MFP ၊ ဩဂုတ် - ၁၃
မန္တလေး အမရပူရမြို့နယ် တောင်သမန်ပတ်လမ်းမှာ ဩဂုတ်လ (၁၁)ရက်နေ့က ငွေစက္ကူ တစ်သောင်းတန် အတုတွေ လက်ဝယ်ထားရှိသူ နှစ်ယောက်ကို ဖမ်းမိခဲ့တယ်လို့ MFP ရဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ပြည်ကြီးတံခွန်မြို့နယ်မှာ နေထိုင်တဲ့ ဇော်မင်းထွေးနဲ့ လှိုင်ဖြိုးဟိန်းတို့ဟာ ဆိုင်ကယ်တစ်စီးနဲ့အတူ တောင်သမန်ပတ်လမ်းအတိုင်း မောင်းနှင်စဉ် စစ်အုပ်စုလက်အောက်ခံအဖွဲ့တွေက စစ်ဆေးစဉ် ငွေစက္ကူကျပ်တစ်သောင်းတန် (၆၆)ရွက်နဲ့အတူ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
သူတို့ကို စစ်ဆေးချက်အရ ငွေစက္ကူအတုကို ဖြန့်ဝေခိုင်းတဲ့ ရန်ကုန်မြို့က အောင်ကောင်းမြတ်နဲ့ အမရပူရမြို့က သီဟအောင် တို့ဟာ ပြည်ကြီးတံခွန်မြို့နယ်ထဲက စားသောက်ဆိုင်တစ်ခုမှာ ရောက်နေတယ်လို့ ပြောဆိုတဲ့အတွက် သွားရောက်စစ်ဆေးခဲ့ရာ အဲဒီဆိုင်မှာ တွေ့ခဲ့ရပြီး ငွေစက္ကူကျပ်တစ်သောင်းတန် အတု (၁၆၅) ရွက်နဲ့အတူ ဖမ်းဆီးခဲ့တယ်လို့ သတင်းရင်းမြစ်ဆီက သိရပါတယ်။
ဖမ်းဆီးရမိသူထဲက အောင်ကောင်းမြတ်ရဲ့ ထွက်ဆိုချက်အရ အဲဒီငွေစက္ကူအတုတွေဟာ ပြင်ဦးလွင်မြို့မှာ နေထိုင်တဲ့ နေစိုးလတ်ဆိုသူဆီက ရယူခဲ့တယ်လို့ သိရတဲ့အတွက် ပြင်ဦးလွင်မြို့မှာ သွားရောက်စစ်ဆေးခဲ့ရာ နေစိုးလတ်ရဲ့ နေအိမ်ကနေ ကျပ်တစ်သောင်းတန်နဲ့ ကျပ်ငါးထောင်တန် ငွေစက္ကူအတု (၃၅၇)ရွက်၊ လုံခြုံရေးကြိုး စတစ်ကာ နှစ်ခု၊ ကွန်ပျူတာ တစ်စုံနဲ့ အခြား ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
သီဟအောင်ရဲ့ ထွက်ဆိုချက်အရ ချမ်းမြရွှေပြည်(ကျွဲဆည်ကန်) ယာယီယာဉ်ရပ်နားစခန်းထဲက ကားဂိတ်တစ်ခုမှာ မထုတ်ယူရသေးတဲ့ ပါဆယ်အိတ်ထဲ ကျပ်တစ်သောင်းတန်အတု အရွက် (၄၀)ကိုလည်း ထပ်မံ သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။
ငွေစက္ကူအတုတွေ ထုတ်လုပ်ဖြန့်ဝေနေကြတဲ့သူ (၅)ယောက်ကို အမရပူရမြို့မရဲစခန်းမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေပုဒ်မ- ၁၀၅/၁၀၆ နဲ့ အရေးယူထားတယ်လို့လည်း သတင်းရင်းမြစ်ဆီက သိရပါတယ်။
မန္တလေးမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လ (၂၉)ရက်နေ့ကလည်း ချမ်းမြသာစည်မြို့နယ်ထဲမှာ ငွေစက္ကူတစ်သောင်းတန်နဲ့ ငါးထောင်တန်အတု အရောင်းအဝယ် ပြုလုပ်နေသူ သုံးဦး၊ ပြီးခဲ့တဲ့ ဇူလိုင်လ (၁၈)ရက်နေ့ကလည်း ချမ်းမြသာစည်မြို့နယ်ထဲမှာ အမျိုးသား သုံးဦးတို့ဆီကနေ ကျပ်တစ်သောင်းတန်အတုတွေကို ဖမ်းဆီးအရေးယူထားပါသေးတယ်။
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ငွေစက္ကူအတု #ကျပ်တစ်သောင်းတန်အတု #တစ်သောင်းတန်အတု