၅/ နဲ့ ၈/ တွေ အလုပ်မခန့်ဘူးဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက် ခွဲခြားဆက်ဆံတဲ့ လုပ်ငန်းရှင်တွေကို အရေးယူမယ်လို့ NUG ထုတ်ပြန်

၅/ နဲ့ ၈/ တွေ အလုပ်မခန့်ဘူးဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက် ခွဲခြားဆက်ဆံတဲ့ လုပ်ငန်းရှင်တွေကို အရေးယူမယ်လို့ NUG ထုတ်ပြန်

MFP ၊ ဩဂုတ် - ၂၇

အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွါးမှုပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှတ်ပုံတင် ၅/ နဲ့ ၈/ ကိုင်ဆောင်ထားသူတွေကို အလုပ်မခန့်ဘူးဆိုတဲ့ သတင်းတွေ ထွက်လာပြီးတဲ့နောက် ခွဲခြားဆက်ဆံတဲ့ လုပ်ငန်းရှင်တွေကို အရေးယူမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

အကြမ်းဖက်စစ်တပ်နဲ့ အပေါင်းအပါ လုပ်ငန်းရှင်တွေက တည်ဆဲဥပ‌ဒေ ပြဋ္ဌာန်းချက်တွေကို မျက်ကွယ်ပြုကာ အလုပ်သမားတွေအပေါ် ဥပဒေမဲ့ရမ်းကားမှုတွေ ပြောင်ပြောင်တင်းတင်း လုပ်ဆောင်နေကြတယ်လို့ NUG အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။

စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းတို့အပါအဝင် ပြည်နယ်အချို့မှ အလုပ်သမားများတွေဟာ သူတို့ ကိုင်ဆောင်ထားတဲ့ မှတ်ပုံတင်ကို ‌အကြောင်းပြကာ အလုပ်ထုတ်ခြင်း၊ အလုပ်မခန့်ခြင်းအပြင်အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုးတွေနဲ့ ပူးပေါင်းကာ အဆောင်မှာဆက်လက် နေထိုင်ခွင့်မရဖို့ ဖိအားပေးခြင်း အစရှိတဲ့ နည်းလမ်းမျိုးစုံနဲ့ ဖိနှိပ်မှုတွေ ပြုလုပ်နေတာကို တွေ့ရှိရပါတယ်လို့ အလုပ်သမားဝန်ကြီးဌာနက ကြေညာချက်မှာ ဆက်လက်ဖေါ်ပြခဲ့ပါတယ်။

" စစ်အာဏာရှင်တော်လှန်ရေးမှာ ရဲရဲဝင့်ဝင့် တိုက်ပွဲဝင်နေကြတဲ့ အလုပ်သမားတွေ အပါအဝင် ပြည်သူတွေအပေါ် အခုလိုခွဲခြားဆက်ဆံမှုက စစ်အာဏာရှင်စနစ်တည်မြဲစေဖို့ ထောက်တိုင်သဖွယ် ကူညီဆောင်ရွက်ပေးနေတာဖြစ်လို့ ဝန်ကြီးဌာနအနေဖြင့် ပြင်းထန်စွာ ရှုတ်ချပါတယ်၊ အလုပ်ရှင်တွေအနေနဲ့ ဘယ်လိုအကြောင်းနဲ့မှ အလုပ်သမားတွေ အပါအဝင် ပြည်သူအားလုံးအပေါ် ခွဲခြားဆက်ဆံမှုမပြုလုပ်ဖို့နဲ့ အတတ်နိုင်ဆုံးကူညီဖေးမပေးကာ စစ်အာဏာရှင်တော်လှန်ရေးမှာ တဖက်တလမ်းက ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းအပ်ပါတယ် " လို့ ဆိုထားပါတယ်။

" ၅/ မှတ်ပုံတင်နဲ့ဆို အခြားတိုင်းနဲ့ပြည်နယ်တွေမှာ အလုပ်သွားလုပ်မယ်ဆိုရင် အရမ်းခက်တယ်၊ မခန့်ချင်ကြဘူး၊ အခုဆို ခရီးထွက်မယ်ဆိုရင်တောင် လမ်းမှာ ဂိတ်တွေက အကြောင်းအမျိုးအမျိုးပြ ရစ်နေကြတာ " လို့ စစ်ကိုင်းဒေသခံ တစ်ဦးက ပြောပါတယ်။

လူမှုကွန်ယက်စာမျက်နှာပေါ်မှာလည်း ၅/ မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေကို အလုပ်ထုတ်ခြင်း နဲ့ အလုပ်မခန့်တဲ့အပေါ် ဝေဖန်မှုများစွာ မြင့်တက်ခဲ့ပြီး ဆိုင်အချို့ကတော့ ၅/ ဆိုရင် အလုပ်မခန့်ဘူးဆိုတဲ့ ထုတ်ဖေါ်ကြေငြာတာမျိုးအထိ ရှိခဲ့ပါတယ်။

လုပ်ငန်းခွင် သို့မဟုတ် အလုပ်ခန့်ထားမှုတွေမှာ ခွဲခြားဆက်ဆံခံရတဲ့ အလုပ်သမားတွေအနေနဲ့ အလုပ်သမားဝန်ကြီးဌာန တိုင်ကြားရေးယန္တရားကို တိုင်ကြားဖို့၊ အခြေခံလူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်နေတဲ့ အလုပ်ရှင်တွေကို မှတ်တမ်းများရယူကာ ထိရောက်စွာ အရေးယူသွားမှာဖြစ်တယ်လို့ အသိပေးခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ အခြေခံအလုပ်သမား အခွင့်အရေးတွေကို ဥပဒေနဲ့အညီ ရရှိ‌ရေး၊ အလုပ်အကိုင် တည်မြဲရေး၊ ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်ရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေး၊ ပြည်တွင်းနဲ့ ပြည်ပရောက် မြန်မာအလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်မှု ပေးနိုင်ရေးလုပ်ငန်းတွေကို စနစ်တကျ ဖြစ်စေဖို့ တည်ဆဲဥပဒေမူဘောင်တွေကို ပြန်လည်သုံးသပ်ပြင်ဆင်ခြင်း လုပ်ငန်းတွေကို အလေးထားဆောင်ရွက်နေပါတယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အလုပ်သမား #အလုပ်ခန့်ထားမှု #လုပ်ငန်းခွင်ခွဲခြားဆက်ဆံ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ