NUG က ရောင်းချနေတဲ့ ရန်ကုန် ဗဟန်းက မြေကွက်တွေ အလုအယက် ဝယ်ယူကြပြီး မြေကွက် (၁၀၀)ကျော် တစ်နာရီခွဲအတွင်း ရောင်းကုန်၊

NUG က ရောင်းချနေတဲ့ ရန်ကုန် ဗဟန်းက မြေကွက်တွေ အလုအယက် ဝယ်ယူကြပြီး မြေကွက် (၁၀၀)ကျော် တစ်နာရီခွဲအတွင်း ရောင်းကုန်၊

MFP ၊ အောက်တိုဘာ -၂၂

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ မဟာစည်သာသနာ့ရိပ်သာလမ်း အတွင်းဘက်က စစ်အုပ်စု သိမ်းယူထားတဲ့ မြေတွေကို နွေဦးတော်လှန်ရေး ရံပုံငွေအတွက် အကွက်ရိုက် ရောင်းချရာမှာ ပေ(၄၀×၆၀)မြေကွက် အကွက်(၁၂၀)ကို တစ်နာရီခွဲအတွင်း ရောင်းကုန်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)ရဲ့ ရံပုံငွေ ရှာဖွေရေး အစီအစဉ်ဖြစ်တဲ့ အာဏာရှင်အဆုံးသတ်နိဂုံး (EOD) က ဖော်ပြပါတယ်။

နွေဦးတော်ဝင် စီမံကိန်းအဖြစ် ဗဟန်းမြို့နယ်က မြေကွက်တွေကို ဒီနေ့ အောက်တိုဘာ(၂၂)ရက် ညပိုင်း စတင်ရောင်းချရာမှာ နာရီပိုင်းအတွင်း အလုအယက် ဝယ်ယူသွားကြတယ်လို့ ဆိုပါတယ်။

"တော်ဝင်နွေဦး စီမံကိန်းရဲ့ (၄၀)ပေ x (၆၀)ပေ မြေကွက်များ မိနစ်(၉၀)အတွင်း ရောင်းကုန်။ တော်လှန်ရေးဟာ ရှေ့သို့ချီလာတာနဲ့ တပြိုင်တည်း ထောက်ပို့ရဲဘော်များကလည်း နောက်ကျန် မနေခဲ့ပါဘူး။ အရေးတကြီး လိုအပ်နေတဲ့ ဘဏ္ဍာရေးကို ဖြည့်ဆည်းဖို့ ဖော်ဆောင်ခဲ့တဲ့ Spring Yangon Investment Phase II ရဲ့ စီမံကိန်းများအနက် ဗဟန်းမြို့နယ်က တော်ဝင်နွေဦး (၄၀)ပေ x (၆၀)ပေ မြေကွက်များဟာ အရောင်းစတင်ပြီး မိနစ်(၉၀)အတွင်း ရောင်းကုန် သွားပါပြီ။ တော်လှန်ရေး ကာလအတွင်း USD (28,800) ပေးသွင်းရတဲ့ မြေကွက် (၁၂၀) ဖြစ်ပါတယ်။ ဒီနေ့ (၂၂)အောက်တိုဘာမှာ စတင်ရောင်းချတဲ့ အခြား စီမံကိန်းများ ဖြစ်တဲ့ တော်ဝင်နွေဦး (၆၀)ပေ x (၈၀)ပေ နှင့် တောင်ဒဂုံက နွေဦးအောင်လံ စီမံကိန်းဟာလည်း အရှိန်အဟုန်နဲ့ ရောင်းချ နေရပါတယ်။ တော်လှန်ပြည်သူများရဲ့ ထောက်ပို့မှုကို EOD အဖွဲ့မှ ဦးညွှတ်ဂုဏ်ပြုလိုက်ပါတယ်" လို့ EOD က ဖော်ပြပါတယ်။

Royal Spring (တော်ဝင်နွေဦး) စီမံကိန်းသည် ရန်ကုန်မြို့ အလယ်ဗဟိုကျတဲ့ ဗဟန်းမြို့နယ်မှာ တည်ရှိပြီး ရွှေတိဂုံစေတီတော်၊ Spring Inya မှ Inya Walk၊ ကန်တော်ကြီးဝန်းကျင်မှ Spring Memorial Park တို့နှင့် နီးကပ်စွာရှိတဲ့ နေရာ ဖြစ်တယ်လို့ ဆိုပါတယ်။

"အစားထိုးဖေါ်ထုတ်ရန် ပြန်ရှာ၍ မရနိုင်သော နေရာမျိုးဖြစ်ပြီး ရွှေတောင်ကြား ဝင်ဒါမီယာကဲ့သို့ ဆိတ်ငြိမ် လူနေရပ်ကွက်အဖြစ် ဖန်တီးဖေါ်ထုတ်သွားမည် ဖြစ်ပါသည်။ လူနေအိမ်ရာ ပေ(၆ဝ)x ပေ (၈၀)အကွက်ပေါင်း (၄၀)နှင့် ပေ(၄၀)x ပေ(၆၀)အကွက်ပေါင်း (၁၂၀)သာ ရောင်းချပေးနိုင်မှာ ဖြစ်ပါသည်" လို့ EOD က ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ ပေ(၄၀×၆၀)မြေကွက်တွေ ရောင်းကုန်သွားပြီမို့ ပေ(၆၀×၈၀)မြေကွက် အနည်းငယ်သာ ကျန်ရှိတော့မှာ ဖြစ်ပါတယ်။

"EoD ဗဟန်းက (၄၀×၆၀) မြေကွက်က ကုန်သွားပြီ။ မိတ်ဆွေ တစ်ယောက်က လိုချင်တယ်ဆိုလို့ နောက်ဆုံး တစ်ကွက်ကို လုဝယ်လိုက်ရတာ။ ဖြည့်နေတုန်း စက္ကန့်ပိုင်း အတွင်းမှာကို အဲဒီနောက်ဆုံးကွက်ကုန်သွားတယ်။ ကုန်သွားလို့ မရဘူးဆိုပြီး ကြည့်နေတုန်း တစ်ကွက်က ပြန်ပေါ်လာတော့ ချက်ခြင်းကို Click လိုက်တော့ ရသွားတာ။ ရင်ခုန်စရာ live game ကစားရသလိုပဲ" လို့ မြေကွက်ဝယ်ယူခဲ့သူတစ်ဦးက ဆိုပါတယ်။

နွေဦးတော်လှန်ရေးအတွက် ရံပုံငွေ ရရှိဖို့ ရန်ကုန်နှင့် မန္တလေးမြို့က စစ်အုပ်စု သိမ်းယူထားတဲ့ မြေတွေကို NUG က အကွက်ရိုက်ပြီး အရစ်ကျစနစ်နဲ့ ရောင်းချနေတာ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ရန်ကုန် #EOD #ဗဟန်း #မြေကွက် #NUG

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ