မန္တလေးက သပိတ်လူငယ်တွေ အဖမ်းခံရပြီး (၁၀) ရက်ကြာအထိ အဆက်အသွယ်မရ၊ စစ်အုပ်စုက သံဃာကို ခြေချင်းခတ်၊ ရိုက်နှက်ညှဉ်းပန်းပြီး ကျောင်းတိုက်တွေ စီးနင်း၊

မန္တလေးက သပိတ်လူငယ်တွေ အဖမ်းခံရပြီး (၁၀) ရက်ကြာအထိ အဆက်အသွယ်မရ၊ စစ်အုပ်စုက သံဃာကို ခြေချင်းခတ်၊ ရိုက်နှက်ညှဉ်းပန်းပြီး ကျောင်းတိုက်တွေ စီးနင်း၊

MFP ၊ နိုဝင်ဘာ - ၈

မန္တလေး မြေပြင်သပိတ်တွေမှာ ပါဝင်လေ့ရှိတဲ့ သံဃသမဂ္ဂ (မန္တလေး)က သံဃာတစ်ပါးနဲ့ မန္တလေး သပိတ်အင်အားစုက လူငယ်လေးဦးကို စစ်အုပ်စုက အောက်တိုဘာ (၃၀)ရက်မှာ အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးသွားပြီးနောက် သတင်းအမှောင်ချထားပြီး (၁၀)ရက်ကြာအထိ မိသားစုတွေ အဆက်အသွယ် မရသေးဘဲ ဖြစ်နေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြတဲ့ သပိတ်တွေမှာ ပါဝင်တဲ့ သံဃသမဂ္ဂ (မန္တလေး) ဦးဆောင်ဆရာတော် ဦးကလျာဏ (ခ) ဦးယောကြီး၊ မန္တလေး သပိတ်အင်အားစုက သပိတ်တက်ကြွလှုပ်ရှားသူ တက္ကသိုလ်ကျောင်းသား လူငယ်တွေဖြစ်ကြတဲ့ ကိုပိုင်နွေဦး၊ ကိုဥက် (ခ) ကိုကောင်းခန့်ဇော်၊ ကိုနေရဲ၊ ကိုဟိန်းမောင်တို့ကို စစ်အုပ်စုက ဥပဒေမဲ့ ဖမ်းဆီးထားတာ ဖြစ်ပါတယ်။

“အခုထိ သူတို့ရဲ့ နောက်ဆက်တွဲ ဘာမှ မသိရသေးဘူး “ လို့ သပိတ်လူငယ်တွေနဲ့ နီးစပ်သူတစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုက တက္ကသိုလ်ကျောင်းသား လူငယ်လေးဦးကို သပိတ်ဆနဒပြနေချိန် ဖမ်းတာ မဟုတ်ဘဲ တချို့ကို လမ်းပေါ်မှာ ကားနဲ့တိုက်ဖမ်းပြီး တချို့ကို နေအိမ်တွေထဲ စီးနင်းဝင်မွှေ ဖမ်းဆီးတာ ဖြစ်ပါတယ်။

ဆရာတော် ဦးကလျာဏ(ခ) ဦးယောကြီးကို စစ်အုပ်စုက ရိုက်နှက်နှိပ်စက်တဲ့အပြင် သံခြေချင်းပါ ခတ်ပြီး မန္တလေးမြို့ပေါ်က ဘုန်းတော်ကြီးကျောင်းအချို့ကို လိုက်လံပြသစေခဲ့တာမျိုး ရှိတယ်လို့လည်း နီးစပ်သူတွေက ဆိုပါတယ်။

စစ်အုပ်စုဟာ မန္တလေးမြို့မှာ လက်နက်အားကိုးနဲ့ ထင်တိုင်းကျဲ လုယက်၊ သတ်ဖြတ်၊ သောင်းကျန်းနေပြီး သပိတ်လှုပ်ရှားမှုတွေ အပါအဝင် စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို အညှိုးထားပြီး ဥပဒေမဲ့ ဖမ်းဆီး ညှဉ်းပန်းနေတာ ဖြစ်ပါတယ်။

ယခု ၂၀၂၂ အတွင်း မန္တလေးမှာ စစ်အုပ်စုရဲ့ ဥပဒေမဲ့ ဖမ်းဆီးခံထားရတဲ့ သပိတ်လူငယ် (၅၀) ဝန်းကျင် ရှိပြီး အဲ့ဒီ လူငယ်တွေအားလုံးကို စစ်အုပ်စုက ဖမ်းဆီးညှဉ်းပန်းကာ သတင်းအမှောင်ချထားတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

ယခုနှစ်ဆန်းပိုင်းမှာ မန္တလေးမြို့ပေါ် ဖမ်းဆီးခံလိုက်ရတဲ့ သပိတ်လူငယ်နှင့် သံဃာတချို့ကို စစ်အုပ်စုက ညှဉ်းပန်းသတ်ဖြတ်လိုက်ပြီ ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #သပိတ် #သံဃာ #PeopleStrike

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ