ရွှေဈေး ကျပ်သိန်း(၃၀)အောက် ပြန်လည်ကျဆင်း၊ ဒေါ်လာဈေးလည်း ကျ၊

ရွှေဈေး ကျပ်သိန်း(၃၀)အောက် ပြန်လည်ကျဆင်း၊ ဒေါ်လာဈေးလည်း ကျ၊

MFP ၊ စက်တင်ဘာ - ၁၃

စစ်အာဏာသိမ်းပြီးနောက် တရှိန်ထိုးမြင့်တက်နေတဲ့ ရွှေဈေးနှင့် ဒေါ်လာဈေးနှုန်းတွေ ယခုလဆန်းက စတင်ကာ ဈေးတန့်သွားပြီးနောက် ဒီကနေ့ စက်တင်ဘာ(၁၃)ရက်မှာတော့ ရွှေတစ်ကျပ်သား ကျပ်သိန်း(၃၀)အောက်အထိ ပြန်လည် ကျဆင်းသွားတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

မနေ့က စက်တင်ဘာ(၁၂)ရက်အထိ ရွှေတစ်ကျပ်သား ကျပ်သိန်း(၃၀)ကျော် ရှိခဲ့ရာက ဒီနေ့ ညနေပိုင်းမှာ‌ ရွှေတစ်ကျပ်သား ကျပ်(၂၉)သိန်းဝန်းကျင်နဲ့ ရွှေဈေးကွက် ပိတ်သိမ်းခဲ့တယ်လို့ မန္တလေးမြို့ခံ ရွှေကုန်သည်တွေက ဆိုပါတယ်။

ဒါ့အပြင် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းဟာလည်း မနေ့က တစ်ဒေါ်လာ ကျပ်(၃၅၀၀) ဈေးပေါက်ခဲ့ရာက ဒီနေ့ တစ်ဒေါ် ကျပ်(၃၃၀၀) ဈေးပေါက်တယ်လို့ ဆိုပါတယ်။

"ရွှေဈေးကျတာက ဒေါ်လာဈေးကျတာ နဲ့ နည်းနည်းတော့ သက်ဆိုင်တယ်၊ လက်ရှိ ဈေးကွက် အနေအထားဟာ ခန့်မှန်းရ ခက်တယ်" လို့ မန္တလေးမြို့ခံ ရွှေကုန်သည်တစ်ဦးက ပြောပါတယ်။

စစ်အာဏာမသိမ်းမီ ၂၀၂၁ ဇန်နဝါရီက ရွှေတစ်ကျပ်သား ကျပ်(၁၃)သိန်းကျော်နှင့် တစ်ဒေါ်လာ ကျပ်(၁၃၀၀)ဝန်းကျင်သာ ရှိခဲ့ကာ ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းမှာ ရွှေတစ်ကျပ်သား (၃၅)သိန်းကျော်နှင့် တစ်ဒေါ်လာ (၄၅၀၀)ကျော်အထိ ဈေးနှုန်းမြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ရွှေ #ဒေါ်လာ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ