ထောင်ပြောင်းရွှေ့တာတွေ လုပ်နေသလို စစ်ကောင်စီ သစ္စာခံ ထောင်ဝန်ထမ်းတွေကလည်း နိုင်ငံရေး အကျဉ်းသားတွေကို အငြိုးထား ဖိနှိပ် ညှဉ်းပန်းနေတယ်လို့ နိုင်/ကျဉ်း မိသားစုတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မြင်းခြံထောင်က စစ်ကောင်စီ သစ္စာခံ ထောင်ဝန်ထမ်းတွေက နိုင်/ကျဉ်းတွေကို အတင်းအဓမ္မ အလုပ်ခိုင်းစေတာ၊ ရိုက်နှက် ညှဉ်းပန်းတာတွေ လုပ်နေသလို မိတ္ထီလာနှင့် မန္တလေးအိုးဘိုထောင်တွေမှာလည်း နိုင်/ကျဉ်းတချို့ လုံလောက်တဲ့ ဆေးဝါးကုသခွင့် မရဘဲ အသက်ဆုံးပါးတာတွေ ရှိခဲ့ပါတယ်။

မန္တလေး အိုးဘိုထောင်က ထောင်ဝန်ထမ်းတချို့ (ပုံဟောင်း)/Photo - S

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အိုးဘိုထောင် #နိုင်ငံရေးအကျဉ်းသား #ထောင် 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ