စစ်မက်ကာလ ကလေးသူငယ်တွေကို အကာအကွယ်ပေးရမယ့် နိုင်ငံတကာ စံသတ်မှတ်ချက်များ၊

စစ်မက်ကာလ ကလေးသူငယ်တွေကို အကာအကွယ်ပေးရမယ့် နိုင်ငံတကာ စံသတ်မှတ်ချက်များ၊

MFP ၊ သြဂုတ် - ၂၉

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း တိုက်ပွဲတွေနှင့် စစ်အုပ်စုရဲ့ ဖမ်းဆီးသ-တ်-ဖြတ်မှုတွေကြောင့် ကလေးသူငယ် (၁၄၀)ကျော် သေဆုံးခဲ့ပြီး နှစ်သိန်းခွဲကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အန်ဒရူးရဲ့ အစီအရင်ခံစာမှာ ဖော်ပြပါတယ်။

နိုင်ငံတကာ စောင့်ကြည့်လေ့လာရေး အဖွဲ့အစည်းတွေရဲ့ မှတ်တမ်းတွေမှာတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်း ကလေးသူငယ် (၂၀၀)ကျော် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါအပြင် စစ်အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ ပြည်သူအရေအတွက်က တစ်သန်းကျော်အထိ တိုးမြင့်လာပြီလို့ ကုလသမဂ္ဂက ဆိုပြီး နေရပ်စွန့်ခွာနေရသူတွေထဲ (၃၇)ရာခိုင်နှုန်းဟာ ကလေးတွေဖြစ်ပြီး အများအပြားက တောတောင်တွေထဲမှာ ယာယီတဲလေးတွေနဲ့ နေထိုင်နေရပြီး အကာအကွယ်နဲ့ အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။

အာဏာသိမ်း စစ်ကောင်စီက ကလေးသူငယ်တွေကိုပါ အကြမ်းဖက်မှုတွေ ကျူးလွန်နေပြီး ကုလအထူးကိုယ်စားလှယ်ရဲ့ အစီအရင်ခံစာအရ အသက် သုံးနှစ်အောက်အရွယ် အပါအဝင် ကလေးသူငယ် (၆၁)ဦးထက်မနည်းဟာ စစ်ကောင်စီရဲ့ ဓါးစာခံအဖြစ် ဖမ်းဆီးခြင်းကို ခံထားရပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ ကလေးသူငယ်တွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေပြီး အဲ့ဒီ လုပ်ရပ်ဟာ ကလေးတွေရဲ့ အနာဂါတ်ကို ခိုးယူနေတာဖြစ်ကြောင်း ကုလအထူးကိုယ်စားလှယ်ရဲ. “’ကျဆုံးတဲ့ မျိုးဆက်တစ်ခု” လို့ ခေါင်းစဉ်ပေးထားတဲ့ အစီအရင်ခံစာမှာ အတိအလင်း ဖော်ပြထားပါတယ်။

ကလေးသူငယ်တွေ ခံစားနေရတဲ့ ဝေဒနာတွေ လွတ်မြောက်စေဖို့ နိုင်ငံတကာက စစ်ကောင်စီကို ဖိအားပိုပေးဖို့လည်း တောင်းဆိုထားပါတယ်။ ပဋိပက္ခတွေရှိတဲ့အခါတိုင်း ကလေးသူငယ်တွေဟာ ပဋိပက္ခတွေရဲ့ ဆိုးကျိုးကို အဓိက ခံစားရတဲ့အတွက် သက်ဆိုင်သူ အားလုံးအနေနဲ့ ကလေးသူငယ်တွေကို ကာကွယ်ကြဖို့အတွက်လည်း ကုလသမဂ္ဂက တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေ လက်ရှိ ကြုံတွေ့ခံစားနေရတဲ့ အကြမ်းဖက်ခံရမှုတွေက ကင်းဝေးစေဖို့အတွက် နိုင်ငံတကာမှာ စစ်ပွဲနှင့် ပဋိပကခ္ကာလ ကလေးသူငယ်တွေကို ဘယ်လို အကာအကွယ်တွေ ပေးထားသလဲဆိုတာ လေ့လာ သိရှိနိုင်ဖို့ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ကလေးသူငယ်တွေကို အကာအကွယ်ပေးခြင်း - Geneva Call သဘောတူညီချက်ထဲက အဓိက စည်းမျဉ်းတွေကို ဆီလျှော်အောင် ဘာသာပြန်ဆို ဖော်ပြလိုက်ပါတယ်။

(Geneva Call ဆိုတာကတော့ ကုလသမဂ္ဂ ဌာနချုပ် တည်ရှိရာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ အခြေစိုက်တဲ့ ကြားနေ၊ ဘက်မလိုက်တဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ Geneva Call အနေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ အတွင်းရှိ ကလေးသူငယ်တွေကို အကာအကွယ်ပေးခြင်း၊ မြေမြုပ်မိုင်း အသုံးမပြုရေး၊ အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မူ တားမြစ်ရေးနဲ့ ကျားမခွဲခြားဆက်ဆံမူ ပပျောက်ရေးစတဲ့ သဘောတူညီချက်စာချုပ်တွေကို လိုက်နာကျင့်သုံးရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီသဘောတူညီချက်တွေကို လက်မှတ်ရေးထိုးရေး အတွက်လည်း အစိုးရမဟုတ်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။)

လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်တွေကို ကာကွယ်ပေးရေးနဲ့ ပတ်သတ်တဲ့ Geneva Call ရဲ့ အဓိက စည်းမျည်းတွေကတော့

- အသက်(၁၈)နှစ်အောက် ယောင်္ကျားလေး၊ မိန်းကလေးတွေကို ကလေးသူငယ်လို့ သတ်မှတ်ပါတယ်။

- တကယ်လို့ ကလေးသူငယ်တွေ အနေနဲ့ ၎င်းတို့ သဘောအလျောက် စစ်ထဲကို ဝင်ရောက်ရင်လည်း တိုက်ပွဲ ဒါမှမဟုတ် တိုက်ပွဲနဲ့ ဆက်စပ်တဲ့ ကိစ္စတွေမှာ လုံး၀ အသုံးမပြုရပါဘူး၊

- ကလေးသူငယ်တွေကို စစ်ထဲဝင်ရောက်ဖို့ ဘယ်လို အခြေအနေ၊ ဘယ်လိုအပြုအမူမျိုးနဲ့မဆို ဖိအားမပေးဖို့ ပြဌာန်းထားပါတယ်။

- တကယ်လို့ ကလေးသူငယ်တွေအနေနဲ့ သူတို့ သဘောအတိုင်း စစ်ထဲဝင်ရောက်မယ်ဆိုရင်လည်း စစ်သားအဖြစ် မစုဆောင်းရပါဘူး၊ စစ်သားအဖြစ် ခွင့်မပြုရဘူး။

- ကလေးသူငယ်တွေကို ထိန်းသိမ်းပါကလည်း နောက်ဆုံး အားကိုးအားထား ပြုရာအနေနဲ့ပဲ လုပ်ဆောင်ရပါမယ်။

- ကလေးသူငယ်တွေကို မည်သည့်အခါတွင်မှ ကွပ်မျက်-သ-တ်-ဖြတ်ခြင်း မပြုရပါဘူး၊

- ကလေးသူငယ်တွေ အနေနဲ့ စစ်တပ်အတွင်းက ထွက်ခွာရင်လည်း ဘေးအန္တရာယ် ကင်းရှင်းစွာနဲ့ နေရပ်ပြန်နိုင်ရေးကို အကာအကွယ်ပေးရပါမယ်။

- လက်နက်ကိုင်လှုပ်ရှားမူတွေ တိုက်ပွဲဖြစ်ပွားနေတဲ့ အချိန်တွေမှာလည်း ကလေးသူငယ်တွေကို အကာအကွယ်ပေးနိုင်ရန် တတ်နိုင်ရာ အားလုံးကို ဆောင်ရွက်ပေးရပါမယ်။

- ကလေးသူငယ်တွေအနေနဲ့ အကူအညီနဲ့ စောင့်ရှောက်မူတွေကို အသေအချာ ရရှိစေဖို့ တတ်နိုင်တဲ့ နည်းလမ်းအားလုံးကို ဆောင်ရွက်ပေးရပါမယ်။

- အထက်က စည်းမျည်းတွေကို လက်တွေ့လိုက်နာနိုင်ဖို့ ဆောင်ရွက်ရပါမယ်။

- စည်းမျည်းချိုးဖောက်မူတွေကို နိုင်ငံတကာ သတ်မှတ်စံညွန်းတွေနဲ့အညီ အရေးယူ ဆောင်ရွက်ရပါမယ်။

- စည်းမျည်းတွေကို လေးစားလိုက်နာခြင်း ရှိ၊မရှိ စောင့်ကြည်စစ်ဆေးဖို့ ဂျီနီဗာ တောင်းဆိုချက်နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ သတ်မှတ်ထားပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ကလေးသူငယ်တွေ အတိဒုက္ခ မရောက်စေဖို့ ဂျီနီဗာတောင်းဆိုချက်လို စည်းမျည်းတွေကို သက်ဆိုင်ရာ အားလုံးက လိုက်နာဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း မြန်မာနိုင်ငံမှာ ရိုက်ကူးထားတဲ့ ကလေးစစ်သားများ/Photo - AFP

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကလေးသူငယ် #စစ်ပွဲ #Geneva_Call 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ