မန္တလေးတိုင်းထဲက ရွှေလုပ်ငန်းရှင်တွေ တော်လှန်ရေးကို ကူညီဖို့ တောင်းဆိုထားပြီး မပါဝင်ရင် စီးပွါးရေးအရ ပိတ်ဆို့အရေးယူမယ်လို့ PDF ထုတ်ပြန်

မန္တလေးတိုင်းထဲက ရွှေလုပ်ငန်းရှင်တွေ တော်လှန်ရေးကို ကူညီဖို့ တောင်းဆိုထားပြီး မပါဝင်ရင် စီးပွါးရေးအရ ပိတ်ဆို့အရေးယူမယ်လို့ PDF ထုတ်ပြန်

MFP ၊ ဩဂုတ် - ၃၁

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲက ရွှေလုပ်ငန်းရှင်တွေအနေနဲ့ တော်လှန်ရေးမှာ ပါဝင်ကူညီကြဖို့ NUG တပ်ရင်း ၁၂၂၂ က တောင်းဆိုချက် ထုတ်ပြန်ပါတယ်။

သပိတ်ကျင်းနဲ့ စဉ့်ကူးမြို့နယ် အခြေပြုဖြစ်တဲ့ တပ်ရင်း ၁၂၂၂ ဟာ လွတ်မြောက်နယ်မြေ ရရှိဖို့ ကြိုးပမ်းဆောင်ရွက်နေပြီး ရွှေတူးဖော်ရေးကို အဓိကလုပ်ကိုင်နေတဲ့ မြို့နယ်အတွင်းက လုပ်ငန်းရှင်တွေဟာ သက်ဆိုင်ရာ မြို့နယ် PDF တွေရဲ့ လက်နက်ဝယ်ယူရေးမှာ အကူအညီပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

ရွှေလုပ်ငန်းရှင်တွေဟာ စစ်အုပ်စုကို အခွန်ပေးဆောင်ပြီး လုပ်ကိုင်နေကြတာကို သိရှိထားပြီးဖြစ်ကာ တင်မြှောက်ထားခြင်းမရှိတဲ့ အကြမ်းဖက်စစ်အုပ်စုကို အခွန်ပေးနေတဲ့အပေါ် လွတ်မြောက်နယ်မြေမရသေးတဲ့အတွက် လစ်လျူရှုထားတာလို့လည်း ဖော်ပြပါတယ်။

စီးပွါးရေးတစ်ခုတည်းသာကြည်ပြီး တော်လှန်ရေးကို နေသာလို နေနေကြတဲ့ ကုမ္ပဏီတွေအနေနဲ့ တော်လှန်ရေးတိုက်ပွဲမှာ မပါဝင်လာဘူးဆိုရင် Thabeikkyin PDF နဲ့ Singu PDF တို့ရဲ့ စီးပွါးရေးအရ အရေးယူပိတ်ဆို့ အပြစ်ပေးတာတွေ ရှိလာမယ်လို့လည်း ထုတ်ပြန်ချက်မှာ ထပ်မံ ဖော်ပြထားပါတယ်။

စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တို့ကို အခြေပြုထားတဲ့ NUG တပ်ရင်း ၁၂၂၂ ဟာ အခြား တပ်ရင်းတွေဖြစ်တဲ့ ၁၂၂၁၊ ၁၂၂၃ တို့နဲ့ ပူးပေါင်းပြီး ပြီးခဲ့တဲ့ ဩဂုတ်လ (၂၉)ရက်မှာ မိုးကုတ်မြို့နယ်ထဲက စစ်အုပ်စုကို အနီးကပ် တိုက်ခိုက်ခဲ့တာကြောင့် စကစ (၁၅) ယောက်သေဆုံးခဲ့ကာ သေဆုံးသူတွေထဲမှာ ဒုတပ်ရင်းမှူးနဲ့ သုံးပွင့်ဗိုလ်တွေ ပါဝင်ပြီး တပ်ရင်းမှူးအဆင့်ကတော့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ စစ်အုပ်စုဟာ ကျောက်မျက်လုပ်ငန်းရှင်တွေကို NUG၊ PDF တွေကို ထောက်ပံ့ကူညီတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဖမ်းဆီးအရေးယူပြီး ပိုင်ဆိုင်မှုတွေ ချိတ်ပိတ်တာ လုပ်ဆောင်နေပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ရွှေလုပ်ငန်းရှင် #တော်လှန်ရေးမှာကူညီ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ