မင်းကင်း တောင်တွင်းဒေသမှာ ရွာထဲဝင်မွှေ လုယက်မီးရှို့နေတဲ့ စစ်အုပ်စုကို မိုင်းဆွဲ၊ တိုက်ခိုက်၊ CDM ကျောင်းဆရာ တစ်ဦးရဲ့ နေအိမ်နှင့် ဆီစက်တစ်လုံး မီးလောင်ဆုံးရှုံး၊

မင်းကင်း တောင်တွင်းဒေသမှာ ရွာထဲဝင်မွှေ လုယက်မီးရှို့နေတဲ့ စစ်အုပ်စုကို မိုင်းဆွဲ၊ တိုက်ခိုက်၊ CDM ကျောင်းဆရာ တစ်ဦးရဲ့ နေအိမ်နှင့် ဆီစက်တစ်လုံး မီးလောင်ဆုံးရှုံး၊

MFP၊ သြဂုတ် - ၂၈

စစ်ကိုင်းတိုင်း အထက်ပိုင်း၊ မင်းကင်းမြိုနယ် တောင်တွင်းဒေသ ခင်ဦးကျေးရွာထဲ ဝင်မွှေလုယက် မီးရှို့နေတဲ့ စစ်အုပ်စုကို မိုင်းထောင်ဖောက်ခွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာက နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ မင်းကင်းနယ် တောင်တွင်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - TPDF က သတင်း ထုတ်ပြန်ပါတယ်။

သြဂုတ်(၂၇)ရက် မနေ့က နေ့လည်(၂)နာရီက တောင်တွင်းဒေသ ခင်ဦးရွာထဲ ဝင်မွှေလုယက် မီးရှို့နေတဲ့ အင်အား(၁၀၀)ခန့်ပါ စစ်အုပ်စုကို တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး တပ်ဆင်ထားတဲ့ မိုင်းနှင့် မိုင်းကြိုးတွေက မိုးသည်ထန်စွာ ရွာသွန်းပြီး ရာသီဥတု ဆိုးရွားနေချိန်မှာ ပေါက်ကွဲအား မကောင်းဘဲ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

"မိုးတွေက ရွာတော့ ထင်သလောက် ခရီးမပေါက်ဘူး"လို့ တောင်တွင်းဒေသ TPDF တပ်ဖွဲ့ဝင် ပြည်သူ့ရဲဘော်တစ်ဦးက MFP ကို ပြောပါတယ်။

ဒါ့အပြင် မိုင်းဖောက်ခွဲပြီးနောက် အင်အားရာချီတဲ့ စစ်အုပ်စုနဲ့ တိုက်ခိုက်ရာမှာလည်း လက်လုပ်နှင့် တူးမီးသေနတ်တွေကိုသာ အဓိက အားပြု ပစ်ခတ်ရတာကြောင့် လက်နက်အင်အား၊ လူအင်အား မမျှဘဲ ပြန်လည် ဆုတ်ခွာခဲ့ရတယ်လို အဲဒီ ရဲဘော်က ဆက်ပြောပါတယ်။

"လက်လုပ်တူမီးကိုသာ အဓိက ထားနေရတဲ့ ကျနော်တို PDF လေးတွေ အတွက်တော့ အခွင့်မသာခဲ့ပါ။ အပြန် အလှန်ထိတွေ့မှု ခဏ ဖြစ်ပွားခဲ့ပေမယ့် ထိခိုက်အကျဆုံးကိုတော့ အတိအကျ မသိရပါ" လို့ တောင်တွင်း TPDF က ဖော်ပြပါတယ်။

စစ်အုပ်စုကို ထိရောက်တဲ့ ခုခံတိုက်ခိုက်မှုတွေ ပြုလုပ်နိုင်ဖို လက်နက်ခဲယမ်း လိုအပ်နေပြီး ပြည်သူတွေအနေနဲ့ တတ်နိုင်သမျှ အားဖြည့်ကူညီပေးကြဖို တောင်တွင်း TPDF က မေတ္တာရပ်ခံပါတယ်။

တောင်တွင်းဒေသ ခင်ဦးရွာထဲ ဝင်မွှေလုယက်တဲ့ စစ်အုပ်စု မီးရှို့လို့ CDM ကျောင်းဆရာ တစ်ဦးရဲ့ နေအိမ်နဲ့ ဒေသခံရွာသားတစ်ဦးရဲ့ ဆီစက်တစ်လုံး မီးလုံးဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိ မင်းကင်းနယ် တောင်တွင်းဒေသထဲ ဝင်မွှေလုယက် သောင်းကျန်း မီးရှို့နေတဲ့ စစ်အုပ်စုဟာ ကလေးဝဘက်ကနေ မင်းကင်းနယ်ထဲ ဝင်ရောက်လာပြီး သောင်းကျန်းနေတာ ဖြစ်တယ်လို့ တောင်တွင်း TPDF က ဆိုပါတယ်။

မင်းကင်းနယ် တောင်တွင်းဒေသ ရွာတစ်ရွာကို စစ်အုပ်စုက ဝင်မွှေလုယက် မီးရှို့နေစဉ် (ပုံဟောင်း)/Photo – CJ

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မင်းကင်း #CDM #တောင်တွင်း #ဆရာ #ရွာ #တိုက်ပွဲ #TPDF

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ