ကသာမှာ ဖက်ဆစ်တပ် သင်္ဘောတွေက ပစ်ခတ်လို့ လေးတန်းကျောင်းသူ ကလေးငယ် သေဆုံး၊ ဒဏ်ရာရသူနှင့် ထိခိုက်ပျက်စီးမှုတွေလည်း ရှိ၊

ကသာမှာ ဖက်ဆစ်တပ် သင်္ဘောတွေက ပစ်ခတ်လို့ လေးတန်းကျောင်းသူ ကလေးငယ် သေဆုံး၊ ဒဏ်ရာရသူနှင့် ထိခိုက်ပျက်စီးမှုတွေလည်း ရှိ၊

MFP ၊ အောက်တိုဘာ - ၂၃

ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်နေတဲ့ ဖက်ဆစ်တပ်ရဲ့ သင်္ဘောတွေဟာ ဒီနေ့ အောက်တိုဘာ(၂၃)ရက် မနက်ပိုင်း ကသာနယ် ဆင်ကုန်တိုင်ကျေးရွာထဲ လက်နက်ကြီးနဲ့ ရမ်းကား ပစ်ခတ် သောင်းကျန်းလို့ အသက်(၁၂)နှစ်အရွယ် လေးတန်းကျောင်းသူ ကလေးငယ်တစ်ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့တယ်လို့ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က သတင်း ထုတ်ပြန်ပါတယ်။

မနေ့ကညပိုင်း ကသာနယ် မိုးတားလေးရွာမှာ ညအိပ်ပြီး ဒီမနက်ပိုင်း ဧရာဝတီမြစ်ကြောင်းအတိုင်း ဆက်လက်ဆန်တက်နေတဲ့ ဖက်ဆစ်တပ်ရဲ့ သင်္ဘောတွေက မြစ်ကမ်းတလျှောက် မြို့ရွာတွေကို ရမ်းကားပစ်ခတ်နေပြီး ဒီမနက်ပိုင်း ဆင်ကုန်တိုင်ရွာထဲ လက်နက်ကြီး နဲ့ ပစ်ခတ်ရာမှာ လေးတန်းကျောင်းသူ ကလေးငယ် သေဆုံးတာလို့ ဆိုပါတယ်။

"နံနက်(၈)နာရီခန့်တွင် မိုးတားလေး ရေဆိပ်မှ ဖျားနာထိခိုက်ဒဏ်ရာရ စခများကို တင်ပြီး ရေယာဉ်များ ဆက်လက်ထွက်ခွာရာ ဆင်ကုန်တိုင် ကျေးရွာနား အရောက်တွင် လေယာဉ်လိုက်ပါ ဝဲပျံခြင်းအပြင် ရေယာဉ်များမှလည်း ဆင်ကုန်တိုင်ရွာဖက်ကို လက်နက်မျိုးစုံဖြင့် ပစ်ခတ်ခဲ့ရာ ၎င်းရွာမှ ကိုလှစိန်+မခင်စန်းလွင်တို့၏ (၁၂)နှစ်အရွယ် လေးတန်းကျောင်းသူ မနှင်းအိလွင်မှာ ညာဘက်ရင်ဘတ် နှင့် ဒူးဂေါင်းတွင် လက်နက်ကြီးစ ထိမှန်သေဆုံးခဲ့ပြီး မဇင်မာဦးမှာ ဘယ်နားရွက် လက်နက်ကျည်စ ထိမှန်ခဲ့ပြီး (မစိုးရိမ်ရ) နွားလှည်းနှင့် နေအိမ်များကို ပေါက်ကွဲကျည်စများ ထိမှန်ခဲ့ပါသည်" လို့ ကသာ ပကဖ က ဖော်ပြပါတယ်။

မန္တလေးကတဆင့် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်နေတဲ့ ဖက်ဆစ်တပ်ရဲ့ သင်္ဘောခုနှစ်စီးဟာ မြစ်ကမ်းဘေး မြို့ရွာတွေက ပြည်သူတွေကို ပစ်မှတ်ထားပြီး ပစ်ခတ်တိုက်ခိုက်တာ၊ ကမ်းကပ်ချိန် အနီးဝန်းကျင်ရွာတွေကို ဝင်မွှေလုယက် ဓားပြတိုက်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။

" စစ်အုပ်စုရေယာဉ် ခုနှစ်စီးသည် အောက်တိုဘာ(၂၀)ရက် ညနေပိုင်းတွင် ကသာမြို့ သို့ ညအိပ်ရပ်နားခဲ့ပြီး (၂၁)ရက် နေ့လည်(၁)နာရီခွဲတွင် အထက်သို့ဆက်လက် ဆန်တက်ရာ ကပ္ပလိပ်ကျေးရွာမှ စတင်ပြီး လက်နက်ကြီးငယ် မျိုးစုံဖြင့် ပစ်ခတ် ခဲ့ပါသည်။ ရေယာဉ်အုပ်စုကို ဂျက်လေယာဉ်နှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များမှ အလှည့်ကျ ဝဲပျံပြီး လိုက်ပါပေးနေပါသည်" လို့ ကသာ ပကဖ က ဖော်ပြပါတယ်။

ဖက်ဆစ်တပ်ရဲ့ သင်္ဘောတွေဟာ အောက်တိုဘာ(၂၀)ရက်ကလည်း ထီးချိုင့်ကနေ ကသာဘက် ဆန်တက်လာချိန် မြစ်ကမ်းတလျှောက် သောင်းကျန်းရမ်းကား ပစ်ခတ်လို့ ကသာနယ် ကျေးရွာတွေက သာသနိက အဆောက်အဦနှင့် နေအိမ် (၁၀)လုံးထက်မနည်း ပျက်စီးခဲ့သလို ကျွဲ၊နွားတွေလည်း သေဆုံးမှု ရှိခဲ့တယ်လို့ ဆိုပါတယ်။

"မြစ်ဘေးနေပြည်သူများအတွက် စကစရေယာဉ်များ အစုန် အဆန်လုပ်ချိန်တွင် စိုးရိမ်နေကြရပြီး စကစဖက်မှ PDF တွေမရှိဘဲ ကျေးရွာတွေကို ရမ်းသမ်းပစ်ခတ်နေတာတွေဟာ သူတို့အနေနဲ စဉ်းစားမရကြောင်းနဲ့ စကစတွေဖက်က သေချာတိကျတဲ့ သတင်းပေးပြည်သူတွေ မရှိလို့လား သက်သက်ကို ပစ်တာလားဆိုတာ နားမလည်နိုင်ကြောင်း ဒေသခံများက ပြောကြပါသည်" လို့ ကသာ ပကဖ က ဆိုပါတယ်။

ဖက်ဆစ်တပ်ရဲ့ သင်္ဘောတွေဟာ မြစ်ကမ်းဘေးနေ ပြည်သူတွေကို အကြောင်းမဲ့ ရမ်းကားပစ်ခတ် သောင်းကျန်းနေတာမို့ ဒေသခံတွေ အနေနဲ့ အသက်အန္တရာယ် မကျရောက်စေရေး သတိထား ရှောင်တိမ်းကြဖို့ မြို့လှ KPDF က တိုက်တွန်းထားပါတယ်။

"အကြမ်းဖက်စစ်ကောင်စီ ရိက္ခာသင်္ဘောများဟာ အနီတွေ၊ အဖြူတွေ၊ အစိမ်းတွေ၊ အနက်တွေ၊ ရွေးချယ်ပြီး ပစ်နေတာ မဟုတ်ပါဘူး။ ဘယ်ကောင်သေသေ သူတို့ပထွေး အမိန့်အတိုင်း ရမ်းသမ်း ပစ်ခတ်နေတာမို့ အချိန်မီ ရှောင်တိမ်းထားကြဖို့ မိဘပြည်သူများအား အသိပေးလိုက်ရပါသည်" လို့ မြို့လှ Myohla K-PDF က ဖော်ပြပါတယ်။

စစ်အုပ်စုဟာ မြစ်ကြောင်းအတိုင်း ဆန်တက်ချိန်တိုင်း မြစ်ကမ်းဘေးရွာတွေကို ဝင်မွှေလုယက် ဓားပြတိုက်တာ၊ ပြည်သူတွေရဲ့ အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တာ၊ ထင်တိုင်းကျဲ ရမ်းကားသောက်ကျန်း တာတွေ အမြဲတစေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဧရာဝတီမြစ်ထဲ ဆန်တက်နေတဲ့ ဖက်ဆစ်တပ်ရဲ့ သင်္ဘောတွေက သောင်းကျန်းရမ်းကား ပစ်ခတ်လို့ ကသာနယ် ဆင်ကုန်တိုင်ကျေးရွာက လေးတန်းကျောင်းသူ ကလေးငယ် သေဆုံး/Photo - ကသာ ပကဖ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကသာ #ရွှေကူ #ဧရာဝတီ #စစ်သင်္ဘော #မြို့လှ #KPDF #မြစ်ကမ်း #ပြည်သူ #ပကဖ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ