မဟာမိတ်အဖွဲ့တွေ ဖြိုခွင်းခံရပြီး တစ်လအကြာမှာ ဗိုလ်မြွေပွေးရဲ့ အဖွဲ့ကို အပြီးဖျက်သိမ်း

မဟာမိတ်အဖွဲ့တွေ ဖြိုခွင်းခံရပြီး တစ်လအကြာမှာ ဗိုလ်မြွေပွေးရဲ့ အဖွဲ့ကို အပြီးဖျက်သိမ်း

MFP ၊ စက်တင်ဘာ - ၁

စစ်အုပ်စုရဲ့ ထောက်တိုင်တွေကို တိုက်ခိုက်မယ်လို့ ကြေညာပြီး မန္တလေးမြို့ပြ ပြောက်ကျားအဖွဲ့ အဖြစ် ဝင်ရောက်လာတဲ့ King Cobra Guerrilla Force - KCGF က လက်ဆုပ်လက်ကိုင်ပြစရာ ကြီးကြီးမားမား အောင်မြင်မှု မရှိဘဲ မဟာမိတ်အဖွဲ့တွေ ဖမ်းဆီးသ-တ်ဖြ-တ်ခံရပြီးနောက် သက်တမ်း လပိုင်းသာ ရှိသေးတဲ့ သူတို့အဖွဲ့ကို ဖျက်သိမ်းတော့မယ်လို့ အဖွဲ့ခေါင်းဆောင် ဗိုလ်မြွေပွေးက ဆိုပါတယ်။

ယခုနှစ် သင်္ကြန်ကာလမှ စတင်ပြီး လူထုရှေ့မှာ ပေါ်ပေါက်လာတဲ့ KCGF ဟာ သူတို့ထက် သက်တမ်းပိုကြာပြီး မြို့ပြပြောက်ကျား တိုက်ခိုက်မှုတွေအားကောင်းတဲ့ UG အဖွဲ့တချို့နဲ့ မဟာမိတ်ဖွဲ့စည်းနိုင်ခဲ့ကာ ပြီးခဲ့တဲ့လအတွင်း KCGF ရဲ့ မဟာမိတ်တွေ ဖြိုခွင်းခံရပြီး UG ရဲဘော် (၁၀)ဦးထက်မနည်း စစ်အုပ်စုရဲ့ ဖမ်းဆီး သ-တ်ဖြ-တ်တာကို ခံခဲ့ရပါတယ်။

မဟာမိတ်အဖွဲ့တွေ၊ UG ရဲဘော်တွေ ဖြိုခွင်း သ-တ်ဖြ-တ်ခံရပြီးနောက် KCGF က သူတို့အဖွဲ့ကိုလည်း ဖျက်သိမ်းတော့မယ်လို့ ကြေညာတာ ဖြစ်ပါတယ်။

“ ဩဂုတ်လ (၁)ရက်နေ့က ဗိုလ်အောင်မြေတို့ ဗိုလ်ရှိုင်းတို့ ပါသွားတယ်၊ လက်နက်ခဲယမ်းပစ္စည်းတွေ အများအပြား ဆုံးရှုံးသွားတယ်၊ ဒါတွေ ပြန်ဖြည့်တင်းဖို့ အလှူခံတယ်၊ ပြည်သူတွေရဲ့ ပါဝင်ထောက်ပံ့မှုက အင်မတန်နည်းတယ်၊ ဒါလည်း ပြည်သူတွေရဲ့ အပြစ်မဟုတ်ပါဘူး၊ ငွေစျေး ကုန်စျေးနှုန်းတွေ တက်နေကြတော့ ပြည်သူကလည်း မကူညီနိုင်ဘူး၊ ပြည်သူတင်မဟုတ်ဘူး ကိုယ့်ရင်ဘတ်ချင်းတူအဖွဲ့တွေကအစ ကူညီမှုမရတော့ လုပ်ချင်စိတ် တော်တော်ကုန်သွားတယ်၊ နောက်တစ်ခုက ကျွန်တော်တို့ကို စကစဘက်ကလို့ သံသယရှိကြတယ်၊ ဒီတော့ အကူအညီ မရဘူး၊ ဒါပေမယ့် တော်လှန်ရေးအဖွဲ့အချင်းချင်းကတော့ သိကြပါတယ် “ လို့ ဗိုလ်မြွေပွေးက အဖွဲ့ဖျက်သိမ်းရတဲ့အကြောင်းကို ရှင်းပြပါတယ်။

ဗိုလ်အောင်မြေ ဦးဆောင်တဲ့ Myanmar Revolution Ranger Force (MRRF) အဖွဲ့၊ ၊ ဗိုလ်မြွေပွေး ဦးဆောင်တဲ့ Kings Cobra Guerilla Force (KCGF) အဖွဲ့နှင့် ဗိုလ်နိုင် ဦးဆောင်တဲ့ Mother Son Mandalay Force (MSMF) ဆိုတဲ့ မန္တလေးမြို့ပြ ပြောက်ကျားတပ်ဖွဲ့ သုံးဖွဲ့ဟာ မဟာမိတ်တွေအဖြစ် ပူးပေါင်းပြီး မန္တလေးမြို့ပေါ်က စစ်အုပ်စုနဲ့ စစ်အုပ်စုထောက်တိုင်တွေကို တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဩဂုတ်လ (၁)ရက်နေ့မှာ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မြောက်ပြင် (၈၆)လမ်းနဲ့ (၈)လမ်းအနီးက နေအိမ်တစ်လုံးမှာ အိမ်ငှားနေတဲ့ MRRF အဖွဲ့ ခေါင်းဆောင် ဗိုလ်အောင်မြေနှင့် UG အဖွဲ့ဝင်တွေကို သတင်းပေးကြောင့် စစ်အုပ်စုက အင်အားသုံး စီးနင်း ဖမ်းဆီးခဲ့တဲ့အတွက် ဗိုလ်အောင်မြေ အပါအဝင် (၁၀)ဦးထက် မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။

အဲဒီညနေပိုင်းမှာပဲ ဗိုလ်အောင်မြေ အပါအဝင် ဖမ်းဆီးထားတဲ့ UG တွေကို သ-တ်ဖြ-တ် လိုက်ပြီဖြစ်ကြောင်း လမ်းဘေးစွန့်ပစ်ထားတဲ့ အလောင်းတွေနဲ့ အလောင်းဘေးမှာ ပစ္စတိုသေနတ်တွေ ရှိနေတဲ့ပုံတွေကို စစ်လော်ဘီတွေက သြဂုတ်(၂)ရက်မှာ ဖြန့်ဝေခဲ့ပါတယ်။ နောက်ရက်မှာတော့ Mother Son Mandalay Force (MSMF) အဖွဲ့ရဲ့ ဒုခေါင်းဆောင် ကိုရှိုင်း အပါအဝင် လေးဦးကို ပြင်ဦးလွင်မြို့က တည်းခိုခန်းတစ်ခုမှာ စစ်အုပ်စုက ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးမှာ သ-တ်ဖြ-တ်ခဲ့တယ်လို့ နီးစပ်သူတွေက အတည်ပြုထားပါတယ်။

ဗိုလ်အောင်မြေတို့ ဖမ်းဆီးခံရစဉ်မှာ KCGF ရဲ့ အဖွဲ့သားအချို့လည်း ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အဖွဲ့ ဆက်လက်ရပ်တည်ဖို့ ခက်ခဲလာတဲ့အတွက် ဖျက်သိမ်းဖို့ ဆုံးဖြတ်ရတာဖြစ်တယ်လို့လည်း ဗိုလ်မြွေပွေးက ဆိုပါတယ်။

မဟာမိတ်အဖွဲ့တွေနဲ့ လက်တွဲပြီး မစ်ရှင်စုစုပေါင်း တရားဝင် (၂၄)ခုအထိ လုပ်ဆောင်နိုင်ခဲ့ပြီး စစ်အုပ်စုဘက်က (၁၃)ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ အထင်ကရ လုပ်ဆောင်ချက်ကတော့ မလှိုင်ရဲစခန်းက ရဲတပ်သားစိုးပိုင်နဲ့ ၅၀(ည)နဲ့ အချုပ်ကျနေတဲ့ မအိသန္တာအောင်တို့ကို လွတ်မြောက်နယ်မြေ ပို့ဆောင်ပေးနိုင်ခဲ့တာဖြစ်တယ်လို့လည်း သူက ထပ်ပြောပါတယ်။

KCGF အဖွဲ့ဟာ D-Day မတိုင်မီ ၂၀၂၁ ခုနှစ်၊ မေလကုန်ပိုင်းက စတင်ဖွဲ့စည်းပြီး တော်လှန်ရေးလုပ်ကိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ အဖွဲ့ဝင် (၁၂)ဦးခန့် ကျန်တဲ့အနက် အကုန်လုံးက တော်လှန်ရေးအလုပ်တွေ ရပ်နားကြမှာဖြစ်တယ်လို့ ဗိုလ်မြွေပွေးက ထပ်လောင်းပြောဆိုပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မန္တလေးUG #မြို့ပြပြောက်ကျား #အဖွဲ့ဖျက်သိမ်း

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ