MFP ၊ သြဂုတ် - ၂၉
လိုက်ထရပ်ကားပေါ်ပါ ခရီးသည် (၉)ဦး သေဆုံးပြီး (၅)ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့တဲ့ ပြင်ဦးလွင်မြို့ မြို့ရှောင်လမ်း ယာဉ်တိုက်မှု ဖြစ်စဉ်မှာ တွဲကားယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ ထွက်ပြေးသွားတယ်လို့ စစ်ကောင်စီရဲ့ မီးသတ်ဌာနက သတင်းရရှိပါတယ်။
သြဂုတ်(၂၈)ရက် ည(၇)နာရီခွဲက ပြင်ဦးလွင် မြို့ရှောင်လမ်း၊ ထင်းရှူးတောအနီးမှာ လားရှိုးဘက်ကနေ မန္တလေးဘက် မောင်းနှင်လာတဲ့ ဘိလပ်မြေအိတ်တင် (၂၂)ဘီးတွဲကားနှင့် မန္တလေးကနေ လားရှိုးဘက် မောင်းနှင်လာတဲ့ ခရီးသည်တင် လိုက်ထရပ်ကားတို့ မျက်နှာချင်းဆိုင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာလို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေခဲ့သူတွေက ပြောပါတယ်။
ယာဉ်အမှတ် FUSO MDY 2Q/---- အဝါရောင် (၂၂)ဘီးကားဟာ မေမြို့ မြို့ရှောင်လမ်းမှာ ရှေ့ကားကို ကျော်တက်စဉ် မျက်နှာချင်းဆိုင် မောင်းနှင်လာတဲ့ ယာဉ်အမှတ် Light Truck BGO 2R----ခရီးသည်တင်ကာနဲ့ မျက်နှာချင်းဆိုင် တိုက်မိကာ ချိတ်မိပြီးနောက် လမ်းညာဘက်ခြမ်းကို ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့တာလို့ စစ်ကောင်စီ မီးသတ်ဌာနရဲ့ ယာဉ်တိုက်မှု မှတ်တမ်းမှာ ဖော်ပြထားပါတယ်။
အဲ့ဒီ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် လိုက်ထရပ်ကားပေါ်ပါ ခရီးသည် (၁၄)ဦးအနက် ယခု အမျိုးသား (၆)ဦးနှင့် အမျိုးသမီး (၃)ဦး၊ စုစုပေါင်း (၉)ဦး သေဆုံးပြီး ကျန်(၅)ဦးလည်း ထိခိုက်ဒဏ်ရာတွေ ရရှိကာ ဆေးရုံပို့ထားရတယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးခဲ့သူတွေက ဆိုပါတယ်။
ထို့အယာဉ်တိုက်မှု ဖြစ်ပြီးနောက် (၂၂)ဘီးတွဲကားပေါ်ပါ ယာဉ်မောင်း (၁)ဦးနှင့် ယာဉ်နောက်လိုက် (၁)ဦး၊ ထွက်ပြေးတိမ်းရှောင်သွားပြီး စုံစမ်းနေဆဲ ဖြစ်တယ်လို့ စစ်ကောင်စီ မီးသတ်ဌာနက ဆိုပါတယ်။
ယာဉ်တိုက်မှုကြောင့် သေဆုံးသူတွေနှင့် ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ MFP အနေနဲ့ မသိရသေးပါဘူး။
မေမြို့ မြို့ရှောင်လမ်း ယာဉ်တိုက်မှုဖြစ်စဉ်/Photo – MFSD ၊ ပြင်ဦးလွင် နာရေးကူညီမှုအသင်း
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မေမြို့ #ပြင်ဦးလွင် #ယာဉ်တိုက်မှု #ခရီးသည်