ညောင်ဦး ငါ့သရောက်ရဲစခန်း စီးနင်းခံရပြီး စခန်းမှူး အပါ စစ်ကောင်စီ သစ္စာခံ (၁၁)ယောက် သေ၊ ပြည်သူ့ရဲဘော် တစ်ဦး ကျဆုံးပြီး လက်နက်ခြောက်လက် ရရှိဟုဆို၊

ညောင်ဦး ငါ့သရောက်ရဲစခန်း စီးနင်းခံရပြီး စခန်းမှူး အပါ စစ်ကောင်စီ သစ္စာခံ (၁၁)ယောက် သေ၊ ပြည်သူ့ရဲဘော် တစ်ဦး ကျဆုံးပြီး လက်နက်ခြောက်လက် ရရှိဟုဆို၊

MFP ၊ အောက်တိုဘာ - ၃၀

မန္တလေးတိုင်း ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့၊ အမှတ်(၂)ရပ်ကွက်မှာ ရှိတဲ့ ငါ့သရောက်နယ်မြေ ရဲစခန်း မနေ့က ညနေပိုင်းမှာ စီးနင်းတိုက်ခိုက်ခံရပြီး စခန်းမှူး အပါအဝင် စစ်ကောင်စီ သစ္စာခံ ရဲ (၁၁) ယောက် သေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အောက်တိုဘာ(၂၉)ရက် ညနေ(၄)နာရီကျော်က ငါ့သရောက် ရဲစခန်း စီးနင်းတိုက်ခိုက်ခံရတာ ဖြစ်ပြီး ငါ့သရောက်ရဲစခန်းမှူး ရဲအုပ်အေးကျော် အပါအဝင် စစ်ကောင်စီ သစ္စာခံ ရဲ (၁၁)ယောက် သေပြီး စစ်အုပ်စုက ပြန်လည်ပစ်ခတ်ချိန် လက်ပစ်ဗုံးထိကာ PDF ရဲဘော်တစ်ဦး ကျဆုံးတယ်လို့ နီးစပ်သူ သတင်းရင်မြစ်တွေက MFP ကို ပြောပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုအတွင်း လက်နက် ခြောက်လက် သိမ်းဆည်းရရှိတယ်လို့လည်း ဆိုပြီး အသေးစိတ် အခြေအနေတွေကိုတော့ မသိရသေးပါဘူး။

“ မနေ့ညနေ ငါးနာရီထိုးခါနီးလောက်မှာ ပစ်ကြခတ်ကြတာ၊ ရဲတွေ အငိုက်မိသွားပုံရတယ်၊ အကုန်လုံးနီးပါး သေသွားတာပဲ၊ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာတော့ မသိရသေးဘူး “ လို့ ငါ့သရောက်မြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။

ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စု ရောက်လာကာ ငါ့သရောက်မြို့ အဝင်အထွက်တွေမှာ ပိတ်ဆို့ စစ်ဆေးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုဘက်က သတင်ဖြန့်ရာမှာတော့ ငါ့သရောက် နယ်မြေရဲစခန်းကို PDFအဖွဲ့ (၂၅)ဦးက ဆိုင်ကယ်တွေနဲ့ ရောက်လာပြီး ပစ်ခတ်တိုက်ခိုက်ရာ ရဲစခန်းမှူး ရဲအုပ် အေးကျော် အပါဝင် စကစရဲ (၁၀)ယောက်နဲ့ ရဲမိသားစုဝင် အမျိုးသမီးတစ်ယောက်၊ စုစုပေါင်း(၁၁)ယောက် သေတယ်လို့ ဆိုပါတယ်။

ငါ့သရောက်မြို့ဟာ ညောင်ဦးနှင့် တောင်သာမြို့နယ်အစပ်မှာ ရှိပြီး ညောင်ဦးနှင့် (၁၅)မိုင်ကျော်ဝေးကာ ပုဂံဗိုလ်ချိုရဲ့ ဇာတိမြေဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လအတွင်း ငါ့သရောက်မြို့က စတိုးဆိုင်ပိုင်ရှင် အသက်(၃၀)အရွယ် အမျိုးသမီး အပါအဝင် ညောင်ဦး၊ ငါ့သရောက်နှင့် တောင်သာက NLD ပါတီဝင် ဒေသခံပြည်သူ ခုနှစ်ဦးထက်မနည်းကို စစ်အုပ်စုက အိမ်ထဲဝင် ဖမ်းဆီးပြီး အမျိုးသမီးကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သလို အမျိုးသားတွေကို လည်လှီးကာ ခေါင်းဖြတ်သတ်ပြီး အလောင်းတွေကို လမ်းဘေးစွန့်ပစ်ခဲ့ပါတယ်။ အဲ့ဒီ ဒေသခံပြည်သူတွေကို PDF ထောက်ပံ့တယ်လို့ စွပ်စွဲကာ စစ်အုပ်စုက ဖမ်းဆီးညှဉ်းပန်း သတ်ဖြတ်တာ ဖြစ်ပြီး သွေးသောက်အဖွဲ့က သတ်တာလို့ သတင်းဖြန့်ပါတယ်။ သွေးသောက်အဖွဲ့က ဆက်လက် သတ်ဖြတ်ဦးမှာမို့ NLD ပါတီဝင်တွေ သတိထားကြဖို့ စစ်အုပ်စုက ခြိမ်းခြောက်ထားပါတယ်။

ပုဂံ ညောင်ဦးနယ်မှာ စစ်အုပ်စုနဲ့ ဆက်စပ်တဲ့ သတင်းပေး၊ ဒလန် တစ်ဦးတစ်ယောက် အသတ်ခံရတိုင်း စစ်အုပ်စုက ဒေသခံပြည်သူ ရာနှင့်ချီကာ ဖမ်းဆီးလေ့ရှိပြီး ထင်တိုင်းကျဲ ညှဉ်းပန်း၊ ငွေညှစ်ကာ ရန်ပြုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ညောင်ဦးနယ် ငါ့သရောက် ရဲစခန်း စီးနင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ဆက်လက် သတင်းထုတ်ပြန်မယ်လို့ ဆိုပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ငါ့သရောက် #ရဲစခန်း #စီးနင်းတိုက်ခိုက်ခံရ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ