တန့်ဆည်နယ် ဒယ်ရောက်ရွာအနီး တိုက်ပွဲမှာ တော်လှန်ရေးရဲဘော် ခုနှစ်ဦး ကျဆုံး၊

တန့်ဆည်နယ် ဒယ်ရောက်ရွာအနီး တိုက်ပွဲမှာ တော်လှန်ရေးရဲဘော် ခုနှစ်ဦး ကျဆုံး၊

MFP၊ အောက်တိုဘာ - ၉

စစ်ကိုင်းတိုင်း၊ ရေဦးနှင့် တန့်ဆည်နယ်ထဲ ရွာစဉ်ပတ်မွှေ လုယက် ဓားပြတိုက် သောင်းကျန်းနေတဲ့ စစ်အုပ်စုနှင့် တော်လှန်ရေးတပ်ဖွဲတွေ တိုက်ပွဲ ပြင်းထန်နေပြီး မနေ့က နေ့လည်ပိုင်း တန့်ဆည်နယ် ဒယ်ရောက်ရွာအနီး ဖြစ်ပွားတဲ့ တိုက်ပွဲမှာ ပြည်သူ့ရဲဘော် ခုနှစ်ဦး ကျဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက သတင်း ထုတ်ပြန်ပါတယ်။

အောက်တိုဘာ(၈)ရက် နေ့လည်(၁၂)နာရီခွဲက တန့်ဆည်မြို့နယ်၊ တပ်သစ်ရွာထဲ ဝင်မွှေလုယက် သောင်းကျန်းပြီး ပြန်ထွက်လာတဲ့ စစ်အုပ်စုကို ကလဇင်ရွာနှင့် ဒယ်ရောက်ရွာကြားမှာ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ (၄၅)မိနစ်ကြာ တိုက်ပွဲ ဖြစ်ပွားပြီး ပြည်သူ့ရဲဘော် ခုနှစ်ဦး ကျဆုံးခဲ့တာလို့ ဆိုပါတယ်။

"၄၅မိနှစ်ခန့်ကြာ ထိတွေ့မှု့ဖြစ်ခဲ့ပါသည်။ စခဘက်မှ လက်နက်ကြီး၊ စက်လက်များဖြင့် ရွာထဲသို့အဆက်မပြတ် ပစ်ခက်ခဲ့သဖြင့် ရွာသူရွာသားများအား အရေးပေါ် ကယ်ထုတ်ခဲ့ရပါသည်။ ပြည်သူ့ကာကွယ်ရေးရဲဘော် ခုနှစ်ဦး ကျဆုံး" လို့ Myanmar Defense Force - Hydra Force က ဖော်ပြပါတယ်။

တန့်ဆည်နယ်၊ ဒယ်ရောက်ရွာ တိုက်ပွဲမှာ MDF- Hydra Force၊ ၊မြောက်ပိုင်းမဟာမိတ် (ဓူဝံ)၊ SSTF တပ်ဖွဲ့၊ ရေဦးမြောက်ပိုင်း မဟာမိတ်တပ်ဖွဲနှင့် ဒေသကာကွယ်ရေးတပ်တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ကျဆုံးရဲဘော် ခုနှစ်ဦးနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို မသိရသေးဘဲ စစ်အုပ်စုက ပြည်သူကို ပစ်မှတ်ထားကာ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒေသခံတွေကို ဘေးလွတ်ရာ ကယ်ထုတ်ရင်း တော်လှန်ရေး ရဲဘော်တွေ အကျအဆုံး များခဲ့ရတာလို့ ဆိုပါတယ်။

"ကျနော်တို ကာကွယ်ရေးအဖွဲတွေဘက်က ထိခိုက်ကျဆုံးတာတွေ ရှိခဲ့ပေမယ့် တစ်ချို ရဲဘော်တွေ အနေနဲ့ အတည်မပြုရသေးပါဘူး။ ရဲဘော် သုံးယောက်ကျဆုံးတာတော့ သေချာတယ်။ ကျန်တာတွေ လူစုကွဲ ကုန်တာလား ဘာလား သေချာမသိရသေးပါဘူး ခင်ဗျ"လို့ မြန်မာ့တော်ဝင်နဂါးတပ်တော် - MRDA တပ်ခွဲတစ်ခုဖြစ်တဲ့ Spring Special Task Force- MRDA ခွဲ -K.U (SSTF) တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်နေချိန် စစ်အုပ်စုက ဒယ်ရောက်ရွာထဲကို လက်နက်ကြီးတွေနဲ့ ရမ်းကားပစ်ခတ်တာကြောင့် ဒေသခံပြည်သူတွေကို အရေးပေါ်ကယ်ထုတ်ခဲ့ရပြီး လက်ရှိမှာ စစ်အုပ်စုက ဒယ်ရောက်ရွာထဲ စီးနင်းဝင်မွှေ သောင်းကျန်းနေဆဲ ဖြစ်တယ်လို့ တော်လှန်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

အင်အား (၇၀)လောက်နဲ့ တန့်ဆည်နှင့် ရေဦးနယ်ထဲ ရွာစဉ်ပတ်မွှေ လုယက် ဓားပြတိုက် သောင်းကျန်းနေတဲ့ စစ်အုပ်စုကို အောက်တိုဘာ (၇) ရက် ညနေပိုင်းမှာလည်း တန့်ဆည်နယ် တပ်သစ်မြောက်ရွာနှင့် ရေဦးနယ် တပ်သစ်တောင်ရွာအနီးမှာ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး အဲ့ဒီ တိုက်ပွဲမှာတော့ စကစ(၁၀)ယောက်ခန့် သေတယ်လို့ SSTF(ခင်ဦး)က ပြောပါတယ်။

"အောက်တိုဘာ (၄ )ရက် ကတည်းက တန့်ဆည်က ထွက်လာတဲ့ စစ်ကြောင်းပေါ့၊ အခုစစ်ကြောင်းက နှစ်ရွာပေါင်း အိမ်ခြေ (၅၀၀)လောက်တော့ ရှိမယ် ဝင်မွှေ မီးရှို့နေတာ။ ဒေသခံတွေ ပြေးနေကြတယ်။ နီးစပ်ရာ ရွာတွေလည်း ပြေးနေကြရတယ် ခင်ဗျ"လို SSTF တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

တန့်ဆည်နှင့် ရေဦးနယ်တွေ အပါအဝင် စစ်ကိုင်းတိုင်းက မြို့နယ်တွေကို စစ်အုပ်စုက ဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ထားကာ ရွာစဉ်ပတ်မွှေ လုယက် ဓားပြတိုက် သောင်းကျန်းနေတာ ဖြစ်ပါတယ်။

စစ်အုပ်စုကို ခုခံတိုက်ခိုက်နေတဲ့ MDF- Hydra Force တပ်ဖွဲ့ဝင်များ/Photo - MDF- Hydra Force

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #တန့်ဆည် #ရေဦး #MDF #ဓူဝံ #ဒယ်ရောက် #ပြည်သူ့ရဲဘော် 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ